သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၁ လွှတ်တော်ကနေ မြန်မာ့အကျပ်အတည်းတွေ ဖြေရှင်းနိုင်မည်မဟုတ်


၂၀၁၁ လွှတ်တော်ကနေ မြန်မာ့အကျပ်အတည်းတွေ ဖြေရှင်းနိုင်မည်မဟုတ်
၂၀၁၁ လွှတ်တော်ကနေ မြန်မာ့အကျပ်အတည်းတွေ ဖြေရှင်းနိုင်မည်မဟုတ်

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ရွေးကောက်ပွဲ ရလဒ်ပေါ် အခြေခံတဲ့ ပထမဆုံးအကြိမ် လွှတ်တော် အစည်းအဝေးတွေကို ဒီကနေ့ နေပြည်တော်မှာ စတင်ကျင်းပမှာ ဖြစ်ပေမဲ့ မြန်မာစစ်အစိုးရ ဦးဆောင်တဲ့ အခုလွှတ်တော်သစ်ကနေ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဆောင်ကြဉ်းနိုင်မှာ မဟုတ်သလို မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ နယူးယောက်မြို့မှာ အခြေစိုက်တဲ့ မြန်မာ့ရန်ပုံငွေအဖွဲ့ (The Burma Fund) က ထောက်ပြလိုက်ပါတယ်။ မြန်မာနိုင်ငံတွင်း ပြီးခဲ့တဲ့ ရွေးကောက်ပွဲ ကာလတွေအတွင်း မဲမသမာမှုတွေနဲ့ အကြမ်းဖက် ကန့်သတ်ချုပ်ချယ်မှုတွေ အပါအဝင် မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ ပြည်တွင်းပြည်ပ နိုင်ငံရေး အဖွဲ့အစည်းတွေနဲ့ သတင်းမီဒီယာတွေကနေ တလျှောက်လုံး တင်ပြလာခဲ့တဲ့ အချက်အလက်တွေကို စုစည်းပြီး လေ့လာသုံးသပ် တင်ပြထားတဲ့ အစီရင်ခံစာ တစောင်ကို The Burma Fund အဖွဲ့က မနေ့ကပဲ ထုတ်ပြန်လိုက်တာပါ။ အပြည့်အစုံကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ အဓိကကျတဲ့ အမျိုးသား နိုင်ငံရေး ပြဿနာကို မဖြေရှင်းရသေးဘဲနဲ့ အခုလို လွှတ်တော်ခေါ်ယူတာဟာ တကယ် စစ်မှန်တဲ့ ဒီမိုကရေစီရေး အသွင်ကူးပြောင်းမှုကို ဦးတည်တာ မဟုတ်ဘူးလို့ အစီရင်ခံစာ ထုတ်ဝေတဲ့ The Burma Fund အဖွဲ့ တာဝန်ခံ ဒေါက်တာ သောင်းထွန်းက ပြောပါတယ်။

“ဒီနေ့မှာ ပြည်သူ့လွှတ်တော် ပထမဆုံး အစည်းအဝေး ကျင်းပတာ ဖြစ်ပေမဲ့ ဒါဟာ မြန်မာနိုင်ငံရဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အဖြေ မဟုတ်သေးပါဘူး။ ဘာကြောင့်လဲဆိုတော့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်ဟာ စကတည်းက နအဖကနေပြီးတော့ စွက်ဖက်မှုတွေ၊ ကန့်သတ်မှုတွေ ရှိခဲ့တယ်။ ရွေးကောက်ပွဲ ကော်မရှင်ကလည်း တကယ့်ကို လွတ်လပ်တဲ့ ရွေးကောက်ပွဲ ကော်မရှင် မဟုတ်ဘဲနဲ့ ဒီကနေ့ဆိုရင် ရွေးကောက်ပွဲ မသမာမှုတွေနဲ့ ပတ်သက်လို့ တိုင်ကြားချက်တွေ၊ နိုင်ငံရေးပါတီတွေက နေပြီးတော့ စွပ်စွဲမှုတွေကို လုံး၀ ကျေကျေလည်လည် မဖြေရှင်းရသေးဘဲနဲ့ ဒီ ပြည်သူ့လွှတ်တော် အစည်းအဝေးကို ခေါ်ယူ ကျင်းပတာ ဖြစ်ပါတယ်။”

အမျိုးသားရေး ပြဿနာကို တကယ်တမ်း ဖြေရှင်းဖို့ဆိုရင် မြန်မာစစ်အစိုးရ အနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးပြီး နိုင်ငံရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်လှုပ်ရှားခွင့် ပြုရမှာ ဖြစ်သလို တိုင်းရင်းသား ဒေသတွေက တင်းမာမှုတွေကို ရပ်ဆိုင်းရမှာ ဖြစ်တယ်၊ နိုင်ငံရေး အင်အားစုတွေအကြား တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဖို့လိုတယ်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကိုလည်း နိုင်ငံရေးပါတီအဖြစ် ဆက်လက် အသိအမှတ်ပြုပြီး ပြည်သူ့အကျိုး ဆောင်ရွက်ခွင့် ပေးရမှာ ဖြစ်တယ်လို့လည်း ဒေါက်တာ သောင်းထွန်းက ထောက်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ပြဿနာဟာ မြန်မာ့နယ်နိမိတ် အတွင်းမှာတင် ပြီးသွားမှာ မဟုတ်ဘူး ဆိုတာကို အိမ်နီးချင်း နိုင်ငံတွေက နားလည်ပြီး မြန်မာ့အရေးကို ကူညီ ဆောင်ရွက်သင့်တယ်လို့လည်း ဒေါက်တာ သောင်းထွန်းက ပြောပါတယ်။

“ကျနော်တို့ တင်ပြတဲ့ အချက်အလက်တွေဟာ သေသေချာချာ သုတေသန ပြုလုပ်ထားတဲ့ အချက်အလက်တွေ ဖြစ်တယ်။ ဒါကြောင့် ရွေးကောက်ပွဲဟာ ဘယ်လိုမှ လွတ်လပ်ပြီး တရားမျှတမှု မရှိဘူးဆိုတဲ့ အခြေခံပေါ်မှာ အိမ်နီးချင်း နိုင်ငံတွေကပါ မငြင်းပယ်နိုင်တဲ့ အနေအထား ဖြစ်ပါတယ်။ ဒီမိုကရေစီရေး အသွင်ကူးပြောင်းမှုဆိုတာ ရွေးကောက်ပွဲတခု ကျင်းပရုံနဲ့ မလုံလောက်ပါဘူး။ တကယ့် အသွင်ကူးပြောင်းမှု ဒီမိုကရေစီရေး အခြေခံအုတ်မြစ်ကို ချမှတ်နိုင်မယ့် နိုင်ငံရေး ပတ်ဝန်းကျင်တွေကိုလည်း ဖန်တီးဖို့ လိုပါတယ်။

“ဒါတွေကို ဂရုမစိုက်ဘူးဆိုရင် ဗမာနိုင်ငံရဲ့ ပြဿနာဟာ ဗမာနယ်နိမိတ်မှာတင် ရပ်သွားမှာ မဟုတ်ဘဲနဲ့ အိမ်နီးချင်း နိုင်ငံများကို ထိခိုက်မယ့် အနေအထားတွေ ရှိတယ်။ ပြည်တွင်းမှာ နိုင်ငံရေး တင်းမာမှုတွေ၊ အုံကြွမှုတွေအတွက် ဖြစ်လာမယ့် အနေအထားတွေကို လျစ်လျူမရှုနိုင်သလို တိုင်းရင်းသား ဒေသတွေမှာ စစ်ရေးအရ တင်းမာမှု အပေါ်မှာလည်း ပြည်တွင်းစစ် ပြန်လည် ဖြစ်ပေါ်လာနိုင်တယ်၊ ဒုက္ခသည် ပြဿနာတွေ ပိုပြီး ကြီးထွားလာနိုင်တယ်။ ဒီအခြေခံတွေ အပေါ်မှာ စဉ်းစားပြီးတော့ အိမ်နီးချင်းနိုင်ငံတွေ အနေနဲ့ ကုလသမဂ္ဂနဲ့ ပိုပြီးတော့ ပူးပေါင်း ဆောင်ရွက်ပြီးတော့ နိုင်ငံရေး အဖြေရှာဖို့ ကျနော်တို့ မျှော်လင့်ပါတယ်။”

The Burma Fund အဖွဲ့ တာဝန်ခံ ဒေါက်တာသောင်းထွန်း ပြောပြသွားတာ ဖြစ်ပါတယ်။

မြန်မာစစ်အစိုးရ ရွေးကောက်ပွဲနဲ့ လွှတ်တော်သစ် ခေါ်ယူမှုတွေကို အထူးသဖြင့် ကုလသမဂ္ဂနဲ့ မြန်မာ့အိမ်နီးချင်း အာရှနိုင်ငံတွေက ယတိပြတ် ငြင်းဆိုထားတာ မရှိပါဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြဿနာကို ဖြေရှင်းနိုင်ဖို့မှာ ရွေးကောက်ပွဲနဲ့ လွှတ်တော်သစ်တွေ ခေါ်ယူပေးရုံနဲ့ မလုံလောက်ဘူး ဆိုတာကို နိုင်ငံတကာက နားလည်ရမှာ ဖြစ်တယ်လို့ အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။

ကုလသမဂ္ဂ အနေနဲ့ မြန်မာ့အရေးကို ထိထိထိရောက်ရောက် အာရုံစိုက် ဆောင်ရွက်နိုင်ဖို့အတွက် အချိန်ပြည့် တာဝန်ထမ်းဆောင်မယ့် အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) ရဲ့ ကိုယ်စားလှယ်တဦး ခန့်အပ်ဖို့နဲ့ မစ္စတာ ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံ မိတ်ဆွေများအဖွဲ့ အဆင့်မြင့် နိုင်ငံခြားရေး ဝန်ကြီးအဆင့် အစည်းအဝေးတရပ်ကို အရှေ့တောင်အာရှ ဒေသအတွင်းမှာ ကျင်းပပေးဖို့ကိုလည်း အစီရင်ခံစာထဲမှာ တိုက်တွန်းထားပါတယ်။

XS
SM
MD
LG