သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘာသာရေးယုံကြည်မှု ထိခိုက်တဲ့ ဆိုင်းဘုတ်ကိုင် ဆန္ဒပြသူတွေကို အရေးယူမည်


OIC အဖွဲ့အား ဆန့်ကျင်ကန့်ကွက်နေကြသော ဗုဒ္ဓဘာသာ သံဃာတော်များ။ (အောက်တိုဘာ ၁၅၊ ၂၀၁၃)
OIC အဖွဲ့အား ဆန့်ကျင်ကန့်ကွက်နေကြသော ဗုဒ္ဓဘာသာ သံဃာတော်များ။ (အောက်တိုဘာ ၁၅၊ ၂၀၁၃)
အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ရဲ့ မြန်မာနိုင်ငံခရီးစဉ်အပေါ် ကန့်ကွက်ဆန္ဒပြခဲ့တာတစ်ခုနဲ့ ဆက်စပ်ပြီး ပြည်ထဲရေး ဝန်ကြီးဌာနက အရေးယူဖို့လုပ်နေပါတယ်။ ဆန္ဒပြသူတွေက ခွင့်ပြုချက်မယူထားတဲ့ ဆိုင်းဘုတ်ကို ကိုင်ဆောင်ခဲ့ပြီး အဲဒီဆိုင်းဘုတ်ဟာ ဘာသာရေးယုံကြည်မှုကို စော်ကားရာရောက်တဲ့ ဆိုင်းဘုတ်ဖြစ်တယ်လို့ ပြန်ကြားရေး ဝန်ကြီးဌာနရဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ ဒီလိုဖြစ်ရပ်မျိုးကို အရေးယူဖို့ လုပ်သလို ပြဿနာတွေရဲ့ တကယ့် အခြေခံအကြောင်းရင်းတွေကိုလည်း ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းဖို့ တိုက်တွန်းတာမျိုးရှိပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက ဆက်သွယ်စုံစမ်း တင်ပြပေးထားပါတယ်။

ဘာသာရေးယုံကြည်မှုကို စော်ကားရာရောက်တဲ့ ဆိုင်းဘုတ်ကို ကိုင်ဆောင် ဆန္ဒပြလို့ အရေးယူမယ်ဆိုတာဟာ သမ္မတ ဦးသိန်းစိန်အစိုးရ တက်လာပြီး နောက်ပိုင်း ဒါ ပထမဆုံးအကြိမ်ဖြစ်ဖွယ်ရှိပါတယ်။ အခုပြောနေတဲ့ ဆန္ဒပြပွဲကတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ ရက်နေ့က ရန်ကုန်မြို့ ဗဟန်းမြို့နယ်မှာ OIC အဖွဲ့ရဲ့ခရီးစဉ်ကို ကန့်ကွက်ဆန္ဒပြခဲ့တဲ့ပွဲပါ။

အခုလိုအရေးယူမယ်ဆိုတာဟာ ဘာသာတစ်ခုနဲ့တစ်ခုအကြားမှာ နားလည်မှု လွဲမှားတာတွေ ထပ်တိုးမလာအောင်၊ အစွန်းရောက် အယူအဆတွေ ပိုပြီးဆိုးမလာအောင် တားဆီးဖို့ တာဝန်ရှိသူတွေက ကြိုးစားတာလို့ မြင်နိုင်ပေမဲ့ ပဋိပက္ခတွေရဲ့ တကယ့် အခြေခံ အကြောင်းရင်းတွေကိုလည်း ဒီ့ထက်ပိုပြီး ထိထိရောက်ရောက်ဖြေရှင်းဖို့ လိုအပ်တယ်လို့ ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီ RNDP ရဲ့ အထွေထွေအတွင်းရေးမှူး ဦးလှစောက ဗွီအိုအေကို ပြောပါတယ်။

“ဒီဟာက ပြဿနာရဲ့ အစွယ်အပွားလေးတွေပါ။ ဒီအစွယ်အပွားလေးတွေကို လိုက်ပြီးတော့ ရှင်းတယ်ဆိုတာ - ဒီပြဿနာရဲ့အခြေခံကြီးကို သူက လိုက်ရှင်းဖို့ လိုပါတယ်။ ဥပမာ- လူမျိုးရေး အဓိကရုဏ်းတွေဖြစ်တယ်၊ ဘာသာရေးဆန်တဲ့ မငြိမ်မသက်မှုတွေ ဖြစ်တယ်၊ အဲဒီမှာ ဖွလိုက်တာ ရှိတယ်၊ ဆွနေတာတွေ ရှိတယ်။ တချို့ဟာတွေက မကြီးသင့်၊ မကြီးထိုက်တာတွေ ရှိတယ်။ အဲဒီဟာတွေက- အင်မတန်ကြီးကြီးမားမား ကိစ္စတွေကိုလည်း အကုန်လုံး ကိုင်တွယ်ရမှာပေါ့။ ဒီစာကြောင်းလေးတစ်ကြောင်းကိုပဲ အကြောင်းပြုပြီးတော့ ပြဿနာကိုလုပ်မယ်၊ ကိုင်တွယ်မယ်ဆိုရင်တော့ လုပ်ရင်တော့ ကောင်းပါတယ်။ ဒါပေမဲ့ ဒိထက်ကြီးကျယ်တဲ့ ပြဿနာတွေ ရှိသေးတယ်ခင်ဗျ။ အများကြီး ရှိပါတယ်။”

ဆန္ဒပြသူတွေ ကိုင်ဆောင်ခဲ့တဲ့စာတမ်းမှာ ဘာပြောထားတယ်ဆိုတာကို ပြန်ကြားရေးဝန်ကြီးဌာနရဲ့သတင်းမှာ အတိအကျ ပြော မထားပါဘူး။ ဒါကိုသိရဖို့ တာဝန်ရှိသူတွေကို ဗွီအိုအေက ဆက်သွယ်ခဲ့ပေမဲ့လည်း မရခဲ့ပါဘူး။ အဲဒီဆန္ဒပြပွဲကို ရိုက်ယူထားတဲ့ သတင်းဓာတ်ပုံတွေ အရကတော့ ဆန္ဒပြသူတွေထဲမှာ သံဃာတော်အများစု ပါဝင်တာကို တွေ့ရပါတယ်။ ဒီလိုဖြစ်ရပ်မျိုးတွေကို ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်ပေမဲ့ တာဝန်ရှိသူတွေရဲ့ တချို့ဖြေရှင်းပုံတွေကိုတော့ အားမရဘူးလို့ ဦးလှစော က ပြောပါတယ်။

“ဥပမာ- ကျနော်တို့ရခိုင် အတွေ့အကြုံဆိုလို့ရှိရင် ကိုင်တွယ်ဖြေရှင်းသင့် တာတွေကို မကိုင်တွယ်ဘူး၊ ပြည်နယ်အစိုးရဟာ။ တချို့ဟာတွေဆိုရင် ဟ-ပေးတယ်၊ ဖွပေးတယ်လို့တောင် ယူဆနိုင်စရာအကြောင်းလေးတွေ ကျနော် တွေ့ရတယ်။ အဲဒီတော့ နောက်ဆုံးမှာဗျာ။ ကျနော် ရခိုင်အကြောင်း ပြောမယ် ဆိုလို့ရှိရင် ပြည်နယ်အစိုးရတွေဟာ အဲဒီ ပြဿနာတွေကို မကိုင်တွယ်တတ်ဘူး၊ ကိုင်တွယ်ရဲတဲ့သတ္တိလည်း မရှိတဲ့အခါကျတော့ နောက်ဆုံး ဘယ်လိုဖြစ်သွားလဲ ဆိုတော့ စိတ်ခံစားမှုနဲ့တုံ့ပြန်တဲ့ ရခိုင်လူထုကပဲ တကယ့်လူကြမ်းလို ဖြစ်သွားပြီးတော့ နိုင်ငံတကာမျက်နှာစာမှာ ရခိုင်တွေကပဲ အဆိုးတွေပေါ့ဗျာ- မိုက်မိုက်ကန်းကန်းတွေ၊ ဟိုဟာဆန့်ကျင်၊ ဒီဟာဆန့်ကျင်တဲ့ဟာမျိုးတွေ ဖြစ်သွားတယ်။”

အခု အရေးယူမယ့်ဆိုတဲ့ကိစ္စမှာ ဆန္ဒပြဖို့ ခွင့်ပြုချက်ထဲမပါတဲ့ စာတမ်းကို ကိုင်ဆောင်တဲ့အတွက် ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်း လှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မတွေနဲ့ ငြိစွန်းနေသလို စာတမ်းကလည်း ယုံကြည်ကိုးကွယ်တဲ့ ဘာသာကို စော်ကားသလိုဖြစ်နေတဲ့အတွက် ပုဒ်မ ၂၉၅ နဲ့လည်း အရေးယူနိုင်တယ်လို့ မြန်မာနိုင်ငံရှေ့နေများကွန်ယက်က အတွင်းရေးမှူး ရှေ့နေကြီး ဦးသိန်းသန်းဦးက ဗွီအိုအေကိုပြောပါတယ်။

“ပြစ်မှုဆိုင်ရာ ဥပဒေမှာတော့ ကျနော်တို့က ပြုလုပ်မှု တရပ်တည်းကို နှစ်ကြိမ်အပြစ်ပေးဖို့ မရဘူး၊ တူညီတဲ့ ပြစ်ဒဏ်တစ်ရပ်တည်းအတွက် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၇၁ မှာ ကန့်သတ်ထားတယ်။ သို့သော် ဒီဟာက နှစ်ခုဖြစ်နေတယ်။ တကယ်တန်းက စာတန်းကိုင်တာတော့ စာတန်းတစ်စောင်တည်းပဲ။ သို့သော် အဲဒီစာတန်းက ခွင့်ပြုမိန့်မယူခဲ့တဲ့အတွက် အခုနက ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့် ဥပဒေနဲ့သွားငြိတာ အဲဒီအချက်ကငြိတယ်။ တချိန်တည်းမှာပဲ အဲဒီပါတဲ့စာသားက သူတစ်ပါး ကိုးကွယ်တဲ့ ဘာသာ၊ သာသနာကိုစော်ကားတဲ့အတွက် ၂၉၅/က နဲ့ သွား အကျုံးဝင်တာပေါ့။ ပြုလုပ်မှုက တစ်ခုတည်းပါပဲ၊ ၂၉၅/က ကတော့ ရာဇသတ်ကြီးမှာ ပါတဲ့ဟာပေါ့။ ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့် အက်ဥပဒေကတော့ အထူးဥပဒေပေါ့။ အဲဒီနှစ်ခုစလုံးက ပြစ်မှုတစ်ခုတည်း သွားမြောက်တော့ - ဒါပေမယ့် ကျူးလွန်မှုက တစ်ခုတည်းပါပဲ။ ဖြစ်သင့်တာကတော့ နှစ်ခုခွဲပြီးတော့ စွဲလည်း တစ်ခုတည်းနဲ့ အပြစ်ပေးသင့်တာပေါ့။”

ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေထဲက ပြဌာန်းချက်တွေကို ချိုးဖောက်ရင် ၆ လက်ထက်မပိုတဲ့ ထောင်ဒဏ် ဒါမှမဟုတ် ကျပ် ၁၀,၀၀၀ ထက်မပိုတဲ့ငွေဒဏ်ကို ချမှတ်နိုင်ပြီး ပုဒ်မ ၂၉၅ ကို ချိုးဖောက်တယ်လို့ ထင်ရှားရင် နှစ်နှစ်ထိ ထောင်ဒဏ်နဲ့ ငွေဒဏ် နှစ်ရပ်စလုံးကိုချမှတ်နိုင်တယ်လို့ ရှေ့နေကြီးဦးသိန်းသန်းဦးက ရှင်းပြပါတယ်။ အဲဒီဆန္ဒပြကန့်ကွက်ပွဲတွေကို ဦးဆောင် စီစဉ်ခဲ့သူတွေဟာ ဘယ်သူဘယ်ဝါတွေ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေး ပါဘူးခင်ဗျား။
XS
SM
MD
LG