သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့ မြောက်ကိုရီးယား နျူကလီးယားသတင်း အမေရိကန် စိုးရိမ်


မြန်မာစစ်အစိုးရ အနေနဲ့ နျူကလီးယား အစီအစဉ်အတွက် မြောက်ကိုရီးယားဆီကနေ အကူအညီတွေ ယူနေတယ် ဆိုတဲ့ သတင်းတွေအပေါ် အမေရိကန်က စိုးရိမ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က ပြောလိုက်ပါတယ်။

ဒီကိစ္စဟာ အာဆီယံအတွက်ရော အမေရိကန် အတွက်ပါ စိုးရိမ်စရာ ဖြစ်တယ်လို့ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တော်မှာ လုပ်နေတဲ့ အာဆီယံဒေသ လုံခြုံရေးဆိုင်ရာ စည်းဝေးပွဲမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက အရှေ့တောင်အာရှ နိုင်ငံတွေက အဆင့်မြင့် တာဝန်ရှိသူတွေကို ဒီကနေ့ ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ နျူကလီးယားလက်နက် ထုတ်လုပ်ဖို့ အစီအစဉ် မပြောနဲ့၊ စိတ်ကူးတောင် မရှိပါဘူးဆိုတဲ့ အာဆီယံ စည်းဝေးပွဲ တက်ရောက်နေတဲ့ မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းရဲ့ အပြောကိုတော့ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ဂျော့ချ်ယိုး (George Yeo) က အင်္ဂါနေ့က သတင်းထောက်တွေကို ပြန်ပြောပြခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ပြုပြင် ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာအောင် မြန်မာခေါင်းဆောင်တွေနဲ့ ဘယ်လို ပူးပေါင်းဆောင်ရွက်ပြီး အားပေးသွားနိုင်မလဲ ဆိုတဲ့ နည်းလမ်းတွေ အတွက်လည်း အမေရိကန်က ဆက်ပြီး ဆွေးနွေးသွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့ပါတယ်။

မကြာခင်လုပ်မယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့လည်း ဒီရွေးကောက်ပွဲဟာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ မျှော်လင့်ချက် မရှိဘူးလို့ အမေရိကန် တာဝန်ရှိသူတွေ ပြောနေတဲ့အပေါ် သူ့အနေနဲ့ စိုးရိမ်တယ်လို့ မစ်စ် ကလင်တန်က ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ပြဿနာဟာ မြန်မာပြည်သူတွေ အတွက်တင် မဟုတ်ဘဲ အိမ်နီးချင်း နိုင်ငံတွေ အပေါ်မှာလည်း သက်ရောက်မှုတွေ ရှိနေတယ်လို့ ဒီကနေ့ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာလုပ်တဲ့ အာဆီယံ ဒေသတွင်း ဆွေးနွေးပွဲမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ပြောကြားခဲ့ပါတယ်။

တချိန်တည်းမှာပဲ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ပတ်အွီချွန်း (Pak Ui-Chun) ဟာ ဒီလကုန်ပိုင်းမှာ မြန်မာနိုင်ငံကို ၄ ရက်ကြာ ခရီးသွားရောက်ဖို့ ရှိနေပါတယ်။ မြန်မာနဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံကြားမှာ သံတမန်ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်အောင် ကြိုးစားနေချိန်မှာ ဇူလိုင်လ ၂၉ ရက်နေ့ကနေ သြဂုတ်လ ၁ ရက်နေ့အထိ မြန်မာနိုင်ငံကို သွားမယ့် မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းနဲ့ တွေ့ဆုံ ဆွေးနွေးမယ်လို့ သိရပါတယ်။

XS
SM
MD
LG