နေပြည်တော်မှာ ကျင်းပနေတဲ့ လွှတ်တော် စည်းဝေးပွဲတွေကနေ ဒီကနေ့ ဒု-သမ္မတလောင်း ဆန်ကာတင် ၃ ယောက်ကို ရွေးချယ်လိုက်ကြပါပြီ။ ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းက ပမာဏ ရွေးချယ်လိုက်တဲ့ သမ္မတလောင်း ၅ ယောက်ထဲကနေ ဒီ ၃ ယောက်ကို ဆန်ကာတင် ရွေးချယ်လိုက်ကြတာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဘန်ကောက်ရောက်နေတဲ့ ဝိုင်းတော်သား ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
အခု ရွေးချယ်လိုက်တဲ့ သမ္မတလောင်း ၃ ဦးကတော့ စစ်အစိုးရ အတွင်းရေးမှူး ၁ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေဘက်က လက်ရှိ ဝန်ကြီးချုပ်တာဝန် ယူထားတဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်တို့အပြင် တိုင်းရင်းသား ကိုယ်စားလှယ်ထဲကတော့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အမည်စာရင်း တင်သွင်းထားတဲ့ ရှမ်းတိုင်းရင်းသား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ စိုင်းမောက်ခန့်တို့ ဖြစ်ပါတယ်။
ဒီသမ္မတလောင်း ၃ ယောက်ဟာ လက်ရှိ စစ်အစိုးရ ထိပ်ပိုင်းမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ဗိုလ်ချုပ်ကြီးဟောင်း ၂ ယောက်အပြင် စစ်အစိုးရက ကျောထောက်နောက်ခံ ပေးထားတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီကနေ အမည်စာရင်း တင်သွင်းထားတဲ့ ကိုယ်စားလှယ်တွေပါ။
ပြည်သူ့လွှတ်တော်အတွက် အမည်စာရင်း ၂ ယောက် တင်သွင်းထားတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဝန်ကြီးချုပ် ဦးသိန်းစိန်နဲ့ ဖလုံစဝေါ်ပါတီက ဦးစောသိန်းအောင်တို့ကို လွှတ်တော်အတွင်း မဲခွဲရွေးချယ်ကြတဲ့ အခြေအနေတွေကိုတော့ NDF အမျိုးသား ဒီမိုကရေစီ အင်အားစုက ဒု-ဥက္ကဋ္ဌလည်းဖြစ်၊ စမ်းချောင်းမြို့နယ်ကနေ ရွေးကောက်တင်မြှောက် ခံထားရတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဦးစိုးဝင်းက ပြောပြပါတယ်။
“ကျနော်တို့ ပြည်သူ့လွှတ်တော်မှာတော့ ဦးသိန်းစိန် ဒု-သမ္မတ အရွေးခံရပါတယ်။ ဦးသိန်းစိန်က ထောက်ခံမဲ ၂၇၆ မဲ ရပါတယ်။ ဦးစောသိန်းအောင်က ၃၈ မဲ ရပါတယ်။ ပယ်မဲက ၁၁ မဲပါ။”
NDF ပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးဝင်းက ပြောပြခဲ့တာ ဖြစ်ပါတယ်။
အမျိုးသားလွှတ်တော်အတွင်း သမ္မတလောင်း ရွေးချယ်တဲ့ အခြေအနေတွေကိုတော့ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း မြို့နယ်တွေကို ကိုယ်စားပြုပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီကနေ အမျိုးသားလွှတ်တော်အတွက် ရွေးကောက်တင်မြှောက် ခံထားရတဲ့ လွှတ်တော်ကိုယ်စားလှယ် ဇေကမ္ဘာ ဦးခင်ရွှေက ပြောပြပါတယ်။
“ကျနော်တို့ အမျိုးသားလွှတ်တော်က ကျနော်တို့ပါတီက ဒေါက်တာ စိုင်းမောက်ခန့်ကို တင်ထားပါတယ်။ တခြား ပါတီက NDF ကနေပြီးတော့ ဒေါက်တာ မြတ်ဉာဏစိုးနဲ့ ကျန်တဲ့အဖွဲ့တွေက ဒေါက်တာ အေးမောင်ကို တင်ထားတယ်။ တင်ထားပြီး ဒီနေ့ မဲနဲ့ ရွေးကြတဲ့ အချိန်မှာ ကျနော်တို့ပါတီက ဒေါက်တာ စိုင်းမောက်ခန့်က မဲပေါင်း ၁၄၀ နဲ့ အနိုင်ရရှိသွားတယ်။ ပယ်မဲက တမဲဖြစ်ပြီး ဒေါက်တာ အေးမောင်က ၂၇ မဲ ရပါတယ်။ အားလုံး ၁၆၈ ဦးလုံး မဲထည့်ပါတယ်။
“အဲဒါနဲ့ ကျနော်တို့ အမျိုးသားလွှတ်တော်ကနေပြီး ဒေါက်တာ စိုင်းမောက်ခန့်ကို ဒု-သမ္မတ အနေနဲ့ တင်ပြီးဖြစ်တဲ့ အတွက်ကြောင့် မနက်ဖြန်မှာ ပြည်ထောင်စု လွှတ်တော်ကြီး ခေါ်ပါမယ်။ ခေါ်ပြီးရင်တော့ ကျနော်တို့ဆီက ဒေါက်တာ စိုင်းမောက်ခန့်၊ ပြည်သူ့လွှတ်တော်က ဗိုလ်ချုပ်ကြီး သိန်းစိန်၊ နောက် တပ်မတော်က တက်လာတဲ့ ဗိုလ်ချုပ်ကြီး တင်အောင်မြင့်ဦး၊ အဲဒီ ၃ ဦးထဲက သမ္မတ ရွေးသွားမယ်၊ မနက်ဖြန်ကျရင်။”
တပ်မတော်ဘက်ကတော့ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးကို တင်တယ်၊ သူတယောက်တည်း တင်တယ်ဆိုတော့ သူတို့ဘက်ကတော့ ပြိုင်ဘက်မရှိ သူပဲ သမ္မတ…၊
“အပြိုင်အဆိုင် မရှိဘူးပေါ့ဗျာ။”
ဆိုတော့ အဲဒီ ၃ ယောက်ကို မနက်ဖြန် မဲခွဲကြမယ်ပေါ့။ သမ္မတ ဘယ်သူဖြစ်သင့်တယ်ဆိုတာ။
“သမ္မတ ဘယ်သူ၊ ဒု-သမ္မတ ၂ ယောက် ခန့်ပါမယ်။”
အန်ကယ် ဘယ်သူရမယ် ထင်လဲ။
“ဗိုလ်ချုပ်ကြီး သိန်းစိန်ပဲ ရဖို့များပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လက်ရှိလည်း သူက နိုင်ငံတော်ရဲ့ ဝန်ကြီးချုပ် ဖြစ်တဲ့အပြင် နိုင်ငံတကာ အတွေ့အကြုံကလည်း အများဆုံးပုဂ္ဂိုလ် ဖြစ်နေပါတယ်။”
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဇေကမ္ဘာ ဦးခင်ရွှေ ပြောပြခဲ့တာ ဖြစ်ပါတယ်။
မနက်ဖြန်မနက် ၁၀ ရီမှာ ပြန်စမယ့် လွှတ်တော် ၂ ရပ်ပေါင်းရဲ့ ပြည်ထောင်စု လွှတ်တော်ကနေ ဒီကနေ့ ရွေးချယ်လိုက်တဲ့ သမ္မတလောင်း ၃ ယောက်ကို မဲခွဲဆုံးဖြတ်ပြီး မဲအများဆုံး ရတဲ့သူက နိုင်ငံတော် သမ္မတ၊ ဒုတိယအများဆုံး ရတဲ့သူက ဒု-သမ္မတနဲ့ တတိယအများဆုံး ရတဲ့သူကတော့ ဒု-သမ္မတ ၂ ဖြစ်လာမှာပါ။
မဲခွဲပြီး ထွက်လာတဲ့ အဖြေကို ချက်ချင်း ကြေညာမယ်လို့ လွှတ်တော်အမတ် တချို့က ပြောနေပေမဲ့ လက်တွေ့မှာ တကယ် ကြေညာခြင်း ရှိမရှိတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် အခု ရွေးချယ်လိုက်တဲ့ သမ္မတလောင်း ၃ ယောက်စလုံးဟာ စစ်အစိုးရ ဗိုလ်ချုပ်ကြီးတွေနဲ့ စစ်အစိုးရက ကျောထောက်နောက်ခံ ပေးထားတဲ့ ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ်တွေ ဖြစ်နေတာကြောင့် လက်ရှိ စစ်အစိုးရအတွင်းက သူတွေပဲ အသွင်ပြောင်းပြီး အုပ်ချုပ်ရေးအာဏာကို ယူကြဦးမှာ ဖြစ်တယ်လို့ အကဲခတ်တွေက သုံးသပ် ပြောဆိုနေကြတာပါ။
ဒါ့ကြောင့်လည်း ပါတီစုံ ဒီမိုကရေစီစနစ် ပုံစံပေါက်အောင် စစ်အစိုးရက နည်းအမျိုးမျိုးသုံးပြီး ကြိုးစားနေပေမဲ့လည်း လွှတ်တော် ၂ ရပ်စလုံးမှာ စစ်အစိုးရပါတီပဲ ကြီးစိုးထားသလို စစ်တပ်ကိုယ်စားလှယ် ၂၅% ကလည်း ရှိနေတဲ့အပြင် ကျန် အတိုက်အခံပါတီတွေ အနေနဲ့ ပြောရေးဆိုခွင့် လုံးဝမရှိအောင် ဘက်ပေါင်းစုံက ပိတ်ဆို့ တားဆီးထားတာကြောင့် ဒါဟာ တပါတီ အာဏာရှင်စနစ်ပဲလို့ နိုင်ငံရေး အကဲခတ်တွေက ဝေဖန် ပြောဆိုနေကြပါတယ်။