သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဌာနဆိုင်ရာသတင်း အတည်ပြုချက်ရရေး ပိုခက်ခဲ


ဌာနဆိုင်ရာသတင်း အတည်ပြုချက်ရရေး ပိုခက်ခဲ
ဌာနဆိုင်ရာသတင်း အတည်ပြုချက်ရရေး ပိုခက်ခဲ

မြန်မာနိုင်ငံတွင်းက အစိုးရ ဌာနဆိုင်ရာ သတင်းတွေ ရေးသားဖို့အတွက် စစ်အစိုးရ လက်ထက်ကထက် သတင်းယူဖို့ ပိုပြီး ခက်ခဲလာနေပါတယ်။ သက်ဆိုင်ရာ ဌာနအတွင်း သတင်းထောက်တွေကို ကန့်သတ် စိစစ်မှုတွေ ပိုများလာသလို အချက်အလက် အမှန်ရဖို့အတွက် တာဝန်ခံ ပြောပေးမယ့်သူ မရှိတာမျိုးတွေဟာ ဒီလပိုင်းတွေအတွင်း အခြေအနေ ပိုဆိုးပြီး ခက်ခဲလာနေတယ်လို့ သတင်းသမားတွေက သုံးသပ်ပါတယ်။ အပြည့်အစုံကို ဆက်သွယ် မေးမြန်းထားတဲ့ မသင်းသီရိက တင်ပြပေးထားပါတယ်။

အစိုးရ ဝန်ကြီးဌာနတွေအတွင်း သတင်းအချက်အလက်ယူဖို့ ကြိုးစားကြရာမှာ အရင် စစ်အစိုးရ လက်ထက်ကထက် အခု အရပ်သားအစိုးရ ပြောင်းအပြီးမှာ ပိုပြီး ခက်ခဲလာတယ်လို့ သတင်းထောက်တွေက ပြောကြပါတယ်။ အရပ်သားအစိုးရ ပြောင်းအပြီး အခုနောက်ပိုင်း စာပေစိစစ်ရေးက ဖြတ်တောက်မှု နည်းလာတာ၊ တချို့ ကန့်သတ်ပိတ်ပင်ထားတဲ့ သတင်းတချို့ ရေးသားဖော်ပြခွင့် ပေးလာတာတွေ ရှိလာပေမဲ့ တဘက်က အစိုးရ ဌာနဆိုင်ရာတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ထုတ်ပြန်ဖို့အတွက် ပိုပြီး ကန့်သတ် ထိန်းချုပ်ထားတာမျိုးတွေ တွေ့လာရတယ်လို့ ပြည်တွင်း သတင်းထောက်တဦးက ပြောပါတယ်။

“ဌာနဆိုင်ရာတွေဆီမှာ ကျနော်တို့တွေ သတင်းသွားယူတဲ့ အခါမျိုးမှာ စိစစ်မှုတွေ ပိုများလာတယ်။ ကျနော်တို့ ဖြတ်ကျော်ရတဲ့ အဆင့်တွေလည်း တော်တော်လေး များလာသလို နောက်တခုက တရားဝင် Legally ပြောပေးမယ့်သူက တချို့တွေကျတော့ ဟိုခေါင်းရှောင်လိုက်၊ ဟိုလွှဲလိုက်၊ ဒီလွှဲလိုက်နဲ့၊ အချက်အလက် အမှန်ရဖို့ အခက်အခဲတွေ တော်တော်လေး ရှိတယ်။

“လက်ရှိ လိုက်နေတဲ့ အခြေအနေနဲ့ ပြောရရင်တော့ ပိုဆိုးလာတယ်လို့ ပြောလို့ရမယ်ဗျ။ အရင်ကဆို ဒီလိုသတင်းတပုဒ်ကို မရေးချင်ဘူးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ မလွတ်နိုင်ဘူးထင်လို့ မရေးချင်တာ။ အဲဒီလို သတင်းမျိုးတွေက အခုနောက်ပိုင်း နည်းနည်းလေး လွတ်လွတ်လာတယ်။ လွတ်လာတော့ ရေးလို့တော့ နည်းနည်းလေး ရလာတယ်။ သတင်းလွတ်လပ်ခွင့်လေးတွေ တဘက်က ပေးသလို တဘက်ကလည်း သူတို့ဘက်ကို ဝန်ထမ်းဥပဒေအရ ပြန်တင်းကျပ်တဲ့ အခြေအနေမျိုးတွေ ရှိနိုင်တယ်လို့တော့ သုံးသပ်မိတယ်ခင်ဗျ။”

နိုင်ငံတော် လျှို့ဝှက်ချက်များ မပေါက်ကြားရေး ဥပဒေ ဆိုတာနဲ့ သတင်းအချက်အလက်တွေ ပေးလို့မရပါဘူးလို့ အစိုးရ ဝန်ကြီးဌာနတွေက ပြောပေမဲ့ နိုင်ငံတော် လျှို့ဝှက်ချက် မဟုတ်တဲ့ သတင်းမျိုးတွေကိုလည်း ဒီဥပဒေ ထောက်ပြပြီး သတင်း အတည်မပြုတာတွေကို ကြုံနေရတယ်လို့ ပြောပါတယ်။

“အဓိက သူတို့ မပြောရဲတာ၊ သူတို့ များသောအားဖြင့် ကြောက်တာ နိုင်ငံတော် လျှို့ဝှက်ချက်များ မပေါက်ကြားရေး ဥပဒေဆိုတာ၊ အဲဒီလိုမျိုး ကြောက်တဲ့အတွက် ဘာဖြစ်လဲဆိုတော့ တချို့သတင်းတွေမှာဆိုရင် ဘာမှ နိုင်ငံတော် လျှို့ဝှက်ချက်နဲ့လည်း မဆိုင်ဘူး၊ ပြည်သူတွေလည်း တကယ်သိသင့်တဲ့ သတင်းမျိုးတွေတောင်မှ သူတို့ဘက်က ထုတ်ပြန်မပေးရဲတဲ့ အခြေအနေမျိုး ရှိလာတယ်။

“နောက်တချက်က အဲဒီလိုမျိုး အချက်အလက် အမှန်မရတဲ့အတွက် စာဖတ်သူကို အချက်အလက်အမှန် ရေးဖို့ နေရာမှာလည်း နည်းနည်းလေး အခက်အခဲ ရှိလာတယ်။ တရားဝင် ပြောပြပေးမယ့်လူ၊ သတင်းအချက်အလက် မှန်မှန်ကို တရားဝင် ပြောပြတဲ့လူ ဌာနဆိုင်ရာတွေထဲမှာ နည်းနည်းလာတယ်။ သူတို့တွေ ပြောပြဖို့ကို ကြောက်ကြောက်လာကြတယ်။ ဘာလို့ကြောက်လဲဆိုတဲ့ အကြောင်းရင်းကတော့ မသိဘူး။ ဒါပေမဲ့ အရင်ထက် စာရင်တော့ ဌာနဆိုင်ရာတွေ ပြောပြတာတွေက အရင်လောက် သိပ်ပြီးတော့ ပြောရဲဆိုရဲ မရှိတော့တဲ့ အခြေအနေမျိုးတွေ ရောက်လာပါတယ်။”

ဒီလို အစိုးရဌာနတွေက တရားဝင် တာဝန်ခံပြီး ပြောပြပေးမယ့်သူ မရှိတဲ့အတွက် သတင်းသမားတွေအဖို့ သတင်းအချက်အလက် အားနည်းတာမျိုးတွေနဲ့အတူ စာဖတ်သူကို ပြည့်ပြည့်စုံစုံ ပြောပြ ရေးပြဖို့ ခက်ခဲလာတယ်လို့လည်း ဆိုပါတယ်။

“ကျနော်တို့မှာလည်း Deadline နဲ့ စာကို ရေးရတယ်၊ သတင်းလိုက်ရတဲ့အတွက် တချို့ သတင်း အချက်အလက်ပိုင်းကျတော့ တရားဝင် ပြောပြနိုင်မယ့်သူ မဟုတ်ပေမဲ့ နီးစပ်ရာ အဲဒီ Field ထဲက လူတွေဆီကနေ မေးမြန်းပြီး ရေးတဲ့အခါမျိုးမှာ တချို့ သတင်းအချက်အလက်တွေမှာ အမှားအနည်းငယ် ပါလာတာတွေ၊ အမှားလုံးလုံး ပါလာတာတွေ ရှိတယ်။”

ပြည်တွင်းသတင်းထောက် တဦးက အစိုးရ ဌာနဆိုင်ရာ သတင်းတွေကို ယူဖို့ အရင် စစ်အစိုးရ လက်ထက်ကထက်ကို ပိုပြီး အခက်အခဲ ကြုံနေရတဲ့အကြောင်း သူ့အတွေ့အကြုံတွေကို ရှင်းပြခဲ့တာပါ။

ဒီလို အစိုးရဌာန သတင်းတွေမက အမှုအခင်းဆိုင်ရာ သတင်းတွေကို ရေးကြဖို့မှာလည်း အခက်အခဲ ကြုံနေရတယ်လို့ ပြောပါတယ်။ အမှုအခင်းဆိုင်ရာ သတင်းတွေကို ရေးဖို့အတွက် ရဲစခန်းတွေက အတည်ပြုပေးတဲ့ ပနံပါတ် တောင်းပြီးမှ သတင်းတင်ကြရတာမို့ အမှုကြီးရင် ပနံပါတ်တွေကို ရဲစခန်းတွေက ထုတ်မပေးတာမျိုးတွေလည်း ရှိနေတယ်လို့ ပြောပါတယ်။

ဒီလို အခြေအနေတွေအပြင် ပြီးခဲ့တဲ့ အင်္ဂါနေ့က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဝန်ကြီးတဦးနဲ့ အထွေထွေ အုပ်ချုပ်ရေးမှူးတို့ဟာ ရန်ကုန်အခြေစိုက် သတင်းသမားတွေကို တွေ့ဆုံတဲ့အခါ နိုင်ငံရေးဆိုင်ရာ သတင်းတွေ မပြောပြခဲ့သလို အစိုးရကို ထိခိုက်တဲ့ အရေးအသားမျိုး မရှိရင် လွတ်လပ်စွာ ရေးနိုင်တယ်လို့ ပြောခဲ့ပါတယ်။

မြန်မာအစိုးရ သမ္မတ ဦးသိန်းစိန်ရဲ့ ပထမဆုံး နိုင်ငံတော် မိန့်ခွန်းထဲမှာ စတုတ္ထမဏ္ဍိုင်လို့ ခေါ်တဲ့ သတင်းမီဒီယာရဲ့ အခန်းကဏ္ဍဟာ နိုင်ငံအတွက် အရေးကြီးတာမို့ သတင်းနဲ့ စာနယ်ဇင်း ကဏ္ဍကို အလေးထားဖို့ လိုတယ်လို့ ပြောခဲ့ပေမဲ့ ဒီနေ့ထိတော့ ထင်သာမြင်သာရှိတဲ့ သတင်းလွတ်လပ်ခွင့်မျိုး မြန်မာနိုင်ငံတွင်းမှာ မရှိသေးဘူးလို့ သတင်းသမားတွေက သုံးသပ်ကြပါတယ်။

XS
SM
MD
LG