သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလ တားမြစ်ပစ္စည်း မြောက်ကိုရီးယားတင်ပို့မှုထဲ မြန်မာပါဝင်နေ


ကုလသမဂ္ဂက ပိတ်ဆို့ဒဏ်ခတ် တားမြစ်ထားတဲ့ စစ်လက်နက်ပစ္စည်းတွေကို မြောက်ကိုရီးယားက တင်ပို့ခဲ့တဲ့ နိုင်ငံတွေအနက် မြန်မာနိုင်ငံလည်း ပါဝင်ကြောင်း ကျွမ်းကျင်သူတွေက ပြောဆိုလိုက်ကြပါတယ်။ ကုလသမဂ္ဂရဲ့ တားမြစ်ချက်ကို ချိုးဖောက်ပြီး မြန်မာနိုင်ငံကို ပဲ့ထိန်းတပ် မစ်ဇိုင်းဒုံးစနစ် တင်ပို့ခဲ့သလို၊ ဆီးရီးယားနိုင်ငံကိုလည်း ပဲ့ထိန်းတပ် မစ်ဇိုင်းဒုံးနဲ့ ဓာတုလက်နက်တွေ တင်ပို့ခဲ့ကြောင်း မြောက်ကိုရီးယားအပေါ် ဒဏ်ခတ်မှုတွေကို စောင့်ကြည့်အကဲခတ်နေတဲ့ ကျွမ်းကျင်သူအဖွဲ့က အစီရင်ခံစာ ထုတ်ပြန်ရာမှာ ပြောဆိုခဲ့တာပါ။

ရော့ကတ်ဒုံးပစ်စင်တွေ၊ မြေပြင်က ဝေဟင်ပစ် မစ်ဇိုင်းဒုံးတွေနဲ့ ပဲ့ထိန်းတပ် မစ်ဇိုင်းဒုံးတွေ အပါအဝင် သမားရိုးကျ လက်နက်တွေ မြန်မာနိုင်ငံကို မြောက်ကိုရီးယားက တင်ပို့ခဲ့တဲ့ အထောက်အထားတွေကို ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတခုက တင်ပြထားကြောင်းလည်း မနေ့နှောင်းပိုင်းက ထုတ်ပြန်လိုက်တဲ့ စာမျက်နှာ ၂၀၀ ကျော် ပါဝင်တဲ့ အစီရင်ခံစာကို ကိုးကားပြီး AP သတင်းက ဖော်ပြပါတယ်။ ရေနံနဲ့ဓာတ်ငွေ့ မရောင်းချဖို့ ကုလသမဂ္ဂရဲ့ ပိတ်ဆို့ဒဏ်ခတ် တားမြစ်ချက်ကို ရှောင်ရှားနိုင်အောင် မြောက်ကိုရီးယားဟာ မြန်မာနဲ့ ဆီးရီးယား နိုင်ငံတွေနဲ့ ပဲ့ထိန်းတပ် မစ်ဇိုင်းဒုံးစနစ် တည်ဆောက်မှုတွေမှာ ပူးပေါင်းဆောင်ရွက်ခဲ့သလို၊ ဥပဒေမဲ့ တင်ပို့မှုတွေကြောင့် ပြီးခဲ့တဲ့နှစ်ထဲ ၉ လအတွင်း ဒေါ်လာသန်း ၂၀၀ နီးပါး ဝင်ငွေရခဲ့ကြောင်းလည်း AP သတင်ဌာနက ဒီလဆန်းမှာပဲ ဖော်ပြခဲ့တာပါ။

အမည်ဖော်ပြမထားတဲ့ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတခုကို ကိုးကားထားတဲ့ ကျွမ်းကျင်သူတွေရဲ့ အစီရင်ခံစာမှာတော့ မြန်မာနိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာနဟာ ရှုတ်ထွေးနက်နဲတဲ့ နိုင်ငံတကာ လက်နက်အရောင်းအဝယ် ကွန်ယက်နဲ့ ပတ်သက်မှု ရှိနေဆဲဖြစ်ပြီး၊ မြောက်ကိုရီးယားနဲ့ ဆက်နွယ်တဲ့ မစ်ဇိုင်းဒုံး အစီအစဉ်အတွက် ပြည်ပကနေ လိုအပ်တဲ့ ပစ္စည်းတွေ ရရှိဖို့ ကြိုးပမ်းခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။

နျူကလီးယားနဲ့ ဆက်နွယ်တဲ့ တားမြစ်ပစ္စည်းတွေကို ၂၀၁၂ ခုနှစ်တုန်းက တင်ပို့ဖို့ ကြိုးစားရာမှာ မြန်မာနိုင်ငံက စိုးမင်းထိုက် ကုမ္ပဏီက ဝယ်သူအဖြစ် လက်မှတ်ရေးထိုးထားတာ တွေ့ရကြောင်းလည်း ကုလသမဂ္ဂ ကျွမ်းကျင်သူတွေ အရင်တုန်းက အစီရင်ခံခဲ့ဖူးပါတယ်။ မြန်မာအစိုးရ တာဝန်ရှိသူတွေကတော့ မြောက်ကိုရီးယားနဲ့ ပုံမှန်သံတမန် ဆက်သွယ်မှုတွေသာရှိပြီး စစ်ဘက်ဆိုင်ရာ အဆက်အဆံတွေ မရှိကြောင်း ကုလသမဂ္ဂ ကျွမ်းကျင်သူအဖွဲ့ကို ၂၀၁၅ ခုနှစ်တုန်းက ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG