သုံးရလွယ်ကူစေသည့် Link များ

လွှတ်တော်ထဲ အပြန်အလှန် မေးခွန်းထုတ်ဖို့ ကိုယ်စားလှယ်တွေ ပြင်ဆင်


လွှတ်တော်ထဲ အပြန်အလှန် မေးခွန်းထုတ်ဖို့ ကိုယ်စားလှယ်တွေ ပြင်ဆင်

မြန်မာနိုင်ငံမှာ ဇန်န၀ါရီလ ၃၁ ရက်နေ့က စတင်ကျင်းပနေတဲ့ လွှတ်တော်ထဲမှာ အစိုးရသစ်အတွင်း မူဝါဒ ချမှတ် လုပ်ဆောင်မှုတွေကို ဝေဖန် ဆွေးနွေးဖို့အတွက် လွှတ်တော်အမတ်တွေ ပြင်ဆင်နေကြပါတယ်။ လွှတ်တော်အမတ်တွေက အစိုးရကို မေးမြန်းချင်တာတွေကို လွှတ်တော် သဘာပတိဆီ တင်ပြပြီး သဘာပတိက မေးမြန်းခွင့်ပြုတာတွေကိုပဲ မေးမြန်းကြရမှာ ဖြစ်ပါတယ်။ အဲဒီလို အစိုးရသစ်ရဲ့ မူဝါဒကို ဆွေးနွေးဖို့ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်က အမတ်တွေ ပြင်ဆင်နေတဲ့ အချိန်မှာ ပြည်နယ်လွှတ်တော်တွေကတော့ အစိုးရသစ် ဖွဲ့အပြီး ပြန်လည်စတင်မယ့် ပြည်နယ်လွှတ်တော် အစည်းအဝေးတွေကို စောင့်ဆိုင်းနေကြပါတယ်။ ဒီအကြောင်း အသေးစိတ်ကို ဆက်သွယ် မေးမြန်းထားတဲ့ မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

လာမယ့် အင်္ဂါနေ့မှာ ဖွဲ့စည်းမယ့် အစိုးရသစ်အတွင်း မူဝါဒ ချမှတ်လုပ်ဆောင်နေမှုတွေကို လွှတ်တော်အမတ်တွေက ထောက်ပြဝေဖန် ဆွေးနွေးဖို့အတွက် ကြိုတင် ပြင်ဆင်နေကြပါတယ်။ မေးခွန်းတွေကို သက်ဆိုင်ရာ လွှတ်တော် သဘာပတိဆီကို ကြိုတင် တင်ပြထားကြရမှာဖြစ်ပြီး သဘာပတိက ခွင့်ပြုတဲ့ မေးခွန်းတွေကိုပဲ အစိုးရအဖွဲ့က တာဝန်ရှိသူတွေကို မေးမြန်းခွင့်ရမှာ ဖြစ်ပါတယ်။ အမျိုးသားလွှတ်တော်အမတ် ဦးဖုန်းမြင့်အောင်က အခုလို ပြောပါတယ်။

“အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ကျနော်တို့ကို ဟိုတနေ့က ပြောတယ်၊ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ပြောတာ။ ခင်ဗျားတို့ဘက်က မေးခွန်းမေးစရာတွေရှိရင် အခု ကြိုပြီး ပေးထားနော်တဲ့၊ နောက် ၁၀ ရက်လောက်ဆို အစိုးရအဖွဲ့ ပေါ်တော့မယ်တဲ့၊ အစိုးရအဖွဲ့ ပေါ်တဲ့အခါ ခင်ဗျားတို့ မေးထားတဲ့ မေးခွန်းတွေနဲ့ သက်ဆိုင်တဲ့လူကို ကျနော်တို့ ခေါ်ထားပေးမယ်တဲ့။ အဲတော့ မေးစရာရှိတာ မေးဖို့ ကျနော်တို့ အခု အချက်အလက် စုနေတာပေါ့ဗျာ။”

အခုတော့ လွှတ်တော်အမတ်တွေက အစိုးရအဖွဲ့တွင်း မူဝါဒတွေနဲ့ ပတ်သက်ပြီး ဝေဖန်ထောက်ပြ ပြင်ဆင်နိုင်ဖို့ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း မေးခွန်းတွေကို လွှတ်တော် သဘာပတိထံကို ၁၀ ရက် ကြိုတင် အကြောင်းကြားဖို့ ညွှန်ကြားထားတာ ဖြစ်သလို ဒါကို သဘာပတိက ပယ်ချခွင့်လည်း ရှိပါတယ်။ ဆွေးနွေးမေးမြန်းခွင့်ရတဲ့ မူဝါဒတွေကို ပြင်ဆင်ခွင့် ရဖို့ကတော့ လွှတ်တော်တွင်း မဲခွဲ ဆုံးဖြတ်ရာမှာ အင်အားမညီမျှမှုကြောင့် လွယ်ကူမှာ မဟုတ်ဘူးလို့လည်း လွှတ်တော်အမတ်တွေက ပြောဆိုကြပါတယ်။ လက်ရှိ လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်မှု အနေအထားကို ဦးဖုန်းမြင့်အောင် ပြောပြတာကတော့…

“မဲခွဲတော့လည်း ကိုယ့်လူက နည်းတော့ ကိုယ့်လူမဲပဲ ရတာပေါ့ဗျာ။ ဒုတိယသမ္မတ ရွေးပွဲမှာတုန်းက၊ တပ်မတော် ကိုယ်စားလှယ် မပါဘူးပေါ့၊ အဲဒီမှာလည်း ကျနော်တို့ ဒီမိုကရက်တစ် အင်အားစုက ၃၀ လောက်ပဲ ရှိတယ်။ သူတို့အဖွဲ့က ၁၄၀ လောက် ရှိသွားတယ်။ အဲဒီတော့ မဲခွဲတော့လည်း ၁၄၀၊ ၂၇ မဲ၊ အဲဒီလောက်ပါပဲ။ သူ့လူက သူ့ရှိသလောက် မဲရတယ်၊ ကိုယ့်လူကလည်း ကိုယ့်လူရှိသလောက်ပဲ မဲရတယ်။ မဲပေးတာနဲ့ ပတ်သက်လို့ကတော့ မဲခွဲတိုင်းတော့ ခံနေရမှာပေါ့ဗျာ။”

အစိုးရ အဖွဲ့သစ်ကိုတော့ လက်ရှိသမ္မတအဖြစ် ရွေးချယ်ခံထားရတဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်က ဖွဲ့စည်းမှာ ဖြစ်ပါတယ်။ ပြည်ထောင်စုအစိုးရ ဖွဲ့စည်းပြီးနောက် သမ္မတကပဲ ပြည်နယ်နဲ့ တိုင်းဒေသကြီး ၀န်ကြီးချုပ်တွေကို ရွေးချယ် တင်မြှောက်မှာ ဖြစ်ပါတယ်။ ဇန်န၀ါရီလ ၃၁ ရက်နေ့က လွှတ်တော်သဘာပတိ ရွေးချယ်ပြီးနောက် ရပ်နားထားတဲ့ ပြည်နယ်လွှတ်တော်တွေမှာ တိုင်းရင်းသား ပါတီတွေက လွှတ်တော်အမတ်တွေ ပြည်နယ်ဝန်ကြီးချုပ် ဖြစ်နိုင်တဲ့ အလားအလာပေါ်မှာတော့ ရှမ်းပြည်နယ် လွှတ်တော်အမတ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက အခုလို ပြောပါတယ်။

“ပြောရတော့ ခက်တယ်ဗျ။ အမှန် ကျနော်တို့ မျှော်မှန်းထားတာ တိုင်းရင်းသားထဲက ဒု-သမ္မတ တယောက် ဖြစ်ဖို့ဆိုတာတော့ ကျနော်တို့ မျှော်မှန်းသလိုတော့ ဖြစ်လာတယ်ပေါ့ဗျာ။ ပြည်နယ်မှာ တိုင်းရင်းသား ပါတီတွေထဲက ၀န်ကြီးချုပ် ဖြစ်ဖို့ဆိုတဲ့ဟာတော့ ကျနော်တို့ကတော့ မျှော်တော့ မျှော်လင့်တာပေါ့ဗျာ။ ဖြစ်မလား၊ မဖြစ်ဘူးလား ဆိုတာတော့ ပြောလို့မရဘူး။ ၀န်ကြီးချုပ်ကို သမ္မတက အဆိုတင်သွင်းမှာကိုး။ ပြည်နယ်လွှတ်တော်ရဲ့ သဘောတူညီချက် ယူရမှာ။ အဓိကကတော့ သမ္မတပါပဲ။ ကျနော်တို့ပါတီ အနေနဲ့က ရှမ်းပြည်နယ် လွှတ်တော်မှာ ၃၁ ဦးပဲ နိုင်တာကိုး။ ပြည်ခိုင်ဖြိုးက ၅၄ ဦး နိုင်တာကိုး။ ကျနော်တို့က ဒုတိယနေရာပဲ ရတာပေါ့။”

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ကျင်းပခဲ့တဲ့ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်ကနေ လွှတ်တော်သဘာပတိ၊ ဒုတိယသမ္မတနဲ့ သမ္မတ ရာထူးတွေကို လွှတ်တော် ၂ ရပ်ထဲမှာ ကိုယ်စားလှယ်နေရာ ၃၈၈ နေရာ ရထားတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အမတ်တွေနဲ့ စစ်တပ် ကိုယ်စားလှယ်တွေကသာ ရရှိခဲ့တာဖြစ်ပြီး ပြည်နယ် သဘာပတိ ရွေးကောက် တင်မြှောက်မှုတွေမှာလည်း ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကပဲ အသာစီး ရရှိနေတာ ဖြစ်ပါတယ်။

ဒါကြောင့် ပေါ်လာမယ့် အစိုးရရဲ့ မူဝါဒတွေကို ပြင်ဆင်နိုင်ရေးနဲ့ ပြည်ထောင်စုနဲ့ ပြည်နယ်အစိုးရ အဖွဲ့တွေမှာ လူနည်းစု အနိုင်ရ နိုင်ငံရေးပါတီတွေနဲ့ တိုင်းရင်းသား ပါတီတွေရဲ့ အခန်းကဏ္ဍဟာ ကျယ်ကျယ်ပြန့်ပြန့် ရနိုင်မယ့် အခြေအနေ ရှိမရှိ ဆိုတာကတော့ မသေချာဘူးလို့လည်း လွှတ်တော်အမတ်တွေက ပြောကြားနေကြပါတယ်။

XS
SM
MD
LG