သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရသစ် ကျမ်းသစ္စာဆို


အစိုးရသစ် ကျမ်းသစ္စာဆို
အစိုးရသစ် ကျမ်းသစ္စာဆို

ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ အစိုးရအဖွဲ့သစ်ရဲ့ သမ္မတအဖြစ် ရွေးချယ်တင်မြှောက် ခံထားရတဲ့ ဗိုလ်ချုပ်ကြီးဟောင်း သိန်းစိန်ဟာ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။ ဒီလို ကျိန်ဆိုခဲ့ပြီးတဲ့နောက်မှာ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အာဏာအရပ်ရပ်ကို အစိုးရသစ်ကို လွဲှအပ်ကြောင်းနဲ့ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီကို ဖျက်သိမ်းကြောင်း ကြေညာခဲ့ပါတယ်။ တဆက်တည်းမှာပဲ နိုင်ငံတော်သမ္မတက သူ့ရဲ့မိန့်ခွန်းမှာ အစိုးရသစ်က ဆောင်ရွက်မယ့် မူဝါဒတွေကို ထည့်သွင်း ပြောကြားခဲ့သလို တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အသစ် ပြောင်းလဲကြောင်းကိုလည်း ပြည်ထောင်စုလွှတ်တော်မှာ ထုတ်ပြန်ခဲ့ပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို ဒီကနေ့မနက် ၁၁ နာရီလောက်မှာ စတင်ကျင်းပခဲ့ပြီး ၁၅ မိနစ်လောက် အကြာမှာ ဗိုလ်ချုပ်ကြီးဟောင်း သိန်းစိန်က သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့တာပါ။ အဲဒီနောက်မှာတော့ မြန်မာပြည်ကို နှစ်ပေါင်း ၂၀ ကျော်ကြာ အုပ်ချုပ်ခဲ့တဲ့ စစ်ကောင်စီက အာဏာလွဲှအပ်ကြောင်း ကြေညာခဲ့တာ ဖြစ်ပါတယ်။

ဒီကနေ့ ပြည်ထောင်စုလွှတ်တော် အတွင်းမှာ အစိုးရသစ်ကို အာဏာလွဲှပြောင်း ပေးအပ်လိုက်တဲ့ အခြေအနေကိုတော့ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီက လွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က အခုလို ပြောပါတယ်။

“သမ္မတက ၁၁ နာရီ ၁၅ မိနစ်က စပြီး ကျမ်းကျိန်တယ်။ ၁၁ နာရီ ၂၀ လောက်မှာ ပြီးတယ်ဗျ။ နောက် နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီကို ဖျက်သိမ်းကြောင်း ကြေညာတယ်။ ဒီ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ကြေညာချက်ကို ပြည်ထောင်စုလွှတ်တော် နာယကက ဖတ်ပြတာပေါ့ဗျာ။”

ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ကြေညာချက်မှာ ပြည်ထောင်စုအစိုးရ အဖွဲ့ဝင်တွေ ပြည်ထောင်စုလွှတ်တော်မှာ ကတိသစ္စာ ပြုပြီးတဲ့ အချိန်ကစပြီး နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေး ကောင်စီက ကျင့်သုံးနေတဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးဆိုင်ရာ အာဏာတွေကို လွှဲပြောင်း ပေးအပ်လိုက်ကြောင်းလည်း ဖော်ပြထားပါတယ်။ တဆက်တည်းမှာပဲ တိုင်းနဲ့ ပြည်နယ်၊ ခရိုင်နဲ့ မြို့နယ်၊ ရပ်ကွက်နဲ့ ကျေးရွာ အဆင့်ဆင့် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေး ကောင်စီတွေကိုလည်း ဖျက်သိမ်းကြောင်း ကြေညာခဲ့ပါတယ်။

ဒီလို နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေး ကောင်စီကို ဖျက်သိမ်းပြီး အာဏာအရပ်ရပ်ကို အစိုးရသစ်ကို လွဲှအပ်ပေးတဲ့ အခမ်းအနားကိုတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တက်ရောက်တာ မရှိခဲ့ပါဘူး။

ကျမ်းသစ္စာ ကျိန်ဆိုပြီးတဲ့ နောက်မှာတော့ နိုင်ငံတော် သမ္မတက ပြည်ထောင်စုလွှတ်တော်မှာ အစိုးရသစ်ရဲ့ မူဝါဒကို ဖော်ပြတဲ့မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

“သမ္မတ အနေနဲ့ စီးပွားရေးနဲ့ ပတ်သက်လို့ လယ်ယာစိုက်ပျိုးရေးနဲ့ စက်မှုဖွံ့ဖြိုးရေး လုပ်ဖို့၊ ကာကွယ်ရေးနဲ့ ပတ်သက်လို့ တပ်မတော်ကို အင်အားရှိအောင်၊ ကမ္ဘာ့အဆင့်မီအောင် တည်ဆောက်ဖို့၊ နိုင်ငံသားတိုင်း တပ်မတော်မှာ ပါဝင်ဆောင်ရွက်ရမယ်လို့ ပြောပါတယ်။ ကျနော်တို့ နားလည်တာတော့ ဟိုတလောက ပြောတဲ့ စစ်မှုထမ်းရေးကိစ္စ ဖြစ်မယ်ထင်ပါတယ်။ နိုင်ငံသားတိုင်းဟာ တပ်မတော်မှာ ပါဝင်ရမယ် ဆိုတဲ့သဘော ပြောပါတယ်။

“နိုင်ငံရေးနဲ့ ပတ်သက်လို့လည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မကြိုက်တဲ့ ပြည်တွင်း ပြည်ပက အဖွဲ့အစည်းတွေ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ချင်တယ် ဆိုရင်လည်း ဥပဒေနဲ့အညီ ပြင်ဖို့ပဲ ကြိုးစားပါတဲ့။ ဥပဒေနဲ့အညီ ပြင်ဖို့ကြိုးစားတာ ဥပဒေနဲ့ မညီဘူး ဆိုရင်လည်း လိုအပ်တဲ့ တားဆီးပိတ်ပင်မှုတွေ သူတို့ လုပ်ပါမယ်လို့ ပြောပါတယ်။ ခေတ်စနစ်နဲ့ လျော်ညီတဲ့ ဥပဒေတွေ၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးပေါ့ဗျာ၊ အားလုံး လိုအပ်တဲ့ ဥပဒေတွေ သူတို့ ပြင်မယ်လို့လည်း ပြောပါတယ်။”

ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာပဲ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အသစ် ခန့်အပ်ကြောင်း လွှတ်တော်နာယကက ကြေညာခဲ့ပေမဲ့ နာမည်တွေတော့ ထည့်သွင်း မကြေညာခဲ့ဘူးလို့ ဦးဖုန်းမြင့်အောင်က ပြောပါတယ်။

“တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို ပြည်ထောင်စုလွှတ်တော်မှာ လွှတ်တော်နာယကက ရာထူးပဲ ကြေညာတယ်၊ နာမည်တွဲပြီး မကြေညာဘူး။ အဲဒီတော့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို ကျနော်တို့ မြင်ရတာတော့ နာမည်မပါတဲ့ ဗိုလ်ချုပ်ကြီး ၂ ယောက်တွေ့တယ်။

“အဲဒါ သူတို့ ဝင်တွေ့နေတဲ့လူ ပြောတာတော့ ဗိုလ်ချုပ် မင်းအောင်လှိုင်နဲ့ ဗိုလ်ချုပ် စိုးဝင်းဆိုလား မသိဘူး။ သူတို့က နာမည်ထည့် မပြောတော့။ လူသစ် ၂ ယောက်ပေါ့၊ အဲဒါ တွေ့ရပါတယ်။ လူတွေကိုတော့ ရှေ့မှာ မြင်ရပါတယ်။ နာမည်ကိုတော့ မကြေညာပါဘူး။ သူတို့ ကိုယ်ရေးရာဇဝင်ကိုလည်း မပေးပါဘူး။ အဲဒါ ထူးခြားချက် ရှိပါတယ်။”

ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ပြည်ထောင်စု အစိုးရ ဝန်ကြီးတွေလည်း ကျမ်းသစ္စာ ကျိန်ဆိုခဲ့သလို ပြည်နယ်နဲ့ တိုင်းဒေသကြီး အသီးသီးက ပြည်နယ်နဲ့ တိုင်း ဝန်ကြီးချုပ်တွေနဲ့ ဝန်ကြီးတွေလည်း ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြပါတယ်။

“ဒီနေ့တော့ ကျမ်းသစ္စာ ကျိန်ဆိုကြပါတယ်။ ဝန်ကြီးချုပ်ရယ်၊ ပြည်နယ် ဝန်ကြီးတွေရယ်၊ ရှေ့နေချုပ်ရယ်၊ စာရင်းစစ်ချုပ်ရယ်၊ တရားသူကြီးချုပ်ရယ်ပေါ့။ ပြီးတော့ ဝန်ကြီးဌာနနဲ့ လူနဲ့ တွဲပေးတာပေါ့။”

ရခိုင်ပြည်နယ်က လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြတ်ကျော် ပြောသွားတာ ဖြစ်ပါတယ်။

ဒီနေ့ စတင် အသက်ဝင်လာတဲ့ ပြည်ထောင်စု အစိုးရသစ်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အုပ်ချုပ်ရေး အဖွဲ့ဝင်တွေဟာ အရင် စစ်အစိုးရ ဝန်ကြီးဟောင်းတွေ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ စစ်တပ်က ကိုယ်စားလှယ်တွေ အများစု လွှမ်းမိုးထားတာလည်း ဖြစ်ပါတယ်။

ပြည်ထောင်စုလွှတ်တော် အပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် အသီးသီးက အစည်းအဝေးတွေကို မနက်ဖြန်က စတင်ပြီး ရပ်နားမှာ ဖြစ်တာကြောင့် ကိုယ်စားလှယ် အသီးသီးဟာ နေရပ်ပြန်ဖို့ ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။

XS
SM
MD
LG