နယ်စပ်ကဒုက္ခသည်တွေ၊ ပြည်ပနိုင်ငံတွေမှာ သွားရောက်လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ဘ၀တွေ ပြန်လည်ထူထောင်ရေးနဲ့ အောင်မြင်သာယာရေးအတွက် NLD အစိုးရအနေနဲ့ ဦးစားပေး ဆောင်ရွက်သွားမယ့်အကြောင်း သမ္မတ ဦးထင်ကျော်က ပြောကြားလိုက်ပါတယ်။
ဒါ့အပြင် အပြောင်းအလဲအတွက် အစိုးရသစ်က ကြိုးစားဆောင်ရွက်နေပြီး မျှော်လင့်ထားတဲ့အတိုင်း ဖြစ်မလာသေးရင် ပြည်သူတွေအနေနဲ့ သည်းခံစောင့်ပေးကြဖို့ မနေ့က သမ္မတအိမ်တော်မှာ ကျင်းပတဲ့ မဟာသင်္ကြန်ပွဲတော်မှာ သမ္မတက ပြောဆိုခဲ့ပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ ဖြစ်လာဖို့ NLD အစိုးရသစ်အနေနဲ့ အစွမ်းကုန်ကြိုးစား ဆောင်ရွက်နေကြောင်း မနေ့ သင်္ကြန်အကြိုနေ့က နေပြည်တော် သမ္မတအိမ်တော်မှာ ကျင်းပတဲ့ သင်္ကြန်ပွဲတော် အခမ်းအနားမှာ သမ္မတ ဦးထင်ကျော်က သတင်းထောက်တွေကို အခုလို ပြောသွားတာပါ။
"တိုင်းသူပြည်သားတွေကို ပြောချင်တာကတော့ မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားများကို ကျနော်တို့အနေနဲ့ တတ်နိုင်သမျှ တတ်စွမ်းသမျှ ဉာဏ်စွမ်းရှိသမျှ၊ ကိုယ်စွမ်းရှိသမျှ ကြိုးစားပြီးတော့ တိုင်းသူပြည်သားများရဲ့ လူမှုဘ၀ မြင့်မားရေးအတွက် ကြိုးစားသွားပါ့မယ်။ တချို့က မြင်သာထင်သာ သိသိသာသာနဲ့ ရက်ပိုင်းအတွင်းမှာ ထူးခြားမှုတွေ တွေ့နိုင်သလို၊ တချို့ကလည်း မြင်မြင်သာသာနဲ့ အရွှေ့အပြောင်းတွေ ရှိပါမယ်။ အဲတော့ ကိုယ်လိုတာတွေ မဖြစ်သေးတဲ့အချိန်မှာ တနေ့တော့ ဖြစ်လာလိမ့်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ သည်းခံပြီးတော့ စောင့်ပေးကြစေလိုပါတယ်။"
ဒါ့အပြင် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေနဲ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေရဲ့ အရေးကို အစိုးရသစ်အနေနဲ့ ဦးစားပေး ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဆက်လက် ပြောဆိုသွားပါတယ်။
"အခုလို ပျော်ကြရွှင်ကြနဲ့ ပျော်နိုင်ရွှင်နိုင်တဲ့သူတွေ ရှိသလိုပဲ ကျနော်တို့ မြန်မာနိုင်ငံမှာ ပြည်ပရောက် အလုပ်သွားလုပ်နေကြသူတွေထဲမှာ ရုန်းနေကန်နေရတဲ့သူတွေ၊ အခက်အခဲရှိတဲ့သူတွေ၊ အိုးအိမ်စွန့်ခွာပြီး နေရတဲ့ ပြည်သူပြည်သားတွေကိုလည်း ကျနော်တို့ မမေ့ပါဘူး။ သူတို့ဘ၀ သာယာရေးအတွက် အောင်မြင်ရေးအတွက် ပြန်ပြီးတော့ အေးအေးချမ်းချမ်း နေနိုင်ရေးအတွက်ကိုလည်း ကျနော်တို့ အစိုးရအဖွဲ့အနေနဲ့ ကြိုးစားပြီးတော့ ဆောင်ရွက်သွားပါ့မယ်။ ချက်ခြင်းမဖြစ်ရင်တောင်မှ ဖြေးဖြေးချင်းဖြစ်ပါမယ်။ စိတ်ထဲမှာ တရက်မှ မမေ့ပါဘူး။ ဒီလို ရုန်းကန်နေရတဲ့ ပုဂ္ဂိုလ်တွေ အခုလို ပြည်သူပြည်သားအများ ပျော်ရွှင်နေကြတဲ့အချိန်မှာ မပျော်ရွှင်နိုင်တဲ့သူတွေ အများအပြားရှိဦးမှာပါ။ သူတို့ရဲ့ဘ၀ကို စာနာပါတယ်။"
အစိုးရသစ်ကို ပြည်သူတွေ အပြည့်အ၀ ထောက်ခံ အားပေးကြတဲ့အတွက် ကျေးဇူးတင်ရှိကြောင်းလည်း သင်္ကြန်နှစ်သစ်ကူး ဆုမွန်ကောင်းနဲ့အတူ သမ္မတ ဦးထင်ကျော်က အခုလို ပြောပါတယ်။
"ကျနော်တို့ ဒီအစိုးရအဖွဲ့ကို သောင်းသောင်းဖျဖျ ကိုယ့်ရဲ့ဆန္ဒနဲ့ကိုယ် ကြိုဆိုကြတယ်။ လုပ်အားအားဖြင့် ဒါနပြုကြတယ်။ အစားအသောက်အားဖြင့် ဒါနပြုကြတဲ့ ပုဂ္ဂိုလ်တွေအားလုံး စေတနာမေတ္တာ ထားကြသူတွေအားလုံးကို ကျေးဇူးတင်တဲ့အကြောင်း ပြောလိုပါတယ်။ ဒီသင်္ကြန်အခါသမယမှာ လူကြီးလူငယ်အားလုံး ပျော်ကြရွှင်ကြတဲ့နေရာမှာ ဘေးမသီရန်မခ အပြစ်မရှိဘဲနဲ့ ချောချောမောမောနဲ့ ပျော်နိုင် ရွှင်နိုင်ကြပါစေ။ စည်းနဲ့ကမ်းနဲ့ ပျော်နိုင်ကြပါစေလို့လည်း မေတ္တာနဲ့ သတိပေးလိုပါတယ်။"
အလားတူ သမ္မတအိမ်တော်မှာ ကျင်းပတဲ့ မဟာသင်္ကြန်ပွဲတော် အခမ်းအနားကို တက်ရောက်လာတဲ့ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ ကလည်း ခေတ်သစ်၊ စနစ်သစ်နဲ့အတူ နှစ်သစ်ကို ကြိုဆိုကြောင်း အခုလို ပြောပါတယ်။
"နှစ်သစ်ကိုကြိုတဲ့ အခုလို အချိန်အခါမှာပေါ့နော် မြန်မာနိုင်ငံသူ နိုင်ငံသားအပေါင်းတို့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီးတော့ ပျော်ရွှင်ချမ်းမြေ့စွာနဲ့ပဲ ခေတ်သစ်၊ စနစ်သစ်၊ နှစ်သစ်ကို ကြိုဆိုနိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သ နှုတ်ခွန်းဆက်သလိုက်ပါတယ်။"
ပြည်သူ့လွှတ်တော် ဥပဒေရေးရာကော်မရှင် ဥက္ကဌ သူရဦးရွှေမန်းကလည်း နှစ်ဦးနှစ်ဘက် အကျိုးစီးပွားအတွက် ပူးပေါင်း ဆောင်ရွက်မှုနဲ့ အစပြုပြီး နိုင်ငံတ၀ှမ်း လုံခြုံအေးချမ်းဖို့ နှစ်သစ်ကူး ဆုတောင်းအဖြစ် အခုလို ပြောကြားခဲ့ပါတယ်။
"နှစ်သစ်ကူးမှာ မြန်မာနိုင်ငံသားအပေါင်း ကိုယ်စိတ်နှစ်ပါး ကျန်းမာရွှင်လန်းပြီး ကောင်းကျိုးလိုရာဆန္ဒများကို ကိုယ်စီကိုယ်ငှ ပြုနိုင်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။"
စရိတ်စက ခြိုးခြံချွေတာရေးအနေနဲ့ အရင်အစိုးရလက်ထက် သမ္မတအိမ်တော်မှာ နှစ်ရက်ကြာ ကျင်းပတဲ့ သင်္ကြန်ပွဲတော် အခမ်းအနားအစား ဒီနှစ်မှာစတင်ပြီး တရက်ပဲ ကျင်းပမှာဖြစ်ကြောင်း သမ္မတ ဦးထင်ကျော်က အခမ်းအနား မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။ သင်္ကြန်ပွဲတော်ကို ဒုသမ္မတ ၂ ဦး အပါအ၀င် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ ပြည်ထောင်စုဝန်ကြီးတွေ၊ လွှတ်တော်ခေါင်းဆောင်တွေနဲ့အတူ NLD ပါတီက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပြီး အနုပညာရှင်တွေက ဖျော်ဖြေခဲ့ကြပါတယ်။ နေပြည်တော်မှာ မျက်စိခွဲစိတ်ကုသမှုခံယူထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ မနေ့က သမ္မတအိမ်တော်မှာ ကျင်းပတဲ့ သင်္ကြန်ပွဲတော် အခမ်းအနားကို တက်ရောက်နိုင်ခြင်းမရှိခဲ့ပါဘူး။