သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအပေါ် သက်ညှာစွာ စဉ်းစားပေးဖို့ ဖီဖာကို ဘောလုံးအဖွဲ့ချုပ် ပန်ကြား


မြန်မာ-အိုမန် ဘောလုံးပွဲအတွင်း ပရိသတ်များအား တောင်းပန်နေသည့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် တာဝန်ရှိသူအချို့။ ဇူလိုင် ၂၈၊ ၂၀၁၁။
မြန်မာ-အိုမန် ဘောလုံးပွဲအတွင်း ပရိသတ်များအား တောင်းပန်နေသည့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် တာဝန်ရှိသူအချို့။ ဇူလိုင် ၂၈၊ ၂၀၁၁။

မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ မကြာသေးခင်က ကစားခဲ့တဲ့ မြန်မာ-အိုမန် ဘောလုံးပွဲမှာ ပြဿနာ တက်ခဲ့တာနဲ့ ပတ်သက်လို့ ဖီဖာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေချိန်မှာပဲ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ကလည်း ဒီကိစ္စအပေါ်မှာ သက်ညှာစွာ စဉ်းစား ဆုံးဖြတ်ပေးဖို့ ဖီဖာ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်ကို စာပေးပို့ထားပါတယ်။ ဖီဖာဘက်ကနေ မကြာခင် ရက်ပိုင်းအတွင်း ဆုံးဖြတ်ချက် ထွက်လာနိုင်တယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလားအတွက် မြန်မာ-အိုမန် ခြေစစ်ပွဲအတွင်း မြန်မာပရိသတ်ရဲ့ ပြုမူချက်ကြောင့် ဘောလုံးပွဲကို ရပ်ဆိုင်းလိုက်ရတဲ့ အခြေအနေအထိ ဖြစ်သွားရတာကို ဖီဖာ နိုင်ငံတကာ ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီက ကိုင်တွယ် စစ်ဆေးနေပြီလို့ သိရပါတယ်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဘက်ကလည်း အဖြစ်အပျက်နဲ့ ပတ်သက်လို့ သက်သေ ဗွီဒီယိုခွေတွေနဲ့ ကွင်းထဲကို ပရိသတ်က ပစ်ပေါက်ခဲ့တဲ့ အရာဝတ္ထုတွေကိုလည်း သက်သေအဖြစ်နဲ့ ဖီဖာကို ပေးပို့ထားတယ်လို့ သိရပါတယ်။ တဆက်တည်းမှာပဲ ဒီအဖြစ်အပျက်နဲ့ ပတ်သက်လို့ သက်သက်ညှာညှာ စဉ်းစားပေးဖို့ကိုလည်း ဖီဖာ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်ကို မေတ္တာရပ်ခံထားတယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ပြောခွင့်ရသူ ဦးစိုးမိုးက ပြောပါတယ်။

“ကျနော်တို့ကတော့ ဒီဖြစ်စဉ်က ဘာမှမဟုတ်ဘူး။ ဒိုင်က နည်းနည်းလေး ဟိုဟာဖြစ်ပြီး ပရိသတ်တချို့ရဲ့ ဒေါသ ပေါက်ကွဲမှုကြောင့် ဖြစ်တယ်။ ဒီကိစ္စကလည်း နိုင်ငံတိုင်းမှာ ဖြစ်နေတဲ့ ပုံစံမျိုးတော့ ကျနော်တို့ ဖီဖာကို စာကြိုတင်ထားပါတယ်။ ဖီဖာက ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လိုအရေးယူမယ်၊ ဘယ်လိုပုံစံနဲ့ လာမယ်ဆိုတဲ့ တစွန်းတစ အကြောင်းကြားတာ တစိမှ မရသေးပါဘူး။”

အကိုတို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ကရော ဒီကိစ္စနဲ့ ပတ်သက်လို့ စုံစမ်း စစ်ဆေးတာရော ရှိပါသလား။

“မရှိပါဘူး။ ကျနော်တို့က အာဏာပိုင် အဖွဲ့အစည်းမှ မဟုတ်တာ၊ ကျနော်တို့ မလုပ်ပါဘူး။ ပရိသတ်တိုင်းသည် ဘောလုံးကို ချစ်တယ်၊ ဘောလုံးအသင်းကို လာပြီးတော့ အပင်ပန်းခံ၊ အဆင်းရဲခံ၊ အချိန်ကုန်ခံ လာအားပေးတယ်။ ဒါပေမဲ့ သူတို့ရဲ့ တချို့ လွန်ကဲတဲ့စိတ်ကြောင့်၊ သူတို့ချစ်တာ လွန်ကဲတဲ့အတွက်၊ နောက် တချို့ အရက်သောက်လာတဲ့အတွက်၊ အရက်မူးသွားတဲ့အတွက် Control အောက်သွားတာတွေ ရှိတယ်။ မှားရင် ဘယ်သူနစ်နာမလဲ ဆိုတော့ ကျနော်တို့လူမျိုး နစ်နာမယ်၊ ကျနော်တို့ ဘောလုံး နစ်နာမယ်၊ ကျနော်တို့တိုင်းပြည် နစ်နာမယ်။ နောက်ဆုံး ပရိသတ် ဘောလုံးပွဲတွေ မကြည့်ရဘူးဆိုရင် ပရိသတ် နစ်နာမယ်။

“ဆိုးသွမ်းသွားတဲ့ ပရိသတ်ကို ကျနော် အပြစ်မပြောလိုပါဘူး၊ သူတို့ တဒင်္ဂ ဒေါသစိတ်ကြောင့်၊ သူတို့ နိုင်လိုဇောနဲ့၊ သူတို့ မချစ်တတ်တာပေါ့။ ဒါပေမဲ့ မိုက်တယ်ဆိုတာ ဥပဒေ ရှိတယ်လေ။ ဘောလုံးဥပဒေအရ ကျနော်တို့က ပစ္စည်းပစ်လို့ မရဘူး။ ဒိုင်က မှုတ်ပြီးသွားရင် ဘာမှ ပြောလို့မရဘူး။ ဒီလိုလုပ်တဲ့ အတွက်လည်း ဘာအဖြေမှ မပြောင်းဘူး။ အဲတော့ ဒီလိုမျိုး လုပ်လိုက်တဲ့အတွက် ကျနော်တို့ နောက်တခါ ပရိသတ်ကို ဥက္ကဋ္ဌက စေတနာထားပြီးတော့ အလကား ဝင်ခိုင်းတာတို့ ဘာတို့ လုပ်ဖို့ကတော့ တော်တော်စဉ်းစားသွားပြီ။”

ဖီဖာဘက်ကရော အကိုတို့ ခန့်မှန်းချက်က ဘယ်လောက်အထိ အရေးယူနိုင်သလဲ။

“အဲဒါ ကျနော်တို့ မှန်းလို့မရသေးဘူး။ အဲဒါတွေက သုံးလေးရက်နေမှ သိမှာပါ။”

ဝါရင့် အားကစားကလောင်ရှင် ခင်မောင်ထွေး (ပျဉ်းမနား) ကတော့ အခုဖြစ်ရပ်ကြောင့် ဖီဖာအနေနဲ့ မြန်မာနိုင်ငံအပေါ် အရေးယူမှု တခုခု လုပ်လာနိုင်တယ်လို့ ယူဆပြီး ဒါဟာ မြန်မာ့ဘောလုံးလောက တိုးတက်ဖို့ အတွက်ပါ ထိခိုက်လာနိုင်တယ်လို့ ပြောပါတယ်။

“ကျနော်တို့ မြန်မာဘောလုံး အဖွဲ့ချုပ်ကို ဒဏ်တပ်နိုင်တယ်။ နောက်တခုက မြန်မာဘောလုံးအသင်း ဖီဖာကလုပ်တဲ့ ပွဲတွေမှာ ဘယ်နှစ်နှစ် ဝင်ပြိုင်ခွင့်မရှိဆိုတာ ချနိုင်တယ်။ ဒါကတော့ အမြင့်ဆုံးပေါ့။ နှစ်ခုစလုံးကိုလည်း သူတို့ ချချင်ချမယ်။ ဒါမှမဟုတ် ဒဏ်လည်း တပ်ချင်တပ်မယ်။ ဖြစ်နိုင်ရင်တော့ ဒဏ်တပ်ဖို့ ဒီက ပြောရမှာပါ၊ သက်သက်ညှာညှာ စဉ်းစားပေးဖို့ ဆိုတာက။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ မြန်မာဘောလုံးက အခုမှ စတိုးကာစ ရှိသေးတယ်။ ဟိုမပြိုင်ရ၊ ဒီမပြိုင်ရ ပိတ်ပစ်လိုက်ရင် ကျနော်တို့အသင်းအတွက် အများကြီး နစ်နာသွားမှာ။”

ဘောလုံးသမားတွေကြောင့် မဟုတ်ဘဲ ပရိသတ်ကြောင့် ဖြစ်တယ်ဆိုတဲ့ အခြေအနေကရော။

“သူတို့ရဲ့ ဖီဖာ Rules ပေါ့၊ Rules and Regulation မှာတော့ သူတို့က ကင်းလွတ်ခွင့် မပေးပါဘူး။ ဘောလုံးသမားတွေတော့ အပြစ်မဟုတ်ဘူးပေါ့ဗျာ။ ဒါပေမဲ့ ဘောလုံးအဖွဲ့ချုပ်ရဲ့ အပြစ် ဖြစ်သွားတယ်။ ကိုယ့်ပရိသတ်ကိုယ် နိုင်အောင် မထိန်းနိုင်တာ၊ အဲဒါလည်း အပြစ်ပဲဗျ။”

ဖီဖာ ဘောလုံးအဖွဲ့ချုပ်ကို ဆက်သွယ်မေးမြန်းတော့ ဒီအဖြစ်အပျက်နဲ့ ပတ်သက်လို့ ဖီဖာ စည်းကမ်းထိမ်းသိမ်းရေး ကော်မတီက တာဝန်ယူ ကိုင်တွယ်နေပြီး တစုံတရာ ဆုံးဖြတ်ချက်တော့ မချသေးဘူးလို့ သိရပါတယ်။

ဇူလိုင်လ ၂၉ ရက်နေ့က ရန်ကုန် သုဝဏ္ဏ အားကစားကွင်း အတွင်းမှာ ပြုလုပ်တဲ့ မြန်မာ-အိုမန် ခြေစစ်ပွဲအတွင်း မြန်မာအသင်း ရှုံးနိမ့်တာကို မကျေမနပ်ဖြစ်ပြီး လာရောက်တဲ့ မြန်မာပရိသတ်က ဘောလုံးကွင်းအတွင်း ခဲတွေ၊ ဖိနပ်တွေနဲ့ ပစ်ပေါက်ခဲ့ရာကနေ ဘောလုံးပွဲ ပျက်တဲ့အထိ ဖြစ်ခဲ့ရတာပါ။ ဒါပေမဲ့ ဖီဖာ ထုတ်ပြန်ချက်မှာတော့ နောက်ဆုံး ၂ ဂိုးအပြတ် အနိုင်ရထားတဲ့ အိုမန်အသင်းကိုပဲ အနိုင်စာရင်း ထုတ်ပြန်ပေးထားပါတယ်။

XS
SM
MD
LG