သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာ အရေးဆွေးနွေးပွဲ မြန်မာအစိုးရ တက်မည်မဟုတ်


အင်ဒိုနီးရှား ကယ်တင်ထားတဲ့ေ လှစီးပြေးဒုက္ခသည်များ။ (မေ-၂၀၁၅)
အင်ဒိုနီးရှား ကယ်တင်ထားတဲ့ေ လှစီးပြေးဒုက္ခသည်များ။ (မေ-၂၀၁၅)

အရှေ့တောင် အာရှ နိုင်ငံတွေဆီ ထွက်ပြေးကြတဲ့ ရိုဟင်ဂျာတွေ အရေး ထိုင်းနိုင်ငံက ကျင်းပဖို့ စီစဉ်နေတဲ့ ညီလာခံကို မြန်မာနိုင်ငံ တက်ရောက်မှာ မဟုတ်ဘူးလို့ မြန်မာ အစိုးရက တုန့်ပြန်လိုက်ပါ တယ်။ ဒေသတွင်း နိုင်ငံတွေရဲ့ လူကုန်ကူးမှု ပြဿနာကို မြန်မာနိုင်ငံရဲ့ ပြဿနာ အဖြစ် ဦးတည်ချက်ပြောင်းအောင် လုပ်ဆောင်နေတာ ဖြစ်တယ်လို့လည်း မြန်မာ အစိုးရက ပြောဆိုပါတယ်။ ဒီရက်ပိုင်း အတွင်း မှာဘဲ ပင်လယ်ပြင်ထဲမှာ လှေတွေနဲ့ မျောပါနေကြတဲ့ ရိုဟင်ဂျာတွေ ကို လက်ခံဖို့ကိုလည်း ကုလ အပါအဝင် အခွင့်အရေး အဖွဲ့တွေ ကလည်း ဒေသ တွင်း နိုင်ငံတွေကို တိုက်တွန်းနေကြပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြ ထားပါတယ်။

ထိုင်းနိုင်ငံက ဦးဆောင် ကျင်းပမယ့် ပင်လယ်ဖြတ်ကျော် ရိုဟင်ဂျာ အရေး ဆွေးနွေးပွဲ ကို မြန်မာဘက်က တက်မှာ မဟုတ်ဘူးလို့ မြန်မာ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောပါတယ်။

"အဲဒါနဲ့ပတ်သက်ပြီးတော့ နံပတ် ၁ ရိုဟင်ဂျာ ဆိုတဲ့ဟာနဲ့ ပတ်သက်ပြီးတော့ ရိုဟင်ဂျာ ဆိုတာနဲ့ ပတ်သက်ပြီးတော့ သမ္မတကြီးကရော အစိုးရကရော ကျနော်တို့ ကုလသမဂ္ဂမှာ ဖြစ်စေ ကျနော်တို့ အာဆီယံမှာ ဖြစ်စေပေါ့နော် ကျနော်တို့ အတိတလင်း ပြောထားတယ်။ ရိုဟင်ဂျာ ကျနော်တို့ နိုင်ငံမှာ မရှိဘူးပေါ့နော်။ ပြီးခဲ့တဲ့ မလေးရှား အာဆီယံ Summit မှာလည်း ဒီလိုမျိုး Issue ကို ဆွေးနွေးဖို့ အဆိုပြုလာတာတွေနဲ့ ပတ်သက်ပြီး ကျနော်တို့ နိုင်ငံက နိုင်ငံခြားရေး ဝန်ကြီးက ယတိပြတ် ပယ်ချ ငြင်းပယ်ထားပြီးသား ဖြစ်တယ်ပေါ့နော်။ အဲတော့ ဒီကိစ္စကို ခေါင်းစဉ် တင်ပြီးတော့ ဆွေးနွေးမယ်ဆိုရင်တော့ ကျနော်တို့က လက်မခံဘူး။ အဲဒီ ရိုဟင်ဂျာက ကျနော်တို့က အသိအမှတ်မပြုဘူး။ ကျနော်တို့ဆီမှာ မရှိဘူး ပြောထားတဲ့ အတွက် ရိုဟင်ဂျာ ဆိုတဲ့ဟာနဲ့ ပတ်သက်ပြီး ဆွေးနွေးမယ် ဆိုရင်တော့ ကျနော်တို့က မတက်နိုင်ဘူး။"

ပင်လယ်ပြင်ကို လှေတွေနဲ့ ဖြတ်ကူးပြီး ထိုင်း၊ မလေးရှားနဲ့ အင်ဒိုနီးရှား နိုင်ငံတို့ဆီကို သွားရောက်နေကြတဲ့ ရိုဟင်ဂျာတွေ အရေးဟာ ဒေသတွင်း နိုင်ငံတွေရဲ့ လူကုန်ကူးမှု မတိုက်ဖျက်နိုင်ခြင်းရဲ့ ပြဿနာ အရင်းခံ ဖြစ်တယ်လို့ မြန်မာဘက်က ယူဆပြီး ဒီပြဿနာတွေ အစက မြန်မာနိုင်ငံ ဖြစ်ပါတယ်လို့လွှဲချချင်တဲ့ သဘောထားကို မြန်မာနိုင်ငံဘက်က လက်ခံမှာ မဟုတ်ဘူးလို့လည်း ဦးဇော်ဌေးက ပြောပါတယ်။

"အဓိက ကတော့ လူမှောင်ခိုဂိုဏ်းတွေပေါ့နော် အကြီးအကျယ် ဖြစ်နေ တယ်။ နောက် သက်ဆိုင်ရာ အစိုးရ အောက်ခြေပိုင်းမှာ အုပ်ချုပ်ရေး တာဝန်ရှိသူ တချို့ ပါဝင်ပတ်သက်တယ် ဆိုတာကို မလေး အစိုးရရော ထိုင်းအစိုးရရော ပြောကြား ထားပြီး ဖြစ်တယ်ပေါ့နော်။ အဲတော့ ဒီလူမှောင်ခိုက တဆင့် ဖြစ်လာတဲ့ ဒီလူတွေ ကိစ္စက ကျနော်တို့က လုပ်ခ လစာ သက်သာတယ်၊ ပြီးရင် အလုပ်သမား အခွင့်အရေး အပြည့်အ၀ ပေးစရာ မလိုဘူး၊ နောက် ခုန ပြောတဲ့ လူသားမဆန်တဲ့ ပေါ့နော် အဲဒီ နှိပ်စက်ညှဉ်းပန်းမှုတွေ နောက် ကျွန်ပြုမှုတွေ နောက်ဆုံး သတ်ဖြတ်တဲ့ ကိစ္စတွေ အထိ ဖြစ်လာတဲ့ ကိစ္စတွေရဲ့ ဇစ်မြစ်ပေါ့နော် ဒီပြဿနာတွေရဲ့ Source က ခုန ပြောတဲ့ လူကုန်ကူးမှု တရားမဝင် ဆောင်ရွက်မှုတွေက အဓိက ဖြစ်တယ်ပေါ့နော်။ ဒါပေမယ့် အဲဒီဟာကို Highlight ဖြစ်လာတယ်။ International က ဒါကို စောင့်ကြည့်ပြီး မီးမောင်းထိုးလာတဲ့ အချိန်မှာ Diverge လုပ်ဖို့ရာ အတွက် ဒီ Source က မြန်မာနိုင်ငံဆိုပြီး ပြောလာရင်တော့ ကျနော်တို့က လက်မခံဘူးပေါ့နော်။"

ထိုင်းနိုင်ငံတောင်ပိုင်းမှာ မြန်မာနဲ့ ဘင်္ဂလားဒေရှ့်ဘက်က လူကုန်ကူးခံရသူတွေလို့ ယူဆရသူတွေရဲ့ ရုပ်အလောင်းတွေ အစုလိုက် အပြုံလိုက် တွေ့ခဲ့ရပြီးနောက်ပိုင်း ထိုင်းနိုင်ငံက မြန်မာ၊ ဘင်္ဂလားဒေရှ်နဲ့ ထိုင်းနိုင်ငံတို့ ရဲ့ သုံးပွင့်ဆိုင် အစည်းအဝေး ကျင်းပဖို့ ထိုင်းဝန်ကြီးချုပ်က ကြေညာလိုက်တာလည်း ဖြစ်ပါတယ်။ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ HRW ရဲ့ အာရှ ရေးရာ ဒုတိယ ညွှန်ကြားရေး မှူး Phil Robertson ကလည်း ပင်လယ်ပြင် အတွင်း လှေတွေနဲ့ မျောပါနေကြ တဲ့ ရိုဟင်ဂျာတွေကို လက်ခံ ကူညီပေးကြဖို့ အရှေ့တောင် အာရှ နိုင်ငံတွေကို တိုက်တွန်းပါတယ်။

"ထိုင်း၊ မလေးရှားနဲ့ အင်ဒိုနီးရှား ရေတပ်တွေ အနေနဲ့ ဒီလူတွေကို ဟိုဘက်မောင်းထုတ် လိုက် သည်ဘက် မောင်းထုတ်လိုက် လုပ်နေတာတွေကို ရပ်ဆိုင်းပြီး ကမ်းကပ်ခွင့်ပေးသင့်ပါတယ်။ လိုအပ်တဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ရဖို့၊ နောက် ဒီလူတွေကို အကူအညီပေးဖို့ ပြင်ဆင်ထားတဲ့ UNHCR နဲ့ တခြား အဖွဲ့အစည်းတွေရဲ့ စောင့်ရှောက်မှုကို ရဖို့ အတွက် ဖြစ်ပါတယ်။ ဌာနေရင်းမှာ နိုင်ငံရေး အရ ဖိနှိပ်မှုတွေကနေ လွတ်မြောက်အောင် ထွက်ပြေးကြတဲ့ ရိုဟင်ဂျာတွေကို မောင်းထုတ်တဲ့ မူဝါဒတွေကြောင့် သူတို့ အတော်လေး ထိခိုက်ဆုံးရှုံး ကြရပါတယ်။"

လတ်တလောမှာလည်း မလေးရှားနိုင်ငံဆီကို လှေစီးထွက်ပြေးကြသူတွေ ကို အင်ဒိုနီးရှား၊ ထိုင်းနဲ့ မလေးရှားနိုင်ငံတို့က လက်မခံတာကြောင့် ပင်လယ်ပြင် မှာ လှေတွေနဲ့ မျောပါနေကြသူ ၆ ထောင်နဲ့ချီ ရှိနေပြီး ဒီလူတွေ အသက်ရှင်ရေး အတွက် နိုင်ငံတွေက လက်ခံကြဖို့ နိုင်ငံတကာ ရွှေ့ပြောင်းအလုပ်သမားရေးရာ အဖွဲ့ IOM က တိုက်တွန်းထားပါတယ်။ ဒီလူတွေကို အကူအညီတွေ ပေးဖို့ ဒေါ်လာ တသန်း အသုံးပြုမယ်လို့လည်း IOM က ကြေညာချက် ထုတ်ခဲ့ပါတယ်။

ဒါပေမယ့် ထောင်နဲ့ချီတဲ့ လှေစီးပြေး ဒုက္ခသည်တွေကို မလေးရှားနဲ့ အင်ဒိုနီးရှား နိုင်ငံတို့က ကယ်ဆယ်ပြီးနောက်မှာတော့ ပင်လယ်ပြင် ကို ဖြတ်ပြီး နောက်ထပ် လာရောက်နေကြတဲ့ လှေစီးပြေး ဒုက္ခသည်တွေကို လက်ခံဖို့ မလေးရှား၊ အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံတို့က ငြင်းဆန်နေကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG