အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ကနေ ထိုင်းနိုင်ငံကို ရောက်လာတဲ့ အသက် ၃၃ နှစ်အရွယ် ကိုသူရကျော် ပြီးခဲ့တဲ့ ကြာသာပတေးနေ့က ထိုင်းနိုင်ငံ၊ ဖူးခက် အပန်းဖြေ ကမ်းခြေမှာ ဓါတ်လိုက်သေဆုံးသွားတဲ့အကြောင်း ထိုင်းရဲတပ်ဖွဲ့က အတည်ပြု ကြေညာပါတယ်။
ဖူးခက် Thalang ရပ်ကွက် Don Chom Tao လမ်းလမ်းပေါ်က စားသောက်ဆိုင် တခုမှာ ည ၉ နာရီခွဲ အချိန်လောက် လျှပ်စစ်ဓါတ် စိမ့်ထွက်နေတဲ့ မီးတိုင်တခုကို နင်းမိတဲ့အတွက် ဓါတ်လိုက်သေဆုံးသွားခဲ့တာပါ။
ငါးနှစ်ကျော်ကွဲကွာနေတဲ့ ရည်းစားနဲ့ ပြန်လည်ဆုံစည်းပြီး ပင်လယ်စာရောင်းတဲ့စားသောက်ဆိုင်မှာ ညစာ အတူ လာစားတဲ့အချိန် အခင်းဖြစ်ပွါးခဲ့တာလို့ ထိုင်းသတင်းစာတွေ မှာ ရေးပါတယ်။ ရည်းစားက ညစာစားမယ့် စားပွဲဆီ ရှေ့က သွားနေချိန်မှာ နောက်ကလိုက်လာတဲ့ ကိုသူရကျော်ခြေချော်ပြီး ဓါတ်တိုင်ကို ခလုပ်တိုက်မိခဲ့ပါတယ်။ မိုးရွာပြီးစ စိုစွတ်တဲ့ ကြမ်းပြင်မှာ ဗို့အား ၂၂၀ ယိုစိမ့်နေတဲ့လျှပ်စစ် ဓါတ်တိုင်ကို နင်းမိခဲ့ပါတယ်။ ဓါတ်လိုက်ပြီး သတိမေ့နေတဲ့အချိန် အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့တွေ ကျန်းမာရေး ဝန်ထမ်းတွေ အမြန်ဆုံးရောက်လာပေမဲ့ ဖူးခက်မြို့ ဆေးရုံမှာ သေဆုံးသွားတဲ့ အကြောင်း ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Forum