သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှု နှစ်ဆတိုး


မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှု နှစ်ဆတိုး
မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှု နှစ်ဆတိုး

ပြီးခဲ့တဲ့တနှစ်အတွင်း မြန်မာနိုင်ငံက ဘိန်းစိုက်ပျိုးမှု တိုးလာပြီး ပြည်တွင်း မူးယစ်ဆေးဝါး သုံးစွဲမှုနှုန်း ဟာလည်း မြင့်တက်လာတာကို တွေ့ရတယ်လို့ နှစ်စဉ်ထုတ်ဝေတဲ့ UNODC ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု နှိမ်နင်းရေးအဖွဲ့ရဲ့ အစီရင်ခံစာ အသစ်က ပြောပါတယ်။ အထူးသဖြင့် လွန်ခဲ့တဲ့ ၅ နှစ်လောက်က မြန်မာပြည်တွင်း ဘိန်းစိုက်ပျိုးမှု လျော့ကျနေခဲ့ရာက ပြီးခဲ့တဲ့ ၂ နှစ်လောက်အတွင်းမှာ ပြန်များလာတာကို တွေ့ရတယ်လို့ ဆိုပါတယ်။ အခုလို မြန်မာနိုင်ငံဆိုင်ရာ မူးယစ်ဆေးဝါး ထုတ်လုပ်သုံးစွဲမှုနဲ့ ပတ်သက်ပြီး အစီရင်ခံစာသစ်ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရှိတဲ့ နိုင်ငံခြား သတင်းထောက်များ အသင်းမှာ ထုတ်ပြန်ခဲ့ ပါတယ်။ အပြည့်အစုံကို ကိုယ်တိုင် သတင်းသွားယူထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ဒီကနေ့ FCCT နိုင်ငံခြား သတင်းထောက်များ အသင်းမှာ ပြုလုပ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ မူးယစ်ဆေးဝါး ထုတ်လုပ်သုံးစွဲမှုနဲ့ ဒေသတွင်း ဖြန့်ချိမှု လေ့လာတွေ့ရှိချက် အစီရင်ခံစာ ထုတ်ပြန်တဲ့ အခမ်းအနားကတော့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်နေ့က ဒေသလုံးဆိုင်ရာ အစီရင်ခံစာ ထုတ်ပြန်ပြီးနောက်ပိုင်း ထုတ်လုပ်မှုနှုန်း များတဲ့ တိုင်းပြည် တခုချင်းစီအတွက် သီးခြား အစီရင်ခံစာ ထုတ်ပြန်တာ ဖြစ်ပါတယ်။

ဒီကနေ့ အစီရင်ခံစာ ထုတ်ပြန်တဲ့ နိုင်ငံတွေကတော့ လာအိုနဲ့ မြန်မာတို့ ဖြစ်ပါတယ်။ ဒါပေမဲ့ လာအိုနိုင်ငံဟာ မြန်မာနိုင်ငံနဲ့ နှိုင်းယှဉ်လိုက်ရင် မူးယစ်ဆေးဝါး ထုတ်လုပ်မှုရော သုံးစွဲမှုနှုန်းပါ သိသိသာသာ နည်းလွန်းနေတဲ့အတွက် မြန်မာနိုင်ငံ အကြောင်းကိုပဲ အစီရင်ခံစာမှာ အဓိကထား ဖော်ပြထားတာကို တွေ့ရပါတယ်။

အခုနှစ်အတွင်း မြန်မာနိုင်ငံမှာ အမ်ဖက်တမင်း (Amphetamine) လို့ခေါ်တဲ့ စိတ်ကြွဆေး ထုတ်လုပ်မှုနှုန်း ပိုများလာတာကို တွေ့ရပြီး အထူးသဖြင့်တော့ ဘိန်းစိုက်ပျိုးမှုနှုန်းဟာ ရာခိုင်နှုန်းအားဖြင့် သိသိသာသာ မြင့်တက်လာတာကို တွေ့ရတယ်လို့ UNODC ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု တိုက်ဖျက်ရေးရုံးရဲ့ အရှေ့အာရှဆိုင်ရာ ဌာနေကိုယ်စားလှယ် ဂယ်ရီ လူးဝစ်စ် (Gary Lewis) က အခုလို ပြောသွားပါတယ်။

“လွန်ခဲ့တဲ့ ၁ နှစ်၊ ၂ နှစ်အတွင်း မြန်မာနိုင်ငံအတွင်း ဘိန်းစိုက်ပျိုးမှုနှုန်းဟာ ၂ ဆနီးပါးလောက် မြင့်တက်လာတယ် ဆိုတာကို စစ်တမ်းတွေအရ တွက်ချက်ကြည့်လို့ ရပါတယ်။ ဒါဟာ သိသာလွန်းတဲ့ ပြောင်းလဲမှုဖြစ်ပြီး တခြား မူးယစ်ဆေးဝါး ထုတ်လုပ်မှုနဲ့ သုံးစွဲမှုတွေဟာလည်း မြင့်တက်လာတာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှု မြင့်တက်လာပြီး အထွက်နှုန်းကလည်း အားကောင်းလာတာကြောင့် တကမ္ဘာလုံး အတိုင်းအတာနဲ့ နှုန်းယှဉ်လိုက်ရင် မြန်မာနိုင်ငံက ထုတ်လုပ်မှုနှုန်းဟာ ၁၆% လောက် မြင့်တက်လာတာကို တွေ့ရပါတယ်။”

တဘက်မှာ ဘိန်းစိုက်ပျိုးမှုနှုန်း အခုတနှစ်အတွင်း မြင့်တက်လာသလို တခြား မက်သမ်ဖက်တမင်း (Methamphetamine) လို မူးယစ်ဆေးဝါး ထုတ်လုပ်မှုတွေလည်း ၁၄% လောက်အထိ တိုးမြင့် ထုတ်လုပ်လာတာကို တွေ့ရတယ်လို့ UNODC အရှေ့အာရှဆိုင်ရာ ပူးပေါင်းလုပ်ဆောင်ရေး တာဝန်ခံ မစ်စ် ဒီပီကာ နာရူကာ (Ms. Deepika Naruka) က ပြောပါတယ်။

“လွန်ခဲ့တဲ့ နှစ်အနည်းအတွင်းကနေ အခုနှစ်ဆန်းပိုင်းအထိ မြန်မာနိုင်ငံက မူးယစ်ဆေးဝါး ထုတ်လုပ်မှုဟာ ၅% လောက်သာ ရှိခဲ့ပေမဲ့ အဲဒီကိန်းဂဏန်းတွေဟာ မကြာခင်မှာ ပြောင်းလဲတော့မှာပါ။ အခုနှစ်အတွင်းမှာတင် ထုတ်လုပ်မှုနှုန်းဟာ ၁၄% အထိ မြင့်တက်လာခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ ကမ္ဘာ့ မက်သမ်ဖက်တမင်း မူးယစ်ဆေးပြားတွေ အများဆုံး ထုတ်လုပ်တဲ့ နိုင်ငံတခု ဖြစ်လာတယ် ဆိုတာကို စိတ်ဝင်စားစရာ တွေ့လာရပါတယ်။”

အဲဒီ မက်သမ်ဖက်တမင်း ဆေးပြားတွေကို မြန်မာနိုင်ငံအတွင်းမှာ ၁၉၉၆ ခုနှစ်လောက်က စတင် ဖမ်းဆီးမိခဲ့ပြီး ၂၀၀၉ ခုနှစ်က ဖမ်းဆီးရမိခဲ့တဲ့ ဆေးပြား အရေအတွက်ဟာ ၂၄,၀၀၀,၀၀၀ လောက် ရှိပါတယ်။ ဒါဟာ ၂၀၀၇ ခုနှစ်က ဖမ်းမိခဲ့တဲ့ ဆေးပြားအရေအတွက် ၁,၇၀၀,၀၀၀၊ ၂၀၀၈ ခုနှစ်မှာ ဖမ်းမိတဲ့ ၁,၀၀၀,၀၀၀ သာသာ အရေအတွက်တို့နဲ့ နှိုင်းယှဉ်လိုက်ရင် သိသိသာသာ ခုန်တက်လာတာကြောင့် ကုလသမဂ္ဂအတွက် အထူးစိုးရိမ်စရာ ဖြစ်လာခဲ့ပါတယ်။ အတည်မပြုနိုင်သေးတဲ့ အစောပိုင်း ရရှိထားတဲ့ စာရင်းတွေ အရတော့ အခုနှစ် ၂၀၁၀ ခုနှစ်မှာ ၁,၇၀၀,၀၀၀ လောက် ဖမ်းမိထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

ပညာရှင်တွေကတော့ အခုလို ဖမ်းမိတဲ့ မူးယစ်ဆေးပြား အရေအတွက် များလာတာဟာ အိမ်နီးချင်း နိုင်ငံတွေနဲ့ ပြည်ပကို တင်ပို့မှုနှုန်း လျော့ကျသွားတာ မဟုတ်ဘဲ ပြည်တွင်းမှာတင် သုံးစွဲမှုနှုန်း များလာတဲ့ လက္ခဏာ ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။ မြန်မာနိုင်ငံကထွက်တဲ့ မူးယစ်ဆေးဝါး ပေါင်းစုံဟာ အိမ်နီးချင်း နိုင်ငံတွေတင်သာ မကဘဲ တခြား ဝေးလံခေါင်ဖျားတဲ့ ဒေသတွင်း နိုင်ငံတွေကိုပါ ထိခိုက်စေတယ်လို့ ဆိုပါတယ်။

ဘိန်းစိုက်သူ အများစုထံမှာ ကုလသမဂ္ဂက ကောက်ယူခဲ့တဲ့ စစ်တမ်းတွေ အရကတော့ အများစုဟာ မိသားစု စားဝတ်နေရေးအတွက် တခြား ရွေးချယ်စရာနည်းလမ်း မရှိကြလို့သာ အခုလို စိုက်ပျိုးနေကြရတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

ဒါကြောင့်လည်း ကုလသမဂ္ဂ အနေနဲ့ ဒေသခံအစိုးရ အပါအဝင် ကျေးရွာလူကြီးတွေနဲ့ ပူးပေါင်းပြီး ဘိန်းအဓိက စိုက်ပျိုးတဲ့ ရှမ်းပြည်အတွင်းမှာ ရိက္ခာထောက်ပံ့ရေး အစီအစဉ်တွေကို စတင် လုပ်ဆောင်နေပြီလို့ UNODC ရန်ကုန်ဌာနေကိုယ်စားလှယ် ဂျေစင် အီလိုင်ယာ (Jason Eliagh) က အခုလို ပြောပါတယ်။

“ကျနော်တို့အနေနဲ့ စားနပ်ရိက္ခာ ဖူလုံရေး ကိစ္စတွေကို စလုပ်နေပါပြီ။ ရှမ်းပြည်အတွင်းမှာ အစီအစဉ် ၃ ခုကို စလုပ်နေပါတယ်။ ဒေသခံ အာဏာပိုင်တွေနဲ့ ဆက်ဆံရေး ကောင်းမွန်သလို ရပ်ရွာလူကြီးတွေနဲ့လည်း ပူးပေါင်း လုပ်ဆောင်ပါတယ်။ နောက် ဘိန်းစိုက်ပျိုးတဲ့ ဒေသတွေမှာ အဓိက လုပ်ဆောင်သင့်တဲ့ စီမံကိန်းတွေ အကောင်အထည် ဖော်နိုင်အောင် စတင် ကြိုးပမ်းနေကြပါပြီ။ အဲဒီအစီအစဉ်တွေကို ပြီးခဲ့တဲ့ နွေရာသီကမှ စတင် အကောင်အထည်ဖော်တာ ဖြစ်ပါတယ်။”

မြန်မာနိုင်ငံအတွင်းက ဘိန်းစိုက်ပျိုးမှုနဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်မှုတွေကို ထိန်းချုပ်နိုင်ဖို့အတွက် နှစ်အတော်ကြာ ကြိုးစားလုပ်ဆောင်ရမယ်လို့ ကုလသမဂ္ဂ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါပေမဲ့လည်း လိုအပ်တဲ့ စီမံကိန်းတွေ အကောင်အထည် ဖော်နိုင်အောင် နောက်ပိုင်းက ငွေကြေး ထောက်ပံ့မှုတွေလည်း အများအပြား လိုအပ်တဲ့အကြောင်း ထည့်သွင်း ပြောကြားသွားကြပါတယ်။

XS
SM
MD
LG