သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့ အိုမန် ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပြဿနာတက်


မြန်မာနှင့် အိုမန် ဘောလုံးအသင်းတို့ ပွဲမကစားမီ နှစ်ဘက် အသင်းခေါင်းဆောင်များ နှုတ်ဆက်နေစဉ်။ ဇူလိုင် ၂၈၊ ၂၀၁၁။
မြန်မာနှင့် အိုမန် ဘောလုံးအသင်းတို့ ပွဲမကစားမီ နှစ်ဘက် အသင်းခေါင်းဆောင်များ နှုတ်ဆက်နေစဉ်။ ဇူလိုင် ၂၈၊ ၂၀၁၁။

ရန်ကုန်မြို့မှာ ဒီကနေ့ ကြာသပတေးနေ့မှာ ကစားခဲ့တဲ့ မြန်မာနဲ့ အိုမန်အသင်းတို့ရဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲအကြို အာရှဇုန် ဒုတိယအဆင့် ခြေစစ်ပွဲမှာ ပရိသတ်တွေ ပြဿနာဖြစ်ခဲ့တာကြောင့် ပျက်သွားခဲ့ပါတယ်။ ပွဲကို ဆက်ကစားဖို့ ကြိုးစားခဲ့ပေမဲ့လည်း ဆက်မကစားနိုင်တော့တဲ့အတွက် မြန်မာအသင်းဟာ ဒီပွဲကို အရှုံးပေးလိုက်ရပြီး အိုမန်အသင်းက ကမ္ဘာ့ဖလား ခြေစစ်ပွဲ တတိယအဆင့်ကို တက်သွားပါတယ်။ ဒီအကြောင်း အပြည့်အစုံကို စုံစမ်းမေးမြန်းထားတဲ့ ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

သုဝဏ္ဏကွင်းမှာ ဒီကနေ့ ကစားတဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲကတော့ ပရိသတ်တွေ ပြဿနာဖြစ်တာကြောင့် ပွဲကို ဆက်မကစားနိုင်ဘဲ ရပ်ပစ်လိုက်ရတာပါ။ ဘောလုံးပွဲကို လာကြည့်တဲ့ ပရိသတ်က သုဝဏ္ဏကွင်း ပွဲကြည့်စင်အားလုံး ပြည့်ရုံတင် မဟုတ်ဘဲ လျှံထွက်တဲ့ အထိပါ အားပေးကြပြီးတော့ အားပေးတဲ့ အထဲမှာ လူငယ်တွေ အတော်များများ ကြည့်ခဲ့ကြတယ်လို့ သိရပါတယ်။

ဒါပေမဲ့ မြန်မာအသင်းဟာ ပထမပိုင်းမှာကတည်းက ၂ ဂိုး ပေးလိုက်ရပြီး အဲဒါကို ပရိသတ်တွေက မကျေမနပ် ဖြစ်ပြီးတော့ ပထမဂိုး ဝင်ပြီးတဲ့ အချိန်ကတည်းက ပြဿနာတွေ စဖြစ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် အိုမန်အသင်းက ပယ်နယ်တီကတဆင့် ဒုတိယဂိုး ရသွားတဲ့အချိန်မှာ အခြေအနေတွေက ပိုဆိုးလာခဲ့ပြီး ပရိသတ်တွေက ကွင်းထဲကို ရေဘူးတွေအပြင် ခဲတွေ၊ ပုလင်းတွေ၊ ထီးတွေ၊ ဖိနပ်တွေနဲ့ပါ ပစ်ပေါက်ခဲ့တဲ့အထိ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

အထူးသဖြင့် လုံခြုံရေးတွေကို ကွင်းအတွင်းမှာ ပိုပြီး တိုးချလိုက်တဲ့အချိန်မှာ ပရိသတ်တွေက ပိုပြီးတော့ အကြီးအကျယ် ဒေါသထွက်ခဲ့ပြီး ကွင်းထဲမှာ သတင်းယူနေကြတဲ့ သတင်းထောက်တွေကိုရော၊ ဆေးရုံကားတွေကိုပါ ပစ်ပေါက်ခဲ့တာ ရှိခဲ့တယ်လို့ သိရပါတယ်။ ကွင်း လေးဘက်လေးတန်မှာရှိတဲ့ ပရိသတ်တွေ အဲဒီလို ပစ်ခဲ့တဲ့အထဲမှာ အနောက်ဘက် အထူးတန်းက ပရိသတ်တွေ ပစ်လိုက်တဲ့ ခဲဟာ အိုမန်အသင်း နည်းပြနဲ့ ကစားသမားတွေ ထိုင်တဲ့နေရာကိုပါ ထိသွားတယ်လို့ မြန်မာလက်ရွေးစင် နည်းပြဟောင်း ဦးမျိုးဝင်းညွန့်က ပြောပါတယ်။

“ဆိုးတာက အထူးတန်းဘက်ကနေပြီးတော့ ရေဘူးလား၊ ခဲလား မသိဘူး ပေါက်ထည့်လိုက်တာ အိုမန် အရန်နဲ့ Official တွေထိုင်တဲ့ Bench Cover ပေါက်ထွက်သွားပြီးတော့ အဲဒီက တယောက်ကို ထိသွားတယ်။ ကျနော်မြင်ရတာတော့ ထိသွားတဲ့ပုံစံ ဖြစ်သွားတော့၊ ဘယ်လောက်အထိ ဆိုးတယ်ဆိုတာကတော့ အဲဒီလို ပေါက်ထွက်သွားတယ် ဆိုတာက ပလတ်စတစ်ကာဗာ ပေါက်သွားပြီး လူကို သွားထိတာပေါ့။ အဲဒီပုံစံမျိုး ဖြစ်သွားတဲ့အတွက် သူတို့လည်း ကွင်းထဲကို ပြေးသွားပြီး Treatment ယူနေရတဲ့ပုံစံ ကျနော်တို့က မြင်နေရတာပေါ့။”

နောက်ပိုင်း ကြားသိရသလောက် အိုမန်အသင်း နည်းပြတယောက်လည်း ဒီပစ်ခတ်မှုကြောင့် ထိခိုက်သွားတယ်လို့ သိရပါတယ်။ အဲဒီလို အခြေအနေတွေကြောင့် အိုမန်ကစားသမားတွေနဲ့ ဒီပွဲကို ကြီးကြပ်တဲ့ ဒိုင်တွေဟာ ကွင်းလယ်မှာ ရပ်နေခဲ့ပြီး မြန်မာ ဘောလုံးတာဝန်ရှိသူတွေနဲ့ အာဏာပိုင်တွေက ပရိသတ်တွေကို တောင်းပန်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူးလို့ ဘောလုံးပွဲကြည့် ပရိသတ်တဦးက အခုလို ပြောပါတယ်။

“ရန်ကုန်တိုင်း ရဲမှူးကြီး အောင်သန်းရယ်၊ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်ရယ်က ကွင်းထဲကို လှည့်ပြီးတော့ ပရိသတ်ကို လိုက်တောင်းပန်တယ်။ သူတို့နောက်မှာ ရဲလုံခြုံရေးတချို့ ပါတာပေါ့ဗျာ။ သူတို့ကိုပါ ပရိသတ်က ပစ်တယ်။ တောင်းပန်လို့ မရတော့ဘူး။ နောက်တော့ ပရိသတ်က ဘယ်လိုဖြစ်လာလဲဆို ဖိနပ်တွေနဲ့ပစ်တယ်၊ နောက် ထီးတွေဘာတွေ ပါတယ်၊ ပစ်တာ။ ရှိတာနဲ့ အကုန်ပစ်သလို ဖြစ်တာပေါ့။ လေးဘက်လေးတန် ပရိသတ်ကြီးက ပစ်နေတော့ ပွဲက ၅ နာရီအတိမှာ ပွဲဖျက်လိုက်ရတယ်။”

နောက်ပိုင်းမှာ မြန်မာ ဘောလုံးတာဝန်ရှိသူတွေက ပွဲကို ဆက်ကစားနိုင်ဖို့အတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတွေ အပါအဝင် အိုမန်အသင်း တာဝန်ရှိသူတွေ ဆက်လက်ညှိနှိုင်းခဲ့ကြပြီး ပရိသတ်တွေ မရှိတော့တဲ့ အချိန်မှာ ဆက်ကစားဖို့ ကြိုးစားခဲ့ကြပါတယ်။ ဒါပေမဲ့ ဖီဖာက သတ်မှတ်ထားတဲ့ ကစားချိန်ထက် ၂ နာရီ ကျော်သွားခဲ့တာကြောင့် ဆက်မကစားလို့ မရဘဲ ပွဲကို ဖျက်ပြီးတော့ အရှုံးပေးလိုက်ရတာ ဖြစ်ပါတယ်။

မြန်မာအသင်းဟာ ဒီပွဲမှာ ၂ ဂိုးနဲ့ ရှုံးနေပေမဲ့လည်း ပွဲကို ဆက်မကစားနိုင်ဘဲ ရပ်လိုက်ရတဲ့အတွက် ဖီဖာစည်းမျဉ်းအရ မြန်မာအသင်းဟာ ၃ ဂိုး ဂိုးမရှိနဲ့ ရှုံးတယ်လို့ သတ်မှတ်ခဲ့ပြီး ၂ ပွဲပေါင်း ရလဒ် ၅ ဂိုး ဂိုးမရှိနဲ့ ရှုံးခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲကစားတဲ့ ခြေအရ အိုမန်အသင်းက သာတယ်လို့ မြန်မာ့လက်ရွေးစင် နည်းပြဟောင်း ဦးမျိုးဝင်းညွန့်က သုံးသပ်ပါတယ်။ ဒီပွဲမှာ အိုမန်ကစားသမားတွေဘက်က ကွင်းထဲကို ကျလာတဲ့ ခဲတွေကို ပြိုင်ပွဲ တာဝန်ရှိသူတွေကို ပြသပြီး တိုင်တန်းခဲ့တဲ့အတွက် မြန်မာအသင်းဟာ နောက်ပိုင်းမှာ အရေးယူခံရနိုင်ဖွယ် ရှိတယ်လို့လည်း သိရပါတယ်။

XS
SM
MD
LG