ပွင့်လင်းထင်သာမှု မရှိတဲ့ မြန်မာနဲ့ မြောက်ကိုရီးယားနိုင်ငံရဲ့ ဆက်ဆံရေးကြောင့် အမေရိကန် ပြည်ထောင်စုက စိုးရိမ်မကင်း ဖြစ်ရတယ်လို့ ပြောဆိုလိုက်ပါတယ်။
မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ပတ်ဝေချွန်း (Pak Ui-Chun) မြန်မာနိုင်ငံကို ၄ ရက်ကြာခရီး ရောက်ရှိနေတာနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံ ဆက်ဆံရေး အခြေအနေအပေါ် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ပီ.ဂျေ ခရော်လီ (P.J Crowley) က မနေ့က ပုံမှန် သတင်းစာ ရှင်းလင်းပွဲမှာ အခုလို သုံးသပ် ပြောဆိုသွားတာ ဖြစ်ပါတယ်။
“မြောက်ကိုရီးယားနဲ့ မြန်မာနိုင်ငံ ဆက်ဆံရေး သဘော သဘာဝနဲ့ ပတ်သက်ပြီးတော့ စိုးရိမ်မကင်း ဖြစ်ရတဲ့အကြောင်း ကျနော်တို့ ထပ်ခါ ထပ်ခါ ပြောဆိုနေတာပါ။ ကျနော်တို့ တွေ့မြင်လိုတဲ့ နှစ်နိုင်ငံ ဆက်ဆံရေးအတိုင်း ထင်သာ မြင်သာ ပွင့်လင်းမှုတွေ မတွေ့ရပါဘူး။ မြောက်ကိုရီးယားနိုင်ငံဟာ နျူကလီးယားလက်နက် ပြန့်ပွားရေးကို တောက်လျှောက် လုပ်နေတဲ့ နိုင်ငံပါ။
“မြောက်ကိုရီးယားနိုင်ငံဟာ မြန်မာနိုင်ငံတင် မကပါဘူး၊ တခြားနိုင်ငံတွေနဲ့လည်း တရားမ၀င် လက်နက် ရောင်းချမှုတွေ သိသိသာသာ လုပ်နေတာပါ။ မြန်မာနိုင်ငံ အနေနဲ့ကလည်း နိုင်ငံတကာ ကျင့်ဝတ်တွေ၊ ၀တ္တရားတွေ အတိုင်း လိုက်နာလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ထားပါတယ်။”
မြောက်ကိုရီးယားနိုင်ငံရဲ့ နောက်ခံ သမိုင်းမှတ်တမ်းတွေအရ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးကို အမေရိကန် ပြည်ထောင်စုက မျက်ခြည်မပြတ် စောင့်ကြည့်နေတယ်လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ပီ.ဂျေ ခရော်လီက ကြာသပတေးနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။
မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ပတ်ဝေချွန်းဟာ မြန်မာနိုင်ငံကို ရောက်ရှိနေပြီး ဒီနေ့ နေပြည်တော်ကို ခရီးဆက်မှာ ဖြစ်ပါတယ်။