သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား၊ မြန်မာ ဆက်ဆံရေး အမေရိကန် စိုးရိမ်


မြန်မာနဲ့ မြောက်ကိုရီးယားနိုင်ငံ အကြား အန္တရာယ်များလှတဲ့ နျူကလီးယား နည်းပညာတွေ၊ ဆက်စပ်ပစ္စည်းတွေနဲ့ ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်နေတယ် ဆိုတဲ့ သတင်းတွေကြောင့် အမေရိကန် ပြည်ထောင်စုက စိုးရိမ်မကင်း ဖြစ်ရတယ်လို့ ကြာသပတေးနေ့မှာ ပြောဆိုလိုက်ပါတယ်။ အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်က ဒီသီတင်းပတ်ကုန်မှာ မြန်မာနိုင်ငံ သွားမယ်လို့ စီစဉ်ခဲ့ပြီး မြန်မာနဲ့ မြောက်ကိုရီးယား အကြား နျူကလီးယားအရေး ဆက်ဆံမှုတွေ ရှိနေတယ်ဆိုတဲ့ သတင်း ထွက်ပေါ်လာချိန်မှာတော့ မသွားသင့်တာကြောင့် ခရီးစဉ် ဖျက်သိမ်းခဲ့တာလို့ ရှင်းလင်းခဲ့ပြီးနောက် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက အခုလို မှတ်ချက်ချလိုက်တာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်စိုးဝင်းက တင်ပြပေးထားပါတယ်။

အမေရိကန် အထက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေးရာ ကော်မတီ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသရေးရာ ဆပ်ကော်မတီ ဥက္ကဋ္ဌ ဗာဂျီးနီးယားပြည်နယ် ကိုယ်စားပြု ဒီမိုကရက် အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ် (Jim Webb) ရဲ့ မြန်မာနိုင်ငံ ခရီးစဉ် ဖျက်သိမ်းလိုက်တာနဲ့ ပတ်သက်ပြီး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက သိရှိပြီး ဖြစ်တဲ့အကြောင်း၊ မြန်မာနဲ့ မြောက်ကိုရီးယား ပူးပေါင်းဆောင်ရွက်နေတဲ့အပေါ် စိုးရိမ်မကင်း ဖြစ်ရတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ပီဂျေ ခရော်လီ (P.J Crowley) က မနေ့ ကြာသပတေးနေ့က အခုလို မှတ်ချက်ချပါတယ်။

“မြန်မာနဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံအကြား ကူးလူးဆက်ဆံနေတာတွေ၊ အပေးအယူ လုပ်နေတာတွေနဲ့ ပတ်သက်ပြီး ကျနော်တို့ စိုးရိမ်မကင်း ဖြစ်နေပါတယ်။ မြောက်ကိုရီးယားဟာ အန္တရာယ်များလှတဲ့ ကုန်ကြမ်းတွေနဲ့ လက်နက်တွေကို တသီကြီး ဖြန့်ဖြူးနေတာ ကျနော်တို့ သတိထားမိပါတယ်။ ဒါနဲ့ပတ်သက်ပြီး မြန်မာစစ်အစိုးရကို တိုက်ရိုက်ပဲ အလေးအနက် ပြောဆိုထားပြီးပါပြီ။ ဒါဟာ ကျနော်တို့အတွက် အဓိက စိုးရိမ်မကင်းဖြစ်ရတဲ့ ကိစ္စတခုအဖြစ် ဆက်ပြီးတော့ ရှိနေမှာပါ။”

ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ ဆုံးဖြတ်ချက်အမှတ် ၁၈၇၄ နဲ့ မြောက်ကိုရီးယားနိုင်ငံ အနေနဲ့ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေကို နျူကလီးယား လက်နက်ဆိုင်ရာ နည်းပညာတွေ၊ ဆက်စပ်ပစ္စည်းတွေ၊ ဒုံးလက်နက်တွေ မရောင်းဝယ်ရဘူးလို့ တားမြစ်ထားတာကို ချိုးဖောက်ပြီး မြန်မာနိုင်ငံနဲ့ နျူကလီးယားအရေး ကူးလူးဆက်ဆံမှုတွေ ရှိနေတာနဲ့ ပတ်သက်ပြီး NCGUB အဝေးရောက် ညွန့်ပေါင်းအစိုးရအဖွဲ့ ကုလသမဂ္ဂဆိုင်ရာ တာဝန်ခံ ဒေါက်တာသောင်းထွန်းက အခုလို ရှင်းပြပါတယ်။

“အဲဒီဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်မှု ရှိမရှိ၊ အဲဒါကို လေ့လာနေတဲ့ စီးပွားရေးပိတ်ဆို့မှု ကော်မတီကလည်း မကြာသေးခင်က အစီရင်ခံစာတခု ထုတ်ပြန်တဲ့နေရာမှာ မြောက်ကိုရီးယားနဲ့ နအဖက နျူကလီးယားကိစ္စနဲ့ ဒုံးပျံနည်းပညာတွေ၊ ဆက်စပ်ပစ္စည်းတွေနဲ့ ပတ်သက်လို့ အရောင်းအဝယ်၊ အပေးအယူတွေ ရှိတယ်ဆိုတာ သူတို့ တွေ့ထားပါတယ်။ ဆိုတော့ ဒီကိစ္စဟာ အခုလောလောဆယ် လုံခြုံရေးကောင်စီမှာ အရေးတကြီး အရေးယူ ဆောင်ရွက်ရမယ့်ကိစ္စ ဖြစ်တယ်။ နအဖဘက်ကလည်း ရှင်းလင်းချက် ပေးရမယ့်ကိစ္စ ဖြစ်တယ်။

“အဲလိုမျိုး ရှင်းလင်းချက် မပေးတဲ့ အခြေအနေမှာ ဂျင်မ်ဝက်ဘ်အနေနဲ့ မသွားဖို့ ဆုံးဖြတ်လိုက်တာဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်လို့ မြင်တယ်။ အမေရိကန် နိုင်ငံရေး ခေါင်းဆောင်တွေ၊ လွှတ်တော်အမတ်တွေက ဘယ်လောက် ဒီကိစ္စကို အလေးထားသလဲ ဆိုတဲ့ဟာကို ပေါ်လွင်တယ်လို့ မြင်ပါတယ်။”

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အနေနဲ့ နှစ်နိုင်ငံစလုံး အပေါ်မှာ ဘယ်လိုများ အရေးယူနိုင်မယ့် အလားအလာ ရှိပါသလဲ။

“မြောက်ကိုရီးယားနဲ့ ပတ်သက်လို့ကတော့ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို ချိုးဖောက်တာပဲဖြစ်ဖြစ်၊ တောင်ကိုရီးယား ရေတပ်သင်္ဘောကို နှစ်မြှုပ်လိုက်တဲ့ကိစ္စနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ်၊ ဒီကိစ္စဟာ လုံခြုံရေးကောင်စီမှာ အခု ဆွေးနွေးနေကြတယ်။ မြောက်ကိုရီးယားနဲ့ ပတ်သက်လို့တော့ ထပ်ပြီးတော့ စီးပွားရေး ပိတ်ဆို့မှုတွေကို ဒီ့ထက်ပိုပြီးတော့ တင်းတင်းကျပ်ကျပ် လုပ်မယ့်သဘော ရှိတယ်။

“တွေ့ရှိချက်တွေကလည်း ဥပမာ မြောက်ကိုရီးယားနဲ့ မြန်မာနဲ့ ကိစ္စတွေ၊ အပေးအယူ၊ အရောင်းအဝယ် လုပ်ကြတဲ့နေရာမှာ ကြားထဲက ကုမ္ပဏီ၊ ကြားခံ အဆင့်ဆင့်တွေကို လုပ်ကြတာပေါ့။ သိထားသလောက်ကလည်း နအဖဘက်က အရောင်းအဝယ် လုပ်တဲ့အခါမှာ အဲဒီလိုပဲ ပုဂ္ဂလိက ကုမ္ပဏီတခု နာမည်နဲ့ လုပ်တယ်ဆိုတာ တွေ့ရတယ်။ သေချာတာတော့ အဲဒီကုမ္ပဏီတွေက Black lists စာရင်းထဲမှာ အသွင်းခံရမယ်။ ဒီကုမ္ပဏီတွေရဲ့ ငွေရေးကြေးရေးဆိုင်ရာ Transactions တွေပေါ့၊ လွှဲပြောင်းမှုတွေ ဒါတွေကို ပိတ်ဆို့မှာပဲ။ ကုမ္ပဏီတွေ အဆင့်ဆင့် ကြားခံပြီး မလိမ့်တပတ် လုပ်လို့မရအောင် ပိတ်ဆို့မှာပဲပေါ့။

“နအဖနဲ့ ပတ်သက်လို့ကတော့ ဘယ်လောက် အတိုင်းအတာအထိ လုပ်မလဲပေါ့၊ ပထမဆုံးအကြိမ် သတိပေးတာတွေ လုပ်ပြီး နောက် ဘာတွေ ဆက်လုပ်မလဲ ဆိုတာတော့၊ ကျနော်တို့လည်း ဒီကိစ္စကို သံတမန်တချို့နဲ့ စပြီး ပြောဆိုဆွေးနွေးဆဲပဲ ရှိပါတယ်။ ဘယ်လို အတိုင်းအတာအထိ လုပ်လာမလဲ ဆိုတာ အခုလောလောဆယ် အခြေအနေမှာ ပြောလို့မရဘူး။ ဒါပေမဲ့ သေချာတာကတော့ ဒီကိစ္စဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အရေးထားပြီး လုပ်နေတဲ့ ကိစ္စတခု ဖြစ်တယ်လို့ပဲ အခုချိန်မှာ ပြောနိုင်ပါတယ်။”

XS
SM
MD
LG