သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရသစ်မှာ တိုင်းရင်းသားနဲ့ အမျိုးသမီး မပါ


အစိုးရသစ်မှာ တိုင်းရင်းသားနဲ့ အမျိုးသမီး မပါ
အစိုးရသစ်မှာ တိုင်းရင်းသားနဲ့ အမျိုးသမီး မပါ

ပြည်ထောင်စု အစိုးရသစ် ဖွဲ့စည်းဖို့အတွက် နိုင်ငံတော် သမ္မတက ဝန်ကြီးခန့်အပ်မယ့် အမည်စာရင်း တင်သွင်းရာမှာ မကြာမီက စစ်တပ်ကနေ အရပ်ဘက် ပြောင်းထားသူတွေနဲ့ စစ်တပ်က အရာရှိတွေ အများစုဖြစ်ပြီး တိုင်းရင်းသားတွေနဲ့ အမျိုးသမီးတွေ ပါဝင်တာ မတွေ့ရပါဘူး။ ဒီလို မပါဝင်တာကြောင့် ပြည်ထောင်စုဆိုတဲ့ အနှစ်သာရနဲ့ အမျိုးသမီးတွေ အပေါ်မှာ ခွဲခြားဆက်ဆံမှု မရှိဘူးဆိုတဲ့ အဓိပ္ပာယ်တွေဟာ အားနည်းချက်တွေ ရှိနေတယ်လို့ သုံးသပ်ချက်တွေ ထွက်ပေါ်နေပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

မကြာမီ ဖွဲ့စည်းတော့မယ့် ပြည်ထောင်စု အစိုးရသစ်ရဲ့ ဝန်ကြီးဌာန ၃၄ နေရာအတွက် ဝန်ကြီး ၃၀ ရဲ့ အမည်စာရင်းကို မနေ့က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က လွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။ ဒီလို တင်သွင်းလိုက်တဲ့ အမည်စာရင်းမှာ မကြာမီက အရပ်ဘက် ပြောင်းထားတဲ့ စစ်တပ်က ထိပ်တန်း အရာရှိတွေနဲ့ လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ စစ်တပ်က အရာရှိတွေ အများစုဖြစ်ပြီး တိုင်းရင်းသားနဲ့ အမျိုးသမီး အမည်တွေတော့ ပါဝင်တာ မတွေ့ရဘူးလို့ ပြည်ထောင်စုလွှတ်တော်မှာ တက်ရောက်နေတဲ့ ကိုယ်စားလှယ်တွေက ပြောပါတယ်။

ဒီလို မပါဝင်တဲ့အပေါ်မှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဆောင်ဆီက အခုလို ပြောပါတယ်။

“မျှမျှတတ လှပတဲ့ ပုံရိပ်လေး ဖော်ချင်ရင်တော့ ပါသင့်တာပေါ့လေ။ ဒါပေမဲ့လည်း ကျနော်တို့ အနေနဲ့ကတော့ မပါတဲ့ အတွက်လည်း ကျနော်တို့ ရှေ့လုပ်ရမယ့် အလုပ်မှာ အားတွေ မလျော့သွားပါဘူး။ ပုံသဏ္ဌာန်အားဖြင့်တော့ မတင့်တယ်ပေမဲ့ ကျနော်တို့ရဲ့ စိတ်ဓာတ်ပိုင်းကတော့ မကျသွားပါဘူး။”

ပြည်ပရောက် UNLD ခေါ် ပြည်ထောင်စု တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌလည်းဖြစ်၊ ၁၉၉၀ ရွေးကောက်ပွဲမှာ ဖယ်ခုံမြို့နယ်က ရွေးချယ်ခံရတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဦးခွန်မားကိုဘန်ကတော့ သူ့အမြင်ကို အခုလို ပြောပါတယ်။

“ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်လို့ ခေါ်ပေမဲ့ တကယ်တမ်းကျတော့ တပြည်ထောင်စနစ်ပါပဲ။ တပြည်ထောင်စနစ် ဖြစ်တဲ့အပြင်မှာ တကယ် ဖက်ဆစ် စစ်အာဏာရှင်စနစ်လည်း ဖြစ်တယ်။ ဒါကြောင့် ကျနော်တို့ တိုင်းရင်းသား မပါဘူးဆိုတာ ဘာမှ အံ့သြစရာ မရှိဘူး။ သူတို့ပဲ အကုန်လုံး သိမ်းကြုံး နေရာယူမှာပဲ။ သူတို့ တိုင်းရင်းသား အရေးကို ဖော်ဆောင်မှာလည်း မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ နအဖ စစ်အုပ်စုရဲ့ အစိုးရကလည်း ပြည်သူတရပ်လုံးကို ကျွန်ပြုဖို့နဲ့ တိုင်းရင်းသား လူမျိုးစုတွေကို မျိုးဖြုတ်ဖို့အတွက် အစီအစဉ်ရှိရှိနဲ့ သူတို့ လုပ်ဆောင်သွားမယ်လို့ ကျနော် အဲဒီလိုပဲ မြင်ပါတယ်။”

လက်ရှိဖြစ်ပေါ်လာမယ့် အစိုးရကလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ရုပ်သေးအစိုးရပဲ ဖြစ်မယ်လို့ ဦးခွန်မားကိုဘန်က ဆက်ပြောပါတယ်။

ဝန်ကြီးခန့်အပ်မယ့် စာရင်းမှာ အမျိုးသမီးအမည် မပါတဲ့ အပေါ်မှာတော့ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီက အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က အခုလို သုံးသပ်ပါတယ်။

“အမျိုးသမီးတွေ အနေနဲ့ အရင်ကထက်စာရင် နိုင်ငံရေးမှာ ပိုပြီးတော့ ပါဝင် ပတ်သက်လာတာတွေ များတယ်ပေါ့။ များတယ်ဆိုတာ လွှတ်တော်ကိုယ်စားလှယ် နေရာ၊ အရင်တုန်းက ၁၀ နေရာကျော်ကျော်လား မသိဘူး။ အခုကျတော့ ၂၂ နေရာတောင် ရတယ်လေ၊ အမျိုးသမီးတွေက။

“ဝန်ကြီးရာထူးထဲမှာ အမျိုးသမီး မပါတာက အမျိုးသားတွေနဲ့ လောလောဆယ် လက်ရှိ ထမ်းဆောင်နေတဲ့ လူတွေကတော့ လုပ်ငန်းမှာ ဖြစ်တည်ဆဲပေါ့၊ အဲတော့ သူတို့က ပိုပြီးတော့ အံဝင်ခွင်ကျနဲ့ အမျိုးသမီးတယောက်ကို ထည့်လိုက်တာထက် သူတို့က ပိုပြီးတော့ ဆောင်ရွက်နိုင်မယ့်၊ ကျွမ်းကျွမ်းကျင်ကျင် တာဝန်ယူနိုင်မယ့် အနေအထား ရှိတယ်။ အမျိုးသမီးတွေထဲကတော့ ကိုယ်စားလှယ်တွေ ပါတာတော့ ပါတယ်လေ။ ဒါပေမဲ့ အဲဒီလောက်ကြီး အထိတော့ အခု လောလောဆယ်မှာ အဲဒီလောက် တာဝန်ယူနိုင်ဖို့အကြောင်း သိပ်ပြီးတော့ သဟဇာတ မဖြစ်လှသေးဘူးလို့ ထင်တယ်လေ။”

ဒေါ်ခင်ဝိုင်းကြည်က ဝန်ကြီးနေရာတွေမှာ အမျိုးသမီးတွေ မခန့်ထားပေမဲ့ တခြား အရေးပါတဲ့ ရေးရာဌာနတွေမှာ အမျိုးသမီးတွေကို သင့်တော်သလို ဆက်လက်ခန့်ထားမယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

အမျိုးသမီးရေး ဆောင်ရွက်နေတဲ့ ပြည်ပအခြေစိုက် အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) ရဲ့ အထွေထွေ အတွင်းရေးမှူး ဒေါ်တင်တင်ညိုကတော့ အရင်အစိုးရတွေ အနေနဲ့ အမျိုးသမီးတွေကို နိုင်ငံရေးမှာ နေရာမပေးခဲ့သလို အသစ်ဖွဲ့စည်းလာမယ့် အစိုးရမှာလည်း အစီအစဉ် မရှိသေးဘူးဆိုတာ ပြသနေတာ ဖြစ်တယ်လို့ ပြောပါတယ်။

“အမျိုးသမီးတွေရဲ့ ပါဝင်မှုပေါ့၊ နိုင်ငံရေးအရ ပါဝင်လာမယ့် အနေအထား တခုကို လက်ရှိ တာဝန်ယူ အုပ်ချုပ်နေတဲ့ အစိုးရက လိုက်ပြီးတော့ လုပ်ဆောင်ပေးတာမျိုးတွေ မရှိဘူး။ အထူးသဖြင့်တော့ အမျိုးသမီးတွေက ဦးဆောင်မှု အပိုင်းမှာ ပါလာရမယ်ဆိုတဲ့ အနေအထားမျိုး တခုကို သူတို့ အနေနဲ့က စဉ်းစားထားချက်မှာ မပါခဲ့ဘူး။ ဘယ်တုန်းကမှလည်း မပါခဲ့ဘူးဆိုတဲ့ အနေအထားမျိုး ဖြစ်တယ်။ အဲဒီအပိုင်းလည်းပဲ သူတို့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲခဲ့တယ်။

“အခုအချိန်မှာလည်း ဝန်ကြီးစာရင်းထဲမှာ အမျိုးသမီးတွေ မပါလာဘူး ဆိုတာက အမျိုးသမီးတွေ ကိုယ်တိုင်က အရည်အချင်း မရှိလို့ မဟုတ်ဘဲနဲ့ အစိုးရကနေပြီးတော့ အမျိုးသမီးတွေ ပါရမယ်ဆိုတဲ့ ပုံစံမျိုးတခုဖြစ်အောင် လုပ်ဆောင်ပေးတဲ့ အနေအထားမျိုး မရှိသလို ဆက်ပြီးတော့ လုပ်ဆောင်သွားမယ် ဆိုတဲ့ ပုံစံမျိုးကလည်း မရှိဘူးဆိုတာ အရမ်းကို ပေါ်လွင်ပါတယ်။”

နိုင်ငံတော် သမ္မတက အမည်စာရင်း တင်သွင်းထားတဲ့ ဝန်ကြီးတွေကို မနက်ဖြန်မှာ ပြည်ထောင်စုလွှတ်တော်က အတည်ပြုမှာ ဖြစ်ပါတယ်။ အမည်စာရင်း တင်သွင်းခံရသူ တဦးဦးကို ကန့်ကွက်မယ်ဆိုရင် ခိုင်လုံတဲ့ အထောက်အထားနဲ့ ကန့်ကွက်ရမှာ ဖြစ်ပါတယ်။ ဒီလို အမည်စာရင်း တင်သွင်းတာနဲ့ အတည်ပြုတာဟာ တရက်ပဲခြားတာ ဖြစ်တဲ့အတွက် ကန့်ကွက်မယ် ဆိုရင်တောင် အထောက်အထားရှာဖို့ အခက်အခဲ ရှိနေတယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် တချို့က ပြောကြပါတယ်။

XS
SM
MD
LG