သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခရစ်ယာန်ဘုရားကျောင်း အတွင်း စေတီတည်မှု ပြည်နယ်အစိုးရ စစ်ဆေး


Fələstinlilər poçtla göndəlilən əşyaları alır
Fələstinlilər poçtla göndəlilən əşyaları alır

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ကွမ်းတောကျေးရွာရှိ အင်္ဂလိကန် ခရစ်ယာန်ဘုရားကျောင်းဝင်းအတွင်းမှာ မြိုင်ကြီးငူဆရာတော်က ဒီရက်ပိုင်းအတွင်း ဒုတိယမြောက်စေတဆူကို ထပ်မံတည်ထားလိုက်ပြီး သိမ်ကျောင်းဆောက်လုပ်ဖို့အတွက်လည်း ပြင်ဆင်နေပါတယ်။ လောလောဆည်မှာ ကရင်ပြည်နယ်ဝန်ကြီးချုပ်က အခြေအနေတွေကို သွားရောက်စစ်ဆေး စုံစမ်းနေပြီး သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကတော့ အချိန်ယူဖြေရှင်းဖို့ ပြောဆိုထားပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

လှိုင်းဘွဲ့မြို့နယ်၊ ကွမ်းတောကျေးရွာရှိ ဘုရားကျောင်းမှာ ပြီးခဲ့တဲ့ ဧပြီလနောက်ဆုံးပတ်အတွင်းက စေတီတဆူကို မြိုင်ကြီးငူဆရာတော်က တည်ခဲ့ပြီး အင်္ဂါနေ့ကတော့ နောက်ထပ်စေတီတဆူ ထပ်မံ တည်ထားခဲ့တာဖြစ်ပါတယ်။

လက်ရှိကွမ်းတောရွာက အခြေအနေကို အင်္ဂလိကန်အသင်းတော် ဖားအံသာသနာပိုင်နယ်ရဲ့ အထွေထွေအတွင်းရေးမှုး နော်ဆာဝါးက အခုလို ပြောပါတယ်။

“စေတီကတော့ မနေ့ညနေ ၃ နာရီခွဲက တည်ပြီးသွားပါပြီ။ ဒါပေမယ့် ထီးတော့ မတည်ရသေးပါဘူးရှင့်။ အင်္ဂလိကန်ဘုရားကျောင်းပါ၊ ဘုရားကြောင်းနာမည်က ရှင်မာကု။”

ပထမ စေတီတဆူ တည်ပြီးတဲ့နောက်မှာ သက်ဆိုင်ရာကို အသိပေး တင်ပြထားတယ်လို့လည်း နော်ဆာဝါးက ပြောပါတယ်။

“ကျမတို့က သက်ဆိုင်ရာ မြို့နယ်ပြည်နယ်၊ အုပ်ချုပ်ရေးမှူးရော၊ သာသနာ ရေးဘက်မှာရော ၊ နောက်ပြီးတော့ သံဃာ့နာယက ဘက်မှာရော အဲဒါကို ကျမတို့ စာတင်ထားတာရှိပါတယ်။ နောက်တခုကတော့ ကျမတို့ ပြည်ထောင်စု ဝန်ကြီးအထိကို ကျမတို့ စာတင်ထားတာလည်းရှိတယ်ပေါ့နော်။ နောက်တခုကတော့ သာသနာမူရုံးဆိုတာ ရန်ကုန်မြို့မှာရှိတယ်ပေါ့နော်။ သာသနာမှုရုံးက သာသနာပိုင်ကြီးများအနေပြီးတော့လည်းပဲ မေတ္တာရပ်ခံစာနဲ့ ဒီအခြေအနေတွေမှာ တင်ပြတဲ့စာတဆောင်လည်းပဲ သမ္မတရုံးကို ကျမတို့ စာတင်ထားတာလည်းရှိပါတယ်။”

ဒီလို တင်ပြပြီးတဲ့နောက်မှာ ပြည်နယ်အစိုးရက တာဝန်ရှိသူတွေ ကွမ်းတောရွာကို လာရောက်ကြည့်ရှုစစ်ဆေးခဲ့ သလို ဒီကနေ့ နေ့ခင်း မှာလည်း ပြည်နယ်ဝန်ကြီးချုပ်ကိုယ်တိုင်လာရောက်ခဲ့ပါတယ်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်သွားရောက်ကြည့်ရှုစစ်ဆေးခဲ့တဲ့အခြေအနေကိုတော့ နော်ဆာဝါးက အခုလို ပြောပါတယ်။

“ထွေထွေထူးထူးတော့မရှိဘူးရှင့်။ သူကလာပြီးတော့ မြိုင်ကြီးငူဆရာနဲ့တော့ မတွေ့လိုက်ဘူးပေါ့ရှင်။ အဲဒီစေတီတည်တဲ့နေရာတွေမှာ တာဝန်ခံ ထိုင်နေတဲ့ ဆရာတော်တပါးတော့ရှိတယ်။ သူတို့ ဝင်ဖူးပြီးတော့ စကားပြောတာပေါ့နော်။ ပြောတာကတော့ ဒီ ဝန်ကြီးချုပ်အနေနဲ့ ကရင်ပြည်နယ်မှာနေတာ နှစ်ပေါင်းဘယ်လောက်ကြာပြီဆိုတဲ့အကြောင်း ၊ ဒီလိုမျိုးနှစ်ပေါင်းကြာပြီဖြစ်တဲ့အတွက်ကြောင့် သူကနေပြီးတော့ ကူညီလုပ်ဆောင်ချင်တဲ့အတွက်ကြောင့် အဲဒါကို သူက မေတ္တာရပ်ခံပါတယ် ဆိုပြီးပြောတယ်။ တခြားထွေထွေထူးထူးတော့မရှိဘူးရှင့်။”

ပြီးခဲ့တဲ့ လပိုင်းအတွင်းက ခရစ်ယာန်ဘုရားကျောင်း ၂ကျောင်းရဲ့ ဝင်းအတွင်း မှာစေတီ ၂ဆူတည်ထားခဲ့သလို အစ္စလာမ် ဘာသာဝင်တွေရဲ့ ဗလီအဆောက်အဦးဝင်းအတွင်းမှာ စေတီတည်ထားခဲ့တာတွေ ရှိပါတယ်။

မြိုင်ကြီးငူဆရာတော်က ဒီလို ဆောင်ရွက်နေတဲ့အပေါ်မှာတော့ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက သံဃကိစ္စကို သံဃတော်တွေက ဖြေရှင်းဖို့ ဂိုဏ်းပေါင်းစုံသံဃနာယက အဖွဲ့အစည်းအဝေးကဆုံးဖြတ်ထားကြောင်းနဲ့ ဒီအရေးကိစ္စကို ကရင်ပြည်နယ် သံဃနာယက အဖွဲ့က ဖြေရှင်းမှာဖြစ်ကြောင်း ပြောဆိုထားသလို ဒီအရေးကိစ္စကို အချိန်ယူဆောင်ရွက်ဖို့ လိုကြောင်းလည်းသတင်းမီဒီယာတွေကို အခုလို ပြောဆိုထားပါတယ်။

“မြေပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီးတော့မှာ နည်းနည်းလေး အငြင်းပွားမှုတွေလည်း အသံထွက်နေပါတယ်။ နောက်ပြီးတော့လည်း လက်တလောဒါသည် အပူတပြင်းဖြေရှင်းလိုက်ရင် ၂ ဘက်လက်နက်ကိုင်အဖွဲ့ကလည်း အဲဒီမှာ နည်းနည်းလေးပေါ့ ပါဝင်ပတ်သက်နေတဲ့အခါကျတော့ ရှေ့ဆက်ရမယ့် အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို အတိုင်းအတာတခုအထိ အထိအခိုက် အနှောက်အယှက်ဖြစ်ပေါ်နိုင်ပါတယ်။ ဒါကြောင့် ဒါကိုလောလောဆယ် သီးခံဆိုင်းငံပြီးတော့မှ အချိန်တခုစောင့်ဆိုင်းပြီးတော့မှ ဖြေရှင်းသွားဖို့အတွက်ကို အဆင့်ဆင့်လိုအပ်ပါတယ်။”

လက်ရှိ ဘုရားတည် သိမ်ဆောက်နေတဲ့ ကွမ်းတောရွာမှာ အိမ်ခြေ ၃၀၀ကျော်လောက်ရှိပြီး ခရစ်ယာန်ဘာသာဝင်မိသားစုက ၁၀စုလောက်ရှိတာဖြစ်ပါတယ်။ ဒီလို ဘုရားတည်ကျောင်းဆောက် ရာမှာ ဒေသခံရွာသားအနည်းငယ်လောက်သာ ပါဝင်ဆောင်ရွက်တာမျိုးရှိပေမဲ့ အများစုက တခြားဒေသကနေ လာရောက်ကြတာဖြစ်ပါတယ်။

XS
SM
MD
LG