သုံးရလွယ်ကူစေသည့် Link များ

စစ်တပ်ချုပ်ကိုင်တဲ့ လွှတ်တော်ကြောင့် အပြောင်းအလဲအတွက် အခွင့်အလမ်း ဆုံးရှုံး


စစ်တပ်ချုပ်ကိုင်တဲ့ လွှတ်တော်ကြောင့် အပြောင်းအလဲအတွက် အခွင့်အလမ်း ဆုံးရှုံး
စစ်တပ်ချုပ်ကိုင်တဲ့ လွှတ်တော်ကြောင့် အပြောင်းအလဲအတွက် အခွင့်အလမ်း ဆုံးရှုံး

မြန်မာနိုင်ငံမှာ မနေ့ကစပြီး ခေါ်ယူကျင်းပခဲ့တဲ့ လွှတ်တော်တွေမှာ စစ်တပ်အရာရှိတွေနဲ့ စစ်အစိုးရရဲ့ USDP ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက လွှမ်းမိုးထားလိမ့်မယ် ဆိုတာကို မူလကတည်းက မျှော်လင့်ပြီးသား ဖြစ်တယ်လို့ အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေးဌာနက ပြောပါတယ်။

မနေ့က ကျင်းပတဲ့ လွှတ်တော်တွေမှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် သူရ ဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအဖြစ် ယဉ်ကျေးမှုဝန်ကြီး ဦးခင်အောင်မြင့်တို့ကို ရွေးချယ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက် ပါလီမန် ရွေးကောက်ပွဲတွေဟာ လွတ်လပ်မျှတမှု မရှိဘူးဆိုပြီး အမေရိကန် ပြည်ထောင်စုက ထုတ်ပြန်ကြေညာပြီးသား ဖြစ်ပါတယ်။

“အခု လွှတ်တော် အခြေအနေနဲ့ ပတ်သက်လို့ ဘာမှ အံ့အားသင့်စရာ မရှိပါဘူး။ အမေရိကန် ပြည်ထောင်စု အနေနဲ့ကတော့ အရင်က ပြောထားတဲ့အတိုင်း နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးပြီး အားလုံး ပါဝင်နိုင်တဲ့၊ လမ်းဖွင့်ပေးထားတဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တရပ်ကို မြင်ချင်ပါတယ်။” လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ပီ.ဂျေ ခရော်လီ (P.J Crowley) က ပြောသွားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ဗဟိုတရားရုံးက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို အသိအမှတ်ပြုဖို့ ငြင်းပယ်ခဲ့တာကိုလည်း စိတ်ပျက်မိတဲ့အကြောင်း ပြောပါတယ်။

တကယ်တော့ NLD နဲ့ တခြား ဒီမိုကရက်တစ် ပါတီတွေ၊ တိုင်းရင်းသား ပါတီတွေကို အသိအမှတ်ပြုတာဟာ မြန်မာအာဏပိုင်တွေအတွက် အခွင့်အလမ်းတရပ် ဖြစ်တယ်လို့လည်း ပြောပါတယ်။ ဒါကြောင့် မြန်မာအာဏာပိုင်တွေဟာ နောက်ထပ် အခွင့်အရေးတရပ်ကို ဆုံးရှုံး နစ်နာခဲ့ရတယ်လို့ အမေရိကန် ပြည်ထောင်စု အနေနဲ့ မြင်တဲ့အကြောင်း ပြောသွားပါတယ်။

မနေ့က နေပြည်တော်မှာ ကျင်းပတဲ့ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်နဲ့ တပြိုင်တည်းပဲ တိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော်တွေကိုလည်း ခေါ်ယူ ကျင်းပပါတယ်။ နောက်ဆုံးရရှိတဲ့ သတင်းတွေအရ တိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော်တွေမှာလည်း ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်တွေပဲ လွှတ်တော်ဥက္ကဋ္ဌအဖြစ် အရွေးခံရပါတယ်။

သူရ ဦးရွှေမန်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် အရွေးခံရတာကြောင့် ဦးရွှေမန်း နိုင်ငံတော်သမ္မတ ဖြစ်လာမယ်ဆိုတဲ့ မျှော်လင့် ခန့်မှန်းမှုတွေ ကုန်ဆုံးသွားပြီး လက်ရှိ ဝန်ကြီးချုပ် ဦးသိန်းစိန် သမ္မတ ဖြစ်လာနိုင်တယ်ဆိုတဲ့ ခန့်မှန်းမှုတွေ ပိုထွက်လာပါတယ်။ ဒီနေ့မှာတော့ ဒုတိယ သမ္မတ ၃ ဦး ရွေးချယ်မှု စတင်မယ်လို့ မျှော်လင့်ရပါတယ်။

အတိုက်အခံ လှုပ်ရှားသူတွေက ဒီလွှတ်တော်ကနေ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ ရရှိလာနိုင်လိမ့်မယ်လို့ မယူဆကြပါဘူး။

XS
SM
MD
LG