သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ အလံသစ်နှင့် ပြည်ပရောက် အစိုးရအလံ ပုံစံတူ


မြန်မာနိုင်ငံ အလံသစ်နှင့် ပြည်ပရောက် အစိုးရအလံ ပုံစံတူ
မြန်မာနိုင်ငံ အလံသစ်နှင့် ပြည်ပရောက် အစိုးရအလံ ပုံစံတူ

အောက်တိုဘာလ ၂၁ ရက်နေ့မှာ မြန်မာစစ်အစိုးရက အတည်ပြု ပြဋ္ဌာန်းပြီး အသစ်ပြောင်းလဲ သုံးစွဲလိုက်တဲ့ နိုင်ငံတော် အလံသစ်ဟာ ပြည်ပမှာ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ (NCGUB) ရဲ့ အလံနဲ့ တပုံစံတည်း ဖြစ်နေလို့ NCGUB ဘက်က အံ့သြနေပါတယ်။ ဒီအလံကို လွန်ခဲ့တဲ့ ၁၉ နှစ်ကတည်းက NCGUB က သုံးစွဲခဲ့တာပါ။ အလံတူနေတဲ့အတွက် နိုင်ငံတော်အလံ အသစ်ကို NCGUB ဘက်က ထောက်ခံသွားမှာ မဟုတ်သလို သူတို့အစိုးရ အဖွဲ့ရဲ့ အလံကိုလည်း ပြောင်းလဲလိုက်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒီအကြောင်း ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။

စစ်အစိုးရက အခု အသစ်သုံးစွဲလိုက်တဲ့ နိုင်ငံတော်အလံမှာ အဝါ၊ အစိမ်းနဲ့ အနီ သုံးရောင်ရှိတဲ့ အလံရဲ့အလယ်မှာ ကြယ်ဖြူကြီးတပွင့် ပါပါတယ်။ အဝေးရောက် ညွန့်ပေါင်းအစိုးရ (NCGUB) ရဲ့ အလံကလည်း အခုအလံအသစ်နဲ့ တပုံစံတည်း ဖြစ်ပါတယ်။ NCGUB ကတော့ သူတို့သာလျှင် ဒီအလံရဲ့ မူလပိုင်ရှင် ဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဦးဘိုလှတင့်က ပြောပါတယ်။

“ကျနော်တို့က မူလပိုင်ရှင်ဖြစ်တယ်။ အမျိုးသား ညွန့်ပေါင်းအစိုးရ စတင်ဖွဲ့စည်းစဉ် အချိန်တုန်းက မာနယ်ပလော ဌာနချုပ်မှာ ပြည်သူ့ကိုယ်စားလှယ်တွေ အားလုံးရဲ့ သဘောတူညီချက်နဲ့ အတည်ပြုခဲ့တာ ၁၉၉၁ ခုနှစ်ကတည်းက ဖြစ်ပါတယ်။”

တကယ်တော့ နိုင်ငံတော် အလံသစ်ကို ဘယ်လိုပုံစံ၊ ဘယ်လိုအရောင် သုံးစွဲမလဲ ဆိုတာကို ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးစွဲနေတဲ့ ကာလမှာကတည်းက ဆွေးနွေးခဲ့ကြတာပါ။ လွှတ်တော်ကနေ အတည်ပြုပြီးမှ အလံသစ်ကို သုံးစွဲလိမ့်မယ်ထင်ပြီး NCGUB ဘက်က ဘာမှ မပြောခဲ့တာလို့ ဦးဘိုလှတင့်က ဆိုပါတယ်။

“တိတိလင်းလင်း သိလာတာကတော့ ရက်ပိုင်းပဲ ရှိပါသေးတယ်။ ကြားနေတာ၊ နားလည်နေတာကတော့ ဒါကို ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆွေးနွေးပွဲတွေမှာ၊ အမျိုးသား ညီလာခံမှာ ဒီကိစ္စတွေကို ဆွေးနွေးတယ်လို့ သိရပါတယ်။ သို့သော်လည်း ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ကိုယ်၌သည်ပင်လျှင် တကယ့်လွှတ်တော် မရှိတဲ့ တိုင်းပြည်မှာ အတည်ပြုချက် မရှိသေးတဲ့ အခါကြတော့ ဒါဟာ အခုလို နအဖကနေပြီးတော့ တရားဥပဒေ ထုံးတမ်းစဉ်လာကို မျက်ကွယ်ပြုပြီးတော့ ဒီလိုလုပ်လိမ့်မယ်လို့ မမျှော်လင့်တဲ့အတွက် ကျနော်တို့က ဘာမှ မပြောခဲ့တာ ဖြစ်ပါတယ်။”

NCGUB ကတော့ ဒီအလံကို နိုင်ငံတော်အလံ အနေနဲ့ မဟုတ်ဘဲ သူတို့ အစိုးရအဖွဲ့ရဲ့ အလံအဖြစ် သုံးစွဲခဲ့တာလို့ ဆိုပါတယ်။

“အဲဒီလို ရွေးချယ်တာက ကျနော်တို့ အစိုးရအဖွဲ့ရဲ့ အလံအနေနဲ့ ရွေးချယ်တာ ဖြစ်ပါတယ်။ ဝါ၊ စိမ်း၊ နီဆိုတာ ကျနော်တို့တိုင်းပြည်ရဲ့ အမျိုးသားရေး လက္ခဏာဖြစ်တယ်။ အမျိုးသားရေး လှုပ်ရှားမှု၊ အမျိုးသားရေး စိတ်ဓာတ်ကို နိုးကြားစေတဲ့ လက္ခဏာ ဖြစ်တယ်။ အလယ်က ကြယ်တပွင့်ကတော့ တခုတည်းသော ပြည်နယ်ပေါင်းစု ပြည်ထောင်စု၊ ဒါမှမဟုတ် ဖက်ဒရယ် ပြည်ထောင်စုနဲ့ ကျနော်တို့ လှုပ်ရှားမှုရဲ့ စုစည်းညီညွတ်မှုကို ဖော်ဆောင်တဲ့ အနေနဲ့ အဲဒီအချိန်တုန်းက ရွေးချယ်ခဲ့တဲ့အလံ ဖြစ်ပါတယ်။”

အခု စစ်အစိုးရက ပြဋ္ဌာန်းလိုက်တဲ့ အလံအသစ်နဲ့ တပုံစံတည်း တူနေပေမဲ့လည်း NCGUB ဘက်ကတော့ ဒီအလံကို နိုင်ငံတော်အလံအဖြစ် အသုံးပြုတာကို သဘောမတူနိုင်ဘူးလို့ ဆိုပါတယ်။

“နိုင်ငံတော်အလံ ဖြစ်စေ၊ နိုင်ငံတော်သီချင်း ဖြစ်စေ၊ နိုင်ငံတော်ရဲ့နာမည် ဖြစ်စေ ပြည်သူလူထုသာလျှင် ထာဝရပိုင်ရှင်၊ မူလပိုင်ရှင် ဖြစ်ပါတယ်။ အဲဒီ ပြည်သူလူထုရဲ့ သဘောထားတွေကို လေးလေးစားစား ကောက်ယူပြီးမှ ဒီလိုပြောင်းချင်တယ် ဆိုတာမျိုးဟာ လုပ်ရတဲ့ အစဉ်အလာ ရှိပါတယ်။ ဒါဟာ ပြည်သူလူထုကို ဦးထိပ်ထားတဲ့ ဒီမိုကရေစီ နိုင်ငံများမှာ လုပ်ရတဲ့ ကျင့်ထုံး ဖြစ်ပါတယ်။ အဲတော့ ပြည်သူ့ဆန္ဒ မပါဘဲနဲ့ လုပ်တဲ့ကိစ္စ မှန်သမျှတော့ ကျနော်တို့နဲ့ တူနေလို့ ဆိုပြီးတော့ ကျနော်တို့ သဘောတူမှာ မဟုတ်ပါဘူး။”

ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ (NCGUB) ဟာ စစ်အစိုးရကို အဓိက ဆန့်ကျင်နေတဲ့ အဖွဲ့အစည်း တခုအဖြစ် သတ်မှတ်ခံထားရတာပါ။ စစ်အစိုးရနဲ့ အလံတူနေလို့ သူတို့အစိုးရအဖွဲ့ရဲ့ အလံကိုတော့ NCGUB က ပြောင်းလဲသုံးစွဲသွားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

XS
SM
MD
LG