သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုန်သွယ်ရေးကောင်စီ အစိုးရသစ် ဖျက်သိမ်း


ကုန်သွယ်ရေးကောင်စီ အစိုးရသစ် ဖျက်သိမ်း
ကုန်သွယ်ရေးကောင်စီ အစိုးရသစ် ဖျက်သိမ်း

မြန်မာ့ကုန်သွယ်ရေး လောကကို ဆယ်စုနှစ်နဲ့ချီ ကြီးကြပ်တဲ့ ကုန်သွယ်မှု ကောင်စီကို အစိုးရသစ် ဖွဲ့စည်းပြီး လပိုင်းအတွင်းမှာပဲ ဖျက်သိမ်းလိုက်တဲ့အပေါ် စီးပွားရေးလောက အသိုင်းအဝိုင်းက ပြုပြင်ပြောင်းလဲမှု တခုအဖြစ် မြင်ကြပါတယ်။ မြန်မာ့ကုန်သွယ်ရေးလောက အတွက်တော့ အခုထက်ပိုပြီး ပြုပြင်ပြောင်းလဲစရာတွေ ရှိသေးတယ်လို့လည်း ဝေဖန်ကြပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

မြန်မာ့စီးပွားရေးလောက သွင်းကုန် ထုတ်ကုန် ခွင့်ပြုမိန့်တွေနဲ့ နိုင်ငံခြားဖက်စပ် ရင်းနှီးမြှုပ်နှံမှုတွေကို စစ်ဗိုလ်ချုပ်ကြီးတွေ ဥက္ကဋ္ဌအဖြစ် လုပ်ဆောင်ပြီး ၁၄ နှစ်ကြာ ထိန်းချုပ်ခဲ့တဲ့ ကုန်သွယ်မှု မူဝါဒကောင်စီကို ဒီလထဲမှာပဲ ဖျက်သိမ်းလိုက်ပါတယ်။ ဒီမတိုင်ခင်က ပို့ကုန်သွင်းကုန်လုပ်ငန်း လုပ်ကိုင်ခွင့် ပါမစ်ရဖို့ သီတင်း ၂ ပတ်လောက်အထိ စောင့်ဆိုင်းခဲ့ကြရတာကနေ အခုချိန်မှာတော့ ခွင့်ပြုမိန့်ရဖို့ သီတင်း ၁ ပတ်လောက်ပဲ စောင့်ဆိုင်းရတော့တယ်လို့ ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင် အသိုင်းအဝိုင်းက ပြောပါတယ်။

ဒါ့အပြင် အရင်က နိုင်ငံခြားဖက်စပ် လုပ်ငန်းတွေမှာလည်း ပြည်တွင်းမှာ လုပ်ကိုင်ခွင့်ရဖို့အရေး ကုန်သွယ်မှု မူဝါဒကောင်စီက နှစ်နဲ့ချီပြီး စဉ်းစား ဆုံးဖြတ်ကြတယ်လို့လည်း ဆိုပါတယ်။ အခုလို ကုန်သွယ်မှု မူဝါဒကောင်စီကို ဖျက်သိမ်းလိုက်တာကိုတော့ အပြုသဘောဆောင်တဲ့ ပြုပြင်ပြောင်းလဲမှုအဖြစ် စီးပွားရေး ပညာရှင်တဦးဖြစ်တဲ့ ဦးခင်မောင်ညိုက သုံးသပ်ပါတယ်။

“လုပ်ငန်းစဉ်တွေ များတယ်၊ စုပြီး တင်ရတယ်။ အခုကတော့ လုပ်ပိုင်ခွင့်ကို ဖြေလျှော့ပေးလိုက်တဲ့ သဘောပေါ့။ ဝန်ကြီးအဆင့်မှာ လုပ်ခွင့်ပေးတယ်၊ ဝန်ကြီးက ဆုံးဖြတ်။ ဝန်ကြီးကလည်း စည်းမျဉ်းစည်းကမ်းနဲ့ အညီ သူလုပ်မှာပေါ့လေ။ သူ့သဘောနဲ့သူ ဒီအတိုင်းတော့ လုပ်မှာမဟုတ်ပါဘူး။ ဒါ ပထမဆုံး မြင်ရတဲ့ Positive ပေါ့၊ အပြုသဘောဆောင်တဲ့ အပြောင်းအလဲလို့ပဲ မြင်ပါတယ်။”

ဒါပေမဲ့ လက်ရှိ မြန်မာ့စီးပွားရေး လောကမှာ အခွန်အကောက်၊ ဘဏ်စနစ်၊ လုပ်ငန်းထူထောင် လုပ်ကိုင်ခွင့်၊ ဈေးကွက်၊ သယ်ယူပို့ဆောင်ရေး စတဲ့ နယ်ပယ်တွေမှာလည်း ပြုပြင် ပြောင်းလဲစရာတွေကတော့ တပုံတပင် ကျန်သေးတယ်လို့လည်း စီးပွားရေး လောကက ပြောကြပါတယ်။ အခုလို ကုန်သွယ်မှု မူဝါဒကောင်စီကို ဖျက်သိမ်းလိုက်တာ တခုတည်းနဲ့တော့ မြန်မာ့စီးပွားရေးလောက အလုံးစုံ ကောင်းမွန်သွားတာတော့ မဟုတ်ဘူးလို့လည်း ဦးခင်မောင်ညိုက ပြောပါတယ်။

“ဒါတခုတည်းနဲ့တော့ မပြီးသေးဘူးလေ။ ဒီဟာရဲ့ ဂယက်ရိုက်ခတ်မှုက အတိုင်းအတာ တခုအထိတော့ ရှိမှာပေါ့။ ဘယ်လောက်လဲ ဆိုတာတော့ မပြောတတ်ပါဘူး။ ဒါပေမဲ့ နောက်ထပ် လာဦးမယ်။”

အခု ဖျက်သိမ်းလိုက်တဲ့ ကုန်သွယ်မှု မူဝါဒကောင်စီကို ၁၉၉၇ ခုနှစ်က စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပြီးတော့ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးက ဥက္ကဋ္ဌအဖြစ် ၂၀၀၇ ခုနှစ်အထိ တာဝန်ယူ လုပ်ဆောင်ခဲ့တာပါ။ ၂၀၀၇ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးက ဥက္ကဋ္ဌအဖြစ် တာဝန်ဆက်ပြီး ယူခဲ့ပါတယ်။ ဒီကောင်စီမှာ ဝန်ကြီးဌာန ၁၇ ခုက ဝန်ကြီးတွေက အဖွဲ့ဝင်တွေအဖြစ် ပါဝင်ပြီး သွင်းကုန်ထုတ်ကုန် လုပ်ငန်းတွေနဲ့ နိုင်ငံခြားဖက်စပ် လုပ်ငန်းတွေကို ၁၄ နှစ်ကြာ ကြီးကြပ်ခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG