သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Myanmar Now အယ်ဒီတာချုပ် ပုဒ်မ၆၆(ဃ)နဲ့ အမှုဖွင့်ခံရ


Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်း
Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်း

ရှေ့နေကြီး ဦးကိုနီလုပ်ကြံခံရတဲ့ အမှုမှန်ပေါ်ပေါက်ရေး စုံစမ်းရေးသားနေတဲ့ Myanmar Now သတင်းဌာနရဲ့ အယ်ဒီတာချုပ် ကိုဆွေဝင်းကို မဘသ အဖွဲ့ဝင်တဦးကနေ ဆက်သွယ် ရေးပုဒ်မ ၆၆ (ဃ) နဲ့ မနေ့ အင်္ဂါနေ့က မန္တလေး မဟာအောင်မြေရဲစခန်းမှာ အမှုဖွင့်တရား စွဲဆိုလိုက်ပါတယ်။

သူ့အနေနဲ့ ဥပဒေနဲ့အညီ ရင်ဆိုင်ဖို့အသင့်ရှိပေမယ့် မြန်မာနိုင်ငံမှာ တရားရေးမဏ္ဍိုင်ခိုင်မာမှုမရှိတာကြောင့် သတင်းသမားတဦးအနေနဲ့ ဥပဒေကြောင်းအရ အကာကွယ်ရပါ့မလားလို့ စိုးရိမ်မကင်းဖြစ်မိကြောင်း ကိုဆွေဝင်းက ဗွီအိုအေကို ပြောပါတယ်။

ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အပြည့်အစုံကိုပြောပြမှာပါ။

အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ အထက်မြန်မာပြည် (မန်းမဘသ) အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးကျော်မျိုးရွှေကနေ မန္တလေး မဟာအောင်မြေ အမှတ် (၇)ရဲစခန်းမှာ Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းကို အမှုဖွင့် တိုင်ကြားခဲ့တာနဲ့ပတ်သက်ပြီး ရဲစခန်းတာဝန်ရှိသူတဦးက ဗွီအိုအေကို အခုလိုပြောပါတယ်။

“ဖွင့်သွားတဲ့သူက ဦးကျော်မျိုးရွှေပါခင်ဗျ။ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)နဲ့ ဖွင့်ပါတယ်ခင်ဗျ။ ကိုကျော်မျိုးရွှေက သူရဲ့ ဖေ့စ်ဘုတ်ခ်အကောင့်ကို ဖွင့်ကြည့်လိုက်ပါတယ်။ ဖွင့်ကြည့်လိုက်တဲ့အချိန်မှာ Ba Kaung အကောင့်သုံးစွဲသူ Myanmar Now သတင်းစာဂျာနယ် သတင်းထောက် ဦးဆွေဝင်းက ဖေဖေါ်ဝါရီလ (၂၇)ရက်နေ့ရက်စွဲနဲ့ တင်လိုက်တာက “ရွေးကောက်ပွဲအပြီး အသံတိတ်သွားတဲ့ မဘသ ပြန်လာပြီ” ဆိုပြီးတော့ ရေးလိုက်ပါတယ်ခင်ဗျ။ နောက် ဖေဖေါ်ဝါရီလ (၂၈)ရက်နေ့ မှာ ထပ်ရေးတာက “ဦးဝီရသူ ပါရာဇိက ကျပြီး ရဟန်းဘ၀ နိဌိတံသွားပြီဖြစ်ကြောင်း သိရပါတယ်။ ပါရာဇိက အခုမှကျတာတော့ မဟုတ်လောက်ဘူး စတဲ့ စာသားတွေရေးလိုက်ပြီး ဆက်သွယ်ရေးကွန်ယက်ပေါ်ကို တင်လိုက်ပါတယ်။ အဲဒါကြောင့်မို့လို့ ရဲစခန်းကိုလာရောက်ပြီး တိုင်တန်းလို့ ကျနော်တို့က အမှုဖွင့်ပါတယ်ခင်ဗျာ။”

မေး။ ။ အခုအမှုဖွင့်လာပြီဆိုလို့ရှိရင် ဘာဆက်လုပ်ဖို့ရှိပါလဲရှင့်။

ဖြေ။ ။ အဲဒီရဲလုပ်ငန်းကတော့ အမှုစစ်တဲ့ လူအပေါ်မှာ မူတည်ပါတယ်။ အမှုစစ်တဲ့သူက လုပ်မှာပါခင်ဗျ။

မေး။ ။ ကိုဆွေဝင်းကိုရော ရဲစခန်းဘက်က အကြောင်းကြားပြီပြီးလာရှင့်။

ဖြေ။ ။ အဲဒါကတော့ ကျနော်က အမှုစစ်မဟုတ်တဲ့အတွက် အမှုစစ်ကို မေးမှ သိမှာပါခင်ဗျ။ ရဲလုပ်ငန်းမပြီးသေးတဲ့အတွက် ကျနော်မသိရသေးဘူးခင်ဗျ။

မန္တလေးရဲစခန်းဘက်က အခုချိန်ထိ တိုက်ရိုက်ဆက်သွယ် အကြောင်းကြားတာမျိုးမရှိပေမယ့် အမှုဖွင့်ရတဲ့ အကြောင်းအရင်းနဲ့ပတ်သက်ပြီး သူသိရှိထားတဲ့အချက်တွေကို ကိုဆွေဝင်းက ဗွီအိုအေကို အခုလိုပြောပါတယ်။

“ရဲတပ်ဖွဲ့က ကျနော့်ကို တိုက်ရိုက်တရားဝင်လာပြီး အကြောင်းကြားတာ မရှိသေးဘူး အခုချိန်ထိလေ။ ဒါပေမဲ့ ကျနော်တို့ရုံးအဖွဲ့ တယောက်ကနေပြီး မန္တလေးရဲစခန်းက တာဝန်မှူးတယောက်ကိုဆက်တော့ သူကနေ အတည်ပြုတယ်။ ဟုတ်တယ်။ သူကနေ အမှုဖွင့်လိုက်ပြီဆိုတဲ့အကြောင်း ပြောတယ်။ မဘသနဲ့ ဆက်နွယ်တဲ့ လူပုဂ္ဂိုလ်တယောက်ကပဲ အမှုဖွင့်တယ်။ ဖွင့်ရတဲ့ အကြောင်းရင်းကလည်း မဘသ ပြန်လာပြီ။ ဦးကိုနီလုပ်ကြံခံရမှု သတင်းစာရှင်းလင်းပွဲအပြီးနောက်ပိုင်းမှာ ပြည်သူလူထုကို ပြန်လည်ခြိမ်းခြောက်တဲ့ စကားတွေပြောဆိုလာတဲ့ အခြေအနေရှိတယ်။ အဲဒါနဲ့ပတ်သက်ပြီး ကျနော်တို့ အင်တာဗျူးတွေလုပ်တော့ အဲဒီလုပ်တဲ့ သတင်းအင်တာဗျူးတွေကို ကျနော့် ဖေ့စ်ဘုတ်ခ်မှာ ရှယ်ပြီးတော့မှ မဘသ ပြန်လာပြီဆိုတဲ့ စကားလုံးနဲ့ ကျနော်တင်လိုက်တယ်။ အဲဒီအချက်ရယ်၊ နောက်တခါကျတော့ ဦးဝီရသူကနေပြီးတော့ ဦးကိုနီလုပ်ကြံသတ်ဖြတ်တဲ့သူတွေကို ကျေးဇူးတင်ကြောင်း သူ့ရဲ့ ဖေ့စ်ဘုတ်ခ်ပေါ်မှာ ပြောဆိုတာကို ကျနော်တို့က သတင်းရေးတယ်။ သတင်းရေးတဲ့အထဲမှာ ကျနော်တို့ အင်တာဗျူး ဘယ်သူ့ကို လုပ်လဲဆိုတော့- မန္တလေးမှာရှိတဲ့ ရွှေဝါရောင်ဆရာတော် ဦးစိန္တိတ ကို ကျနော်တို့ အင်တာဗျူးလုပ်တော့ ဆရာတော်ကနေ ဦးဝီရသူရဲ့ ပြောဆိုချက်က ရဟန်းဘဝကနေပြီးတော့ လုံးဝကုန်ဆုံးသွားစေတဲ့ ပြစ်မှုမျိုးဖြစ်ကြောင်း၊ ပါရာဇိက ကျပြီဆိုတဲ့အကြောင်း ဆရာတော်က မိန့်တယ်။ အဲဒီ မိန့်ကြားတဲ့အချက်ကို ကျနော်ကနေပြီးတော့ ကျနော့်သတင်းထဲမှာ ထည့်ရေးတယ်၊ ပြီးတော့ အဲဒီသတင်းကို ကျနော့် ဖေ့စ်ဘုတ်ခ်မှာ ပြန်ပြီးရှယ်တယ်။ ဦးဝီရသူ ပါရာဇိက ကျပြီ၊ ရဟန်းဘ၀ နိဌိတံသွားပြီ ဖြစ်ကြောင်းသိရပါတယ် ဆိုပြီး ကျနော်က ပြန်ရှယ်တာပါ။ ပထမပြောတဲ့ မဘသ ပြန်လာပြီဆိုတဲ့ စကားလုံးရယ်။ အဲဒီနှစ်ခုနဲ့ ပတ်သက်ပြီး မကျေနပ်တဲ့အတွက်ကြောင့် ရဲစခန်းမှာ ၆၆ (ဃ) ဆက်သွယ်ရေးပုဒ်မ ဥပဒေနဲ့ ကျနော်ကိုအမှုဖွင့်တာကို ရဲစခန်းကနေ လက်ခံလိုက်တယ်ဆိုပြီး ကျနော်တို့ရုံးက ကျနော့်မိတ်ဆွေက ရဲစခန်းကို လှမ်းမေးတဲ့အခါမှာ သိရတယ်။

မေး။ ။ အခုလို ဆက်သွယ်ရေးပုဒ်မ နဲ့ တရားစွဲခံရတဲ့အပေါ်မှာ ကိုဆွေဝင်း ဘယ်လို သုံးသပ်လဲရှင့်။

“ဒါက ကျနော်တို့ ဘာနဲ့ သွားဆိုင်သလဲဆိုရင် တရားဥပဒေစိုးမိုးရေးနဲ့ သွားဆိုင်တာပေါ့ဗျာ။ တရားဥပဒေစိုးမိုးရေးက မခိုင်ခံဘူးဆိုလို့ရှိရင် ကျနော်တို့တွေက ခံရမှာပဲဗျ။ ရာဇဝတ်မှုကို အားပေးအားမြှောက်ပြုလုပ်နေတဲ့သူတွေကို သက်ဆိုင်ရာ အာဏာပိုင်တွေက ဘာတခုမှ အရေးယူခြင်းမရှိပဲ ဒီအခြေအနေဖြစ်စဉ်တွေအပေါ် သတင်းရေးသားနေတဲ့သူတွေအပေါ် အရေးယူမယ်ဆိုရင်တော့ တရားရေးမဏ္ဍိုင် ဘယ်လောက်ဆိုးရွားနေတယ်ဆိုတာကို အားလုံးကို ထပ်ပြီး မီးမှောင်ထိုးပြတယ်လို့ပဲ ကျနော် ပြောချင်ပါတယ်။”

Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းဟာ အင်း၀ အပ်ချုပ်ဆိုင်က အိမ်ဖေါ်မိန်းကလေးနှစ်ဦး အနှိပ်စက်ခံရတဲ့ သတင်းကို ရေးသားဖေါ်ထုတ်နိုင်မှုကြောင့် ၂၀၁၆ခုနှစ် စက်တာဘာလ (၂၂)ရက်နေ့က နိုင်ငံတော်သမ္မတ ဦးထင်ကျော်ရဲ့ ဂုဏ်ပြုမှတ်တမ်းလွှာချီးမြှင့်ခံခဲ့ရပါတယ်။ ဒါအပြင် ရှေ့နေကြီး ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုမှာလည်း အမှုမှန်ပေါ်ပေါက်ရေး ကြိုးပမ်းဖေါ်ထုတ် ရေးသားမှုတွေကြောင့် သူ့ကို ပိုပြီး လူသိများလာခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG