လွှတ်တော် ၃ ရပ်စလုံးနဲ့ဆိုင်တဲ့ ဥပဒေနဲ့ နည်းဥပဒေ ၁၇ မျိုး စာအုပ်တွေကို မနေ့ကစလို့ အစိုးရ စာအုပ်အရောင်းဆိုင်တွေမှာ ရောင်းချနေတယ် ဆိုပေမဲ့ ဖတ်ရှုလေ့လာချင်သူတွေ လိုသလောက် ဝယ်မရတဲ့ အခြေအနေတွေနဲ့ ကြုံနေရပါတယ်။ ဒါပေမဲ့ အပြင် လမ်းဘေး အရောင်းဆိုင်တွေမှာတော့ အစိုးရ ရောင်းဈေးထက် ၃ ဆမကလောက် ပိုပေးပြီး ဝယ်လို့ရနေပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။
လွှတ်တော်နဲ့ဆိုင်တဲ့ ဥပဒေနဲ့ နည်းဥပဒေ ၁၇ မျိုးရဲ့ စာအုပ်အတွဲလိုက်ကို ရန်ကုန်က စာပေဗိမာန် စာအုပ်အရောင်းဆိုင်မှာ မနေ့ကစလို့ ၂,၃၀၀ ကျပ်နဲ့ ရောင်းချနေတယ်လို့ ကြေညာထားတာမို့ ဒီကနေ့ နေ့လယ်က စာအုပ်တွေ သွားဝယ်ပေမဲ့ မရခဲ့ကြဘဲ မနက်ဖြန် မနက်ပိုင်း လာဝယ်ဖို့ ပြောခဲ့ကြတယ်လို့ ဒီကနေ့ စာအုပ်သွားဝယ်ပြီး မရခဲ့သူတွေက ပြောပါတယ်။
မနေ့က စတင်ရောင်းချတယ် ဆိုပေမဲ့လည်း စာအုပ်တွေကို မနက်ပိုင်းမှာသာ ရောင်းပေးနေပြီး နေ့လယ်နဲ့ ညနေတွေမှာ သွားဝယ်တော့ မရခဲ့တဲ့သူတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ဒီစာအုပ်အတွဲလိုက်ကို စာပေဗိမာန်အထွက် လမ်းဘေးက စာအုပ်ဆိုင်မှာတော့ ကျပ် ၈,၀၀၀ ကျော်နဲ့ ရောင်းနေတယ်လို့ ဒီနေ့ စာပေဗိမာန် စာအုပ်အရောင်းဆိုင်မှာ စာအုပ်သွားဝယ်သူက ပြောပါတယ်။
“စာပေဗိမာန်မှာ ရောင်းတာ အစိုးရ ထုတ်ဈေးကတော့ ၂,၃၀၀ ပေါ့၊ ဒါပေမဲ့ လိုသလောက် ဝယ်လို့မရဘူး။ မနက်ပိုင်း သွားတန်းစီတော့လည်း မရခဲ့ဘူး။ မေးကြည့်တဲ့အခါကြတော့လည်း ညနေမှ ရောင်းပေးမယ်ဆိုလို့ ညနေ သွားကြည့်တော့လည်း မရှိဘူး။ ဒါပေမဲ့ စာပေဗိမာန်နဲ့ ကပ်လျက် လမ်းဘေး စာအုပ်ဆိုင်တွေမှာတော့ ၈,၅၀၀ နဲ့ ဝယ်လို့ရတယ်ခင်ဗျ။ ကျနော့်အသိ မိတ်ဆွေတယောက် မနေ့က သွားဝယ်လိုက်တယ်၊ တန်းစီပြီးတော့။
“အစိုးရ ထုတ်တာတော့ စာအုပ် ၁၇ မျိုးလို့ ပြောတယ်။ ၁၇ မျိုးလုံး မပြည့်ဘူးခင်ဗျ။ သူက ၁၆ မျိုးပဲ ပေးနိုင်တယ်။ ဒီနေ့မှ တအုပ်လာယူပါ ဘာညာဆိုပြီးတော့ ပြန်ချိန်းတယ်။ သူတို့ သတင်းစာမှာ ကြော်ငြာတာတော့ စာပေဗိမာန်မှာ ဒီစာအုပ်တွေကို လိုသလောက် ဝယ်လို့ရပြီ ဘာညာပေါ့၊ ၁၇ အုပ်လုံး လူထုကို တိုက်ရိုက် ရောင်းပေးနေပြီပေါ့။ အဲဒီလို သူတို့ သတင်းစာမှာ ကြော်ငြာထားတယ်။ ဒါပေမဲ့ ကြော်ငြာထားသလို ဖြစ်မလာဘူး။”
စာပေဗိမာန် စာအုပ်ဆိုင်က စာအုပ်အရေအတွက်ကို တနေ့ ဘယ်လောက်ပဲ ရောင်းမယ်ဆိုတဲ့ သတ်မှတ်ချက် ရှိတာကြောင့် ဖြစ်တယ်လို့လည်း ပြောကြပါတယ်။ အရင် ဖွဲ့စည်းပုံ အခြေခံဥပဒေ စာအုပ်တုန်းကလည်း အဲဒီလိုပဲ သွားဝယ်ရင် ကုန်နေတာ၊ နောက်နေ့မှ ပြန်လာယူပါ ဆိုတာမျိုးတွေ ရှိခဲ့ဖူးပါတယ်။
တကယ်တော့ နိုင်ငံတခုအတွက် အရေးကြီးတဲ့ ဒီလို အချက်အလက်ဆိုင်ရာ စာအုပ်တွေကို အစိုးရ အရောင်းဆိုင်တွေက ပြည်သူလူထု ဖတ်ရှုလေ့လာနိုင်အောင် အများအပြား ဖြန့်ေ၀ ရောင်းချပေးရမှာ ဖြစ်ပေမဲ့ မြန်မာပြည်မှာက မရောင်းဘူး၊ အသိမပေးဘူးဆိုတာ မဖြစ်ရလေအောင် လုပ်တဲ့ အခြေအနေမျိုးလောက်သာ ဖြစ်တယ်လိ့ုလည်း သူက သုံးသပ်ပါတယ်။
“စာအုပ်တွေ ထုတ်ရောင်းတယ်ပေါ့ဗျာ။ လွှတ်တော်နဲ့ ပတ်သက်တဲ့ စာအုပ်တွေ လူထုကို ရောင်းတယ်ဆိုတဲ့ အမြင်လေးကိုပဲ ဖြစ်စေချင်တယ်။ ဒါပေမဲ့ သူတို့က ဖြစ်စေချင်ပေမဲ့ လူထုတွေကို မသိစေချင်ဘူးဗျ။ သူတို့လုပ်တာတွေ လူထုတွေကို ကျယ်ကျယ်ပြန့်ပြန့် မသိစေချင်ဘူး။ လူထုတွေ ကျယ်ကျယ်ပြန့်ပြန့် သိလာရင် လူထုတွေက ကန့်ကွက်လာမယ်၊ ရှုတ်ချလာမယ်၊ ဒါမျိုးတွေကို သူတို့က အဖြစ်မခံချင်ဘူးပေါ့။
“ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ဆန္ဒခံယူပွဲတုန်းကလည်း စာအုပ်တွေ၊ စည်းမျဉ်းစည်းကမ်းတွေ ထွက်တယ်။ ဒီရွေးကောက်ပွဲနဲ့ဆိုင်တဲ့ စာအုပ်စာတမ်းတွေလည်း ထွက်တယ်။ ထွက်ပေမဲ့ လိုသလောက် မရိုက်ဘူးဗျ။ ဘာလို့လဲဆိုတော့ ဝယ်ဖတ်မှာကြောက်တယ်၊ လူတွေကို သိမှာကြောက်တယ်။ ဒီရွေးကောက်ပွဲနဲ့ ဆိုင်တာတို့၊ လွှတ်တော်နဲ့ ဆိုင်တာတို့၊ လူအများစုကို မသိစေချင်ဘူးဗျ။ သူတို့ပဲ ကမ္ဘာ့အမြင်မှာရော၊ မြန်မာ့အမြင်မှာရော စာအုပ်တွေ ထုတ်ရောင်းတယ်ဆိုတာ၊ ဒါကို ပြချင်တာပေါ့။”
ရန်ကုန်မြို့ခံတဦး ပြောပြခဲ့တာ ဖြစ်ပါတယ်။
အခုရောင်းချနေတဲ့ ဥပဒေနဲ့ နည်းဥပဒေ ၁၇ မျိုး စာအုပ်ဟာ စစ်အစိုးရ ဦးဆောင်ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံထဲက အချက်အလက်တွေ ဖြစ်ပေမဲ့ အခု လွှတ်တော်သစ် ခေါ်ကာနီး လွှတ်တော်နဲ့ဆိုင်တဲ့ အချက်အလက်တွေကို သီးသန့် ထုတ်ဝေလိုက်တာမို့ အများပြည်သူက ဖတ်ရှုဖို့ စိတ်ဝင်စားကြတာလည်း ဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် အစည်းအဝေးတွေကို ဇန်နဝါရီလ ၃၁ ရက်နေ့ကျရင် နေပြည်တော်မှာ ကျင်းပတော့မယ်လို့ အစိုးရက တရားဝင် ကြေညာပြီးတဲ့နောက် လွှတ်တော်နဲ့ဆိုင်တဲ့ ဥပဒေ၊ နည်းဥပဒေ စာအုပ် ၁၇ မျိုးကို လေ့လာဖတ်ရှုနိုင်ဖို့ စတင် ရောင်းချပေးနေပြီလို့ အစိုးရ သတင်းစာတွေမှာလည်း ဖော်ပြထားပါတယ်။