သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွှတ်တော်ကျင်းပရေး ဥပဒေစာအုပ်တွေ ထုတ်ဝေ


လွှတ်တော်ကျင်းပရေး ဥပဒေစာအုပ်တွေ ထုတ်ဝေ
လွှတ်တော်ကျင်းပရေး ဥပဒေစာအုပ်တွေ ထုတ်ဝေ

မြန်မာနိုင်ငံမှာ ဒီလကုန်ကျရင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်လွှတ်တော်တွေကို ခေါ်ယူတော့မှာမို့ လွှတ်တော် ခေါ်ယူရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ စာအုပ် ၁၇ မျိုးကို စစ်အစိုးရက ပုံနှိပ်ထုတ်ေ၀ ဖြန့်ချိလိုက်ပါတယ်။ ဒီဥပဒေတွေဟာ အရင် ဖွဲ့စည်းပုံအရ ပြဋ္ဌာန်းခဲ့တဲ့ လွှတ်တော်ခေါ်ယူရေး ဥပဒေတွေနဲ့ မတူဘူးလို့ ဥပဒေ ပညာရှင်တွေက သုံးသပ်ပါတယ်။ မကြာခင် ဖြစ်လာတော့မယ့် အစိုးရသစ် တရပ်တည်းမှာ ကျင့်သုံးဆောင်ရွက်သွားမယ့် ဒီဥပဒေတွေအပေါ် အများစိတ်ဝင်စားမှု ရှိတယ်လို့လည်း ပြောကြပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ၃ ရပ်စလုံးနဲ့ ဆိုင်တဲ့ ဥပဒေ၊ နည်းဥပဒေ ၁၇ မျိုးရဲ့ စာအုပ်တွေကို ဒီကနေ့ စတင်ဖြန့်ချိ ရောင်းချပါတယ်။ နိုင်ငံတော် သမ္မတနဲ့ ဒုတိယသမ္မတ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေတွေအပြင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေနဲ့ နည်းဥပဒေတွေ အပါအဝင် ပြည်ထောင်စု အစိုးရအဖွဲ့ဆိုင်ရာ ဥပဒေလိုမျိုး အစရှိတဲ့ အချက်အလက်တွေ ပါဝင်ပါတယ်။ ဒါကြောင့် လွှတ်တော်အသစ်ထဲကို သွားကြမယ့် ကိုယ်စားလှယ်တွေ အနေနဲ့ ဒီဥပဒေနဲ့ နည်းဥပဒေဆိုင်ရာ အချက်အလက်တွေဟာ အရေးကြီးတယ်လို့ ရှေ့နေကြီး ဦးအောင်သိန်းက ပြောပါတယ်။

“သမ္မတ ရွေးချယ်ပုံ၊ ရွေးချယ်နည်းဆိုတဲ့ ပြဋ္ဌာန်းတဲ့ ဥပဒေတွေ၊ နည်းဥပဒေတွေဟာလည်း အရေးကြီးတာပဲပေါ့။ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေတို့၊ တိုင်းဒေသ၊ ပြည်နယ် အစိုးရအဖွဲ့ ဥပဒေတို့၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသ ဥပဒေတို့ ဆိုတာတွေကလည်း ဖွဲ့စည်းပုံအသစ်အရ ပေါ်ပေါက်လာတဲ့ လွှတ်တော်တွေအရ ဆိုရင် ဒီဥပဒေတွေဟာ အကုန်လုံး လေ့လာသင့်တဲ့ ဥပဒေတွေပါပဲ။

“တရားစီရင်ရေး ဥပဒေကတော့ ကျနော်တို့ ရှိခဲ့တဲ့ မြို့နယ်၊ ခရိုင်၊ တိုင်း၊ ဗဟိုဆိုတဲ့ သဘောမျိုးနဲ့စာရင် အခု တိုင်းဒေသကြီးဆိုရင် တိုင်းဒေသကြီး လွှတ်တော်အတွက် ဥပဒေတွေရှိမယ်၊ ပြည်ထောင်စု တရားစီရင်ရေးနဲ့ ဆိုင်တဲ့ အဆင့်ရောက်တဲ့အခါ ဥပဒေတွေရှိမယ်၊ အဲဒီလိုပေါ့။ ဥပဒေတွေကတော့ ဒေသအလိုက် ခွဲခြားထားတဲ့ တရားရုံးတွေမှာ ကျင့်သုံးရမယ့် ဥပဒေတွေပါပဲ။”

ဒါဟာ လွှတ်တော်တရပ်အတွက် လုပ်ထုံးလုပ်နည်းဆိုင်ရာ ဥပဒေနဲ့ နည်းဥပဒေ ပြဋ္ဌာန်းချက်တွေ ဖြစ်ပါတယ်။

အခုထုတ်ဝေလိုက်တဲ့ ဥပဒေနဲ့ နည်းဥပဒေတွေဟာ အရင် နိုင်ငံမှာ ရှိခဲ့ဖူးတဲ့ ဖွဲ့စည်းပုံအရ ပြဋ္ဌာန်းခဲ့တဲ့ လွှတ်တော်ခေါ်ယူရေးဆိုင်ရာ ဥပဒေတွေနဲ့တော့ အလွန်ကွဲပြားတယ်လို့ ဥပဒေ ပညာရှင်တွေက သုံးသပ်ပါတယ်။ အကြောင်းကတော့ လွတ်လပ်ရေးရပြီး ရေးဆွဲခဲ့တဲ့ ၁၉၄၇ အခြေခံဥပဒေနဲ့ အခု မြန်မာစစ်အစိုးရက ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေတွေဟာ မတူကွဲပြားတာတွေ ရှိနေပြီး အထူးသဖြင့်ကတော့ တိုင်းဒေသကြီး ခွဲခြား သတ်မှတ်မှုတွေအပြင် စစ်တပ်ရဲ့ အခန်းကဏ္ဍကို အခိုင်အမာရအောင် ထည့်သွင်းထားတာတွေ တွေ့ရတယ်လို့လည်း ဦးအောင်သိန်းက သုံးသပ်ပါတယ်။

“အရင် ၄၇ ခုနှစ် ဖွဲ့စည်းပုံအရ တိုင်းဒေသတွေ၊ ပြည်ထောင်စု တရားစီရင်ရေးဆိုတဲ့ ဒီလိုတွေ ခွဲခြားသတ်မှတ်ထားတဲ့ အတိုင်းအတာတွေ မရှိဘူးလေ။ ဒေသစီရင်စု၊ တိုင်းနဲ့ဒေသ ခွဲခြားသတ်မှတ်ပြီးတဲ့ အခါကျတော့ ဝန်ကြီးချုပ်တွေ ကိုယ်တိုင် တိုင်းဒေသ ဝန်ကြီးချုပ်တွေ အဖြစ်နဲ့ ရှိရမယ်ဆိုတော့ ဖွဲ့စည်းပုံစံအရ မတူတဲ့အတွက်လည်း ဒီဥပဒေတွေက မတူတဲ့ ဥပဒေတွေ အဖြစ်နဲ့ ထွက်ပေါ်လာတာပေါ့။

“နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီက ရေးဆွဲတယ်ဆိုတော့ သူတို့ရဲ့ တပ်မတော်က ၂၅% အသေယူထားပြီးတဲ့ လွှတ်တော်နေရာတွေမှာ အခိုင်အမာ ယူထားပြီးတဲ့ နောက်ပိုင်းမှာ အဲဒီအတွက်ကိုလည်း ရည်စူးပြီး ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံစနစ် ဖြစ်တဲ့အတွက်ကြောင့် ဒီဥပဒေတွေ၊ နည်းဥပဒေတွေက ယခင် ယခင်က ပြဋ္ဌာန်းခဲ့တဲ့ လွှတ်တော်ဥပဒေတွေနဲ့ မတူညီတဲ့ အချက်အလက်တွေတော့ တော်တော်များများ ရှိနေမှာတော့ သေချာပါတယ်။”

ရှေ့နေကြီး ဦးအောင်သိန်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အနှစ် ၂၀ ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် နေပြည်တော်မှာ လာမယ့် ဇန်နဝါရီလ ၃၁ ရက်နေ့မှာ လွှတ်တော်ခေါ်ယူ ကျင်းပမှာ ဖြစ်ပါတယ်။ ဒီလွှတ်တော်သစ်ကို ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်ကြမှာဖြစ်ပြီး အဲဒီထဲမှာ တိုင်းရင်းသား ပါတီတွေရဲ့ ကိုယ်စားလှယ်တွေ ပါဝင်တယ် ဆိုပေမဲ့ အများစုကတော့ မြန်မာစစ်အစိုးရ ဝန်ကြီးချုပ် ဦးသိန်းစိန် ခေါင်းဆောင်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်တွေ ဖြစ်ပါတယ်။

XS
SM
MD
LG