သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝီကီလိခ်ပါ မြန်မာ့ နျူကလီးယားအရေး IAEA စိုးရိမ်


ဝီကီလိခ်ပါ မြန်မာ့ နျူကလီးယားအရေး IAEA စိုးရိမ်

မြန်မာစစ်အစိုးရဟာ နျူကလီးယား အစီအစဉ်တွေ လျှို့လျှို့ဝှက်ဝှက် ဆောင်ရွက်နေတယ်ဆိုတဲ့ သတင်းတွေဟာ စိုးရိမ်စရာရှိပြီး တကယ်လို့ မြန်မာစစ်အစိုးရက နျူကလီးယားစက်ရုံ ဆောက်မယ်ဆိုရင် ဒါဟာ အရပ်ဘက်သုံး ဟုတ်မဟုတ် IAEA ရဲ့ စစ်ဆေးမှု ခံယူရမှာ ဖြစ်တယ်လို့ IAEA ခေါ် နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီက ပြောပါတယ်။ အပြည့်အစုံကို စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မြန်မာစစ်အစိုးရဟာ နျူကလီးယား အစီအစဉ်ကို လျှို့လျှို့ဝှက်ဝှက် ဆောင်ရွက်နေပုံ ရတယ်ဆိုတဲ့ ၀ီကီလိခ်မှာ ပေါက်ကြားလာတဲ့ အမေရိကန် သံတမန် လျှို့ဝှက်မှတ်တမ်းတွေကြောင့် မြန်မာနိုင်ငံမှာ တကယ်ပဲ နျူကလီးယား အစီအစဉ် ရှိနေပြီလား စိုးရိမ်မှုတွေ ရှိလာတဲ့အထဲ IAEA အပြည်ပြည်ဆိုင်ရာ အဏုမြူ အေဂျင်စီလည်း ပါဝင်ခဲ့ပါတယ်။ ဗီယင်နာကလာတဲ့ AFP သတင်းတရပ်မှာတော့ ဒီအတွက်ကြောင့် IAEA အနေနဲ့ မြန်မာနိုင်ငံအတွင်းက သံသယရှိတဲ့ နေရာအချို့ကို သွားရောက် စစ်ဆေးခွင့် မြန်မာအာဏာပိုင်တွေကို တောင်းခံတယ်လို့ ဖော်ပြပါတယ်။

အထူးသဖြင့် မြန်မာအစိုးရဟာ နျူကလီးယားလက်နက်ပိုင် မြောက်ကိုရီးယား အစိုးရနဲ့ နီးနီးကပ်ကပ် ဆက်ဆံလွန်းနေတာကြောင့် နျူကလီးယား အစီအစဉ်မှာလည်း နှစ်နိုင်ငံ ပတ်သက်မှု ရှိနိုင်တယ်လို့ သတင်းတွေ ထွက်လာတာပါ။ IAEA ပြန်ကြားရေးအရာရှိ ဂရက် ၀က်ဘ် (Greg Webb) ကတော့ သတင်းတွေအပေါ် စိုးရိမ်ရပေမဲ့ အတည်မပြုနိုင်သေးဘူးလို့ ပြောပါတယ်။ သွားရောက်စစ်ဆေးဖို့ မြန်မာအာဏာပိုင်တွေကို IAEA ဘက်က စာပို့တယ်ဆိုတဲ့ သတင်းအပေါ်မှာတော့ အတည်ပြု ပြောကြားဖို့ ငြင်းပါတယ်။

“ဒီကိစ္စက နျူကလီးယားလက်နက် ပြန့်ပွားရေးမှာ ဖြစ်နိုင်ချေရှိပြီး အလွန်သိမ်မွေ့တဲ့ကိစ္စ ဖြစ်တာကြောင့် ပွင့်ပွင့်လင်းလင်း မပြောလိုပါဘူး။”

၁၉၉၅ ခုနှစ်တုန်းက မြန်မာနိုင်ငံနဲ့ ချုပ်ဆိုထားတဲ့ မဖြစ်မနေ လိုက်နာရမယ့် protocol သဘောတူညီချက်အရ IAEA ဘက်က အချိန်မရွေး မြန်မာနိုင်ငံကိုသွားပြီး စစ်ဆေးနိုင်တဲ့ အခြေအနေမျိုးတော့ မရှိဘူးလို့ မစ္စတာ ဂရက် ၀က်ဘ်က ပြောပါတယ်။

“မြန်မာနိုင်ငံဟာ small qualities လို့ခေါ်တဲ့ ပမာဏ အနည်းအကျဉ်းနဲ့ ပတ်သက်တဲ့ သဘောတူညီချက်ပဲ ရှိတာမို့ အခြားနိုင်ငံတွေလို ဘေးကင်းလုံခြုံရေး စနစ်အတွက် လိုအပ်တဲ့ သဘောတူညီချက်တွေ မရှိပါဘူး။ ဒါကြောင့် အခြားနိုင်ငံတွေလိုမျိုး IAEA က သွားရောက်စစ်ဆေးရမယ့် အခြေအနေမျိုး မရှိပါဘူး။ အခုနက ပြောသလို သတင်းတွေကတော့ အမျိုးမျိုး အများအပြား ကြားရပါတယ်။ ဒါပေမဲ့ ဒါကို အတည်ပြုလို့ မရပါဘူး။ ဒါမျိုးတွေက အလွန်သိမ်မွေ့တဲ့ ကိစ္စရပ်တွေပါ။”

ဒါပေမဲ့လည်း မြန်မာနိုင်ငံဟာ တရားဝင် နျူကလီးယားစက်ရုံ လုပ်မယ်ဆိုရင်တော့ IAEA ရဲ့ အဆုံးအဖြတ် စစ်ဆေးမှု ခံရမှာ ဖြစ်တယ်လို့ ပြောပါတယ်။

“မြန်မာနိုင်ငံဟာ နျူကလီးယားလက်နက် မပြန့်ပွားရေး MPT စာချုပ်ပါနိုင်ငံ ဖြစ်ပါတယ်။ ဒီသဘောတူညီချက်အတိုင်း နျူကလီးယားလက်နက် ထုတ်လုပ်တာ မလုပ်ပါဘူးလို့ ကတိပြု လက်မှတ်ထိုးထားပါတယ်။ နျူကလီးယားစက်ရုံ၊ နျူကလီးယား ဓာတ်ပေါင်းဖိုတခု လုပ်တော့မယ်ဆိုရင် သဘောတူညီချက်အရ IAEA ရဲ့ စစ်ဆေးမှု ခံရပါမယ်။ ဒီ နျူကလီးယား အစီအစဉ်ဟာ လက်နက်ထုတ်ဖို့ မဟုတ်ဘဲ အရပ်ဘက်သုံး ဟုတ်မဟုတ် IAEA က စစ်ဆေးပြီး အဆုံးအဖြတ် အတည်ပြုပေးရပါတယ်။”

ပြီးခဲ့တဲ့ စက်တင်ဘာလက ဗီယင်နာမြို့မှာ လုပ်ခဲ့တဲ့ IAEA နှစ်ပတ်လည် အစည်းအဝေးအတွင်း မြန်မာဘက်က ကိုယ်စားလှယ် ဦးတင်ဝင်းက မြန်မာနိုင်ငံဟာ လက်နက်မပြန့်ပွားရေး သဘောတူညီချက်ကို ထောက်ခံပေမဲ့လို့ နိုင်ငံတိုင်းဟာ အရပ်ဘက်အတွက် နျူကလီးယားစွမ်းအင် အသုံးပြုခွင့် ရှိတယ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံဟာ နျူကလီးယားလက်နက် ထုတ်ဖို့ ကြိုးပမ်းတယ်ဆိုတဲ့ သတင်းတွေဟာ အခြေအမြစ်မရှိဘဲ မြန်မာနိုင်ငံအနေနဲ့ အရပ်ဘက် ဖွံ့ဖြိုးရေးအတွက် နျူကလီးယား သိပ္ပံနဲ့ နည်းပညာကို အသုံးပြုနေခြင်းပဲ ဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

လက်ရှိအားဖြင့် မြန်မာနိုင်ငံနဲ့ IAEA အကြားမှာ ဖွံ့ဖြိုးရေး ကိစ္စတွေအတွက် နျူကလီးယား နည်းပညာ အသုံးချမှုပိုင်းမှာ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေပါတယ်။

လက်ရှိအားဖြင့် မြန်မာနိုင်ငံဟာ နျူကလီးယားလက်နက် မပြန့်ပွားရေး စာချုပ်ပါနိုင်ငံ ဖြစ်သလို နျူကလီးယား စမ်းသပ်မှု တားဆီးရေးကိုလည်း လက်မှတ်ထိုးထားပါတယ်။ ဒါ့အပြင် အရှေ့တောင်အာရှဒေသ နျူကလီးယားမဲ့ဇုန် ဖြစ်ရေး သဘောတူညီချက်မှာလည်း လက်မှတ်ထိုးထားတဲ့ နိုင်ငံ ဖြစ်ပါတယ်။

XS
SM
MD
LG