သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရားစွဲဆိုထားသည့် ကာလ NLD ပါတီ ရပ်တည်မှု ပျက်ပြယ်ခြင်းမရှိ


တရားစွဲဆိုထားသည့် ကာလ NLD ပါတီ ရပ်တည်မှု ပျက်ပြယ်ခြင်းမရှိ
တရားစွဲဆိုထားသည့် ကာလ NLD ပါတီ ရပ်တည်မှု ပျက်ပြယ်ခြင်းမရှိ

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဟာ ဥပဒေကြောင်းအရ တရားဝင် အဖွဲ့အစည်းတခုအဖြစ် ဒီကနေ့အထိ ဆက်ပြီး ရပ်တည်နေတုန်းပဲ ဆိုတဲ့အကြောင်း ပါတီအတွင်း ကြေညာချက် တစောင်ကို ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်က NLD ပါတီကို မတရားအသင်း ကြေညာခဲ့တာနဲ့ ပတ်သက်ပြီး NLD ဘက်က တရားစွဲဆိုမှုကို နိုင်ငံတော် တရားရုံးချုပ်က လက်ခံထားတာကြောင့် ပါတီ မပျက်ပြယ်သေးတဲ့ သဘောလို့ ရှေ့နေ ဦးဉာဏ်ဝင်းက ပြောပါတယ်။ အပြည့်အစုံကို ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။

NLD ပါတီဟာ ဒီကနေ့အထိ တရားဝင် နိုင်ငံရေးပါတီ တခုအဖြစ် ဆက်ပြီး ရပ်တည်နေတုန်းပဲ ဆိုတဲ့အကြောင်း တနိုင်ငံလုံးမှာရှိတဲ့ NLD ပါတီဝင် အင်အားစုတွေကို ဒီကနေ့ပဲ စာပို့လိုက်တဲ့အကြောင်း ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ရှင်းပြပါတယ်။

“ကျနော်တို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ၁၉၈၈ ခုနှစ်ကတည်းက တရားဝင် မှတ်ပုံတင်ထားတယ်။ အခု ရွေးကောက်ပွဲ ဥပဒေတွေ ပေါ်ပေါက်လာတဲ့ အခါမှာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ ထပ်မံ မှတ်ပုံမတင်ရင် အလိုအလျောက် ပျက်ပြယ်တယ်လို့ ဖော်ပြတယ်။ အဲဒီ ဖော်ပြချက်နဲ့ ပတ်သက်ပြီးတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ အစိုးရကို နိုင်ငံတော် တရားရုံးချုပ်မှာ တရားစွဲဆို ဆောင်ရွက်နေတယ်။ ဒီ တရားစွဲဆို ဆောင်ရွက်နေတဲ့ အမှုကိုလည်း နိုင်ငံတော် တရားရုံးချုပ်က လက်ခံပြီး မှတ်ပုံတင်နံပါတ် ပေးထားပါတယ်။

“ဒါကြောင့် အခုလို တရားစွဲထားတဲ့အတွက် ဒီကာလမှာ ကျနော်တို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ပျက်ပြယ်ခြင်း မရှိဘူး၊ ဆက်လက် ရပ်တည်နေတယ်လို့ ကျနော်တို့ အဖွဲ့ချုပ် စည်းရုံးရေး အဖွဲ့တွေကို အကြောင်းကြားတဲ့စာပါ။”

NLD ပါတီဘက်က တရားဝင်နေတုန်းပဲလို့ ပြောနေပေမဲ့ ဒီအချက်ကို စစ်အစိုးရ အာဏာပိုင်တွေဘက်က ဘယ်လို သဘောထားတယ် ဆိုတာကိုတော့ မသိနိုင်ဘူးလို့ ဦးဉာဏ်ဝင်းက ဆိုပါတယ်။

“အဲဒါ ကျနော်တို့ မသိဘူး။ အာဏာပိုင်တွေ သူတို့ စဉ်းစား သုံးသပ်တဲ့ကိစ္စ။ ကျနော်တို့ကတော့ ဥပဒေအရ NLD ဟာ ပျက်ပြယ်ခြင်း မရှိဘူး၊ ဆက်လက်ရပ်တည်တယ် ဆိုတာ ဥပဒေ အချက်အလက်များပေါ်မှာ အခြေခံပြီး တရားစွဲတင်ထားတာပါ။”

အရင်ကာလတွေတုန်းကဆို NLD ပါတီရဲ့ လှုပ်ရှားမှုတွေ မှန်သမျှ စစ်အစိုးရ အာဏာပိုင်တွေဘက်က အမြဲမပြတ် စောင့်ကြည့်တာတွေ၊ သတိပေး ခြိမ်းခြောက်တာတွေ၊ ဖိအားပေးတာတွေ၊ ဖမ်းဆီး အရေးယူတာတွေကို အကြိမ်ကြိမ် လုပ်ခဲ့ပေမဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ NLD ပါတီက မပါဝင်တော့ဘူးလို့ ပြောခဲ့ပြီးနောက်ပိုင်း NLD ရဲ့ လှုပ်ရှားမှုတွေကို အာဏာပိုင်တွေဘက်က ဘာမှ အရေးယူ ဆောင်ရွက်တာ မရှိတော့ပါဘူး။ ဒီလို ထူးခြားချက်တဲ့ အခြေအနေတွေဟာ ဘာကြောင့်ဖြစ်လာတယ်လို့ ထင်သလဲလို့ ဦးဉာဏ်ဝင်းကို မေးကြည့်ပါတယ်။

“ကျနော်တို့က ရွေးကောက်ပွဲ မဝင်တော့ဘူး။ NLD ဆိုတာလည်း သူတို့ပြောတဲ့ ဥပဒေအရဆို မရှိတော့ဘူး။ ဒီအခြေအနေမျိုးမှာ NLD ကို သူတို့ အနှောင့်အယှက်ပေးရင် NLD ရှိတယ်ဆိုတဲ့ အဓိပ္ပာယ် ရောက်နိုင်တယ် ဆိုတာလည်း စဉ်းစားစရာ အချက်တချက်လို့ ကျနော်တော့ အဲဒီလိုပဲ မြင်ပါတယ်။”

NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ရှေ့နေ ဦးဉာဏ်ဝင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

လာမယ့် အောက်တိုဘာလ ၁၈ ရက်နေ့ကျရင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ချခံထားရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အထူးအယူခံလွှာကို တရားရုံးချုပ် ရန်ကုန်မှာ ကြားနာဖို့ရှိလို့ မနက်ဖြန်ကျရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တရားဥပဒေဆိုင်ရာ ကိစ္စတွေ ပြောဆိုခွင့်ရရေး ရှေ့နေ ဦးဉာဏ်ဝင်းနဲ့အဖွဲ့ဟာ နေအိမ်မှာ အကျယ်ချုပ် ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ အာဏာပိုင်တွေဆီမှာ ခွင့်တောင်းထားတယ်လို့လည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။

XS
SM
MD
LG