သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်- မြန်မာ ဆက်ဆံရေး မြောက်ကိုရီးယား ဆက်စပ်မှုကြောင့် စိုးရိမ်ရ


အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ မစ္စတာ ပီ.ဂျေ ခရော်လီ။
အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ မစ္စတာ ပီ.ဂျေ ခရော်လီ။

မြန်မာနိုင်ငံဟာ မြောက်ကိုရီးယားနိုင်ငံနဲ့ နျူကလီးယားဆိုင်ရာ ဆက်နွယ် ပတ်သက်မှုတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံက စိုးရိမ်မကင်း ဖြစ်နေတဲ့အပြင် အမေရိကန်နဲ့ မြန်မာ နှစ်နိုင်ငံအကြား ဆက်ဆံရေးလည်း စိုးရိမ်ပူပန်ရတဲ့ သဘောသဘာဝနဲ့ ကာလ အတန်ကြာကတည်းက ရှိနေခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ဟာ ရှေ့သီတင်းပတ်ထဲမှာ အာရှဒေသကို သွားရောက်ဖို့ရှိပြီး ကိုးရီးယားစစ်ပွဲ နှစ် ၆၀ ပြည့် အခမ်းအနားကို တက်ရောက်မှာ ဖြစ်တဲ့အပြင် မဲခေါင်မြစ်ကြောင်း အောက်ပိုင်းဒေသဆိုင်ရာ ဆွေးနွေးပွဲအတွက် ဗီယက်နမ်နိုင်ငံကိုလည်း သွားရောက်မှာ ဖြစ်ပါတယ်။

ဒီလိုသွားရောက်တဲ့ အာရှ ခရီးစဉ်အတွင်း မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက် စမ်းသပ်မှု ဆိုင်ရာတွေ အပါအဝင် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကိုလည်း ဆွေးနွေးမယ်လို့ မျှော်လင့်ကြပါတယ်။ ဒေသတွင်း လုံခြုံရေးနဲ့ ပတ်သက်ပြီး စိုးရိမ်နေရတဲ့ မြောက်ကိုရီးယားနိုင်ငံ ဆီကနေ မြန်မာစစ်အစိုးရက နျူကလီးယားနဲ့ ဒုံးလက်နက် ဆိုင်ရာတွေနဲ့ နည်းပညာတွေ ရယူဖို့ ကြိုးစားနေကြောင်း မကြာခင်ကမှ ဒီမိုကရက်တစ် မြန်မာ့အသံက အစီရင်ခံစာတစောင် ထုတ်ဖော် တင်ပြခဲ့တဲ့အပြင် အမေရိကန် အစိုးရဘက်ကလည်း ဒီကိစ္စအတွက် စိုးရိမ်မကင်း ဖြစ်မိကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ပီ.ဂျေ ခရော်လီ (P.J Crowley) က ဗုဒ္ဓဟူးနေ့က ပြောပါတယ်။

“ဒီကိစ္စဟာ ကျနော်တို့အတွက် အချိန် အတော်ကြာကတည်းက စိတ်ပူခဲ့ရတာပါ။ အမေရိကန်၊ မြန်မာ နှစ်နိုင်ငံကြား ဆက်ဆံရေးဟာ ဒီလို စိတ်ပူရတဲ့ အနေအထားမှာ ရှိနေပါတယ်။ နျူကလီးယားလက်နက် ထိန်းချုပ်ရေး အပါအဝင် နိုင်ငံတကာက လိုက်နာရမယ့် တာဝန် ဝတ္တရားတွေအတိုင်း လုပ်ဆောင်ဖို့ စစ်အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံတိုင်းလည်း အထပ်ထပ် ပြောကြားနေတာပါ။”

အမေရိကန် အစိုးရရဲ့ စိုးရိမ် စိတ်ပူမှုကြောင့် အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ် (Jim Webb) က သူ့ရဲ့ မြန်မာနိုင်ငံကို နောက်ထပ်တကြိမ် သွားရောက်မယ့် ခရီးစဉ်ကို ဖျက်သိမ်းခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။ မစ္စတာ ခရော်လီကတော့ ထောက်လှမ်းရေးကရတဲ့ အချက်အလက်တွေကို ထုတ်ဖော် မပြောဆိုခဲ့ပေမဲ့ မြန်မာစစ်အစိုးရနဲ့ မြောက်ကိုရီးယား ဆက်ဆံရေးကိုလည်း သေသေချာချာ စောင့်ကြည့်နေပါတယ်လို့ ဆိုပါတယ်။

“အမေရိကန်နိုင်ငံက ဒီကိစ္စနဲ့ ပတ်သက်ပြီး သေသေချာချာ စောင့်ကြည့်နေပါတယ်။ မြန်မာစစ်အစိုးရရဲ့ နျူကလီးယားဆိုင်ရာ ဆက်ဆံရေးနဲ့ ပတ်သက်ပြီး ကျနော်တို့ စိုးရိမ်ပါတယ်။ ဒီကိစ္စကိုပဲ မြန်မာအစိုးရနဲ့ ကျနော်တို့ ဆက်ပြီး ပြောဆိုကြဖို့ ရှိပါတယ်။”

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ပီ.ဂျေ ခရော်လီ ပြောသွားတာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားနဲ့ မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်လာတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ကလည်း ဒီနှစ်ဆန်းပိုင်းမှာပဲ စိုးရိမ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG