မြန်မာနိုင်ငံမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပပေးဖို့၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုပိုင်ခွင့်၊ အသင်းအဖွဲ့ ဖွဲ့စည်းပိုင်ခွင့်နဲ့ ငြိမ်းချမ်းစွာ စုဝေးပိုင်ခွင့်အပြင် နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ချွင်းချက်မရှိ လွှတ်ပေးဖို့ နယူးဇီလန် လွှတ်တော်ကနေ ဒီနေ့ တညီတညွတ်တည်း ကြေညာချက်ထုတ်ပြီး မြန်မာစစ်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။ ဒါကို နယူးဇီလန်မှာ အခြေစိုက်ပြီး မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ Amnesty International အဖွဲ့ကလည်း ကြိုဆိုလိုက်ပါတယ်။ အခုလို နယူးဇီလန် လွှတ်တော်ရဲ့ ကြေညာချက်ဟာ နယူးဇီလန် အစိုးရ တရပ်လုံးရဲ့ သဘောထားကို ဘယ်လောက်အထိ ထင်ဟပ်တယ်လို့ ပြောလို့ရပါသလဲ။ အကြောင်းစုံကို စုံစမ်းမေးမြန်းထားတဲ့ နော်ရှိုးက တင်ပြပေးထားပါတယ်။
ဒီကနေ့ ဗုဒ္ဓဟူးနေ့ နယူးဇီလန် လွှတ်တော်မှာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အားလုံးရဲ့ ထောက်ခံမှုကို ရပြီးတဲ့အခါ Cross-party parliamentary group on Burma ခေါ် မြန်မာ့အရေးဆိုင်ရာ နယူးဇီလန် နိုင်ငံရေးပါတီ အားလုံးပါဝင်တဲ့ ပါလီမန်အဖွဲ့ရဲ့ ဥက္ကဋ္ဌ မာယန် စထရိ (Maryan Street) က လွှတ်တော်တရပ်လုံး အနေနဲ့ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။ ဒါကို နယူးဇီလန် အခြေစိုက် Amnesty အဖွဲ့က အကြီးအကဲ ပက်ထရစ် ဟုမ်းစ် (Patrick Holmes) က ကြိုဆိုလိုက်ပါတယ်။
“ကျနော်မှတ်မိသလောက်တော့ ဒါ အချိန်တော်တော်ကြာကြာ အတွင်း ပထမဆုံးအကြိမ်အဖြစ် နယူးဇီလန် အစိုးရရဲ့ အာဏာရနဲ့ အတိုက်အခံ ပါတီတို့က မြန်မာ့အရေးနဲ့ ပတ်သက်ပြီး Amnesty က စည်းရုံးလှုံ့ဆော်လာတဲ့ အချက်တွေကို တညီတညွတ်တည်း ထောက်ခံပြီး စစ်အစိုးရကို ဖိအားပေး တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအပြင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ဖွဲ့စည်းပိုင်ခွင့်နဲ့ စုဝေးပိုင်ခွင့် စတဲ့ လွတ်လပ်မှု ၃ ရပ်ကို ပေးဖို့ မြန်မာ့အိမ်နီးချင်း နိုင်ငံတွေ အနေနဲ့ စစ်အစိုးရကို ဖိအားပေးဖို့ Amnesty အဖွဲ့က တိုက်တွန်းလာခဲ့တာပါ။”
အခုလို နယူးဇီလန် လွှတ်တော်ရဲ့ တိုက်တွန်းချက်ဟာ ဘယ်လောက် အရေးပါတယ်လို့ ပြောလို့ရပါသလဲ၊ နယူးဇီလန် အစိုးရ တရပ်လုံးရဲ့ မြန်မာနိုင်ငံဆိုင်ရာ သဘောထား ရပ်တည်ချက်နဲ့ ပတ်သက်ပြီးတော့ရော ဘယ်လောက်ထိ ထင်ဟပ်တယ်လို့ ပြောလို့ရပါသလဲ ဆိုတာကိုတော့ ပက်ထရစ် ဟုမ်းစ်က အခုလို ပြောပါတယ်။
“နယူးဇီလန်မှာက လွှတ်တော်တရပ်ပဲ ရှိတာပါ။ ဒါကြောင့် လွှတ်တော်တရပ်လုံး တညီတညွတ်တည်း ထောက်ခံခဲ့တာဟာ အင်မတန် အရေးကြီးတဲ့ ခြေလှမ်းတရပ်ပါ။ ကျနော်တို့ Amnesty အဖွဲ့ အနေနဲ့လည်း အခုဆို အာဆီယံ နိုင်ငံတွေအပေါ် နယူးဇီလန် နိုင်ငံခြားရေးနဲ့ ကုန်သွယ်ရေး ၀န်ကြီးဌာနက ဖိအားပေးရေးအတွက် တိုက်တွန်းလို့ ပိုကောင်းလာတာပေါ့ဗျာ။ နယူးဇီလန် နိုင်ငံခြားရေးနဲ့ ကုန်သွယ်ရေးဝန်ကြီး ကိုယ်တိုင်လည်း မြန်မာ့အရေးအတွက် အဲဒီလို ဖိအားပေးဖို့ စိတ်ပါဝင်စားတယ်ဆိုတာ ကျနော်တို့ ကြားသိထားပါတယ်။”
နယူးဇီလန် အခြေစိုက် Amnesty အဖွဲ့နဲ့အတူ မြန်မာ့နိုင်ငံရေး အကျဉ်းသားဟောင်း တဦးဖြစ်တဲ့ ကိုအောင်ခိုင်မင်းက အဲဒီမှာ တခဏ ရောက်နေပြီး အခုလ ၁၀ ရက်ကနေ ၂၀ ရက်အတွင်း အော့ကလန်၊ ၀ယ်လင်တန်၊ ခရစ်စ်ချာ့ခ်ျ စတဲ့ မြို့တွေမှာ မြန်မာ့ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးနဲ့ ပတ်သက်ပြီး ဟောပြော စည်းရုံးနေတာလည်း ဖြစ်ပါတယ်။
နယူးဇီလန်က Amnesty အဖွဲ့က မြန်မာပြည်တွင်း လွတ်လပ်စွာ ပြောဆို၊ ဖွဲ့စည်း၊ စုဝေးခွင့်လို လွတ်လပ်မှု ၃ ရပ်အပြင် နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ချွင်းချက်မရှိ လွှတ်ပေးဖို့၊ အကျဉ်းကျနေ သူတွေကိုလည်း မျှတတဲ့ ရုံးတင် စစ်ဆေးမှုတွေ လုပ်ပေးဖို့၊ လူနည်းစု တိုင်းရင်းသားတွေအပေါ် အကြမ်းဖက် တိုက်ခိုက်နေတာတွေကို ရပ်တန်းကရပ်ဖို့ တိုက်တွန်း လှုပ်ရှားနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲ မတိုင်မီ၊ ရွေးကောက်ပွဲတွင်း ကာလအပြင် ရွေးကောက်ပွဲလွန် ကာလတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရပ်တန်းကရပ်ဖို့ အရေးကြီးတယ်လို့လည်း Amnesty International အဖွဲ့ရဲ့ အကြီးအကဲ မစ္စတာ ပက်ထရစ် ဟုမ်းစ်က ထောက်ပြသွားခဲ့ပါတယ်။