သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွှတ်တော်တွင်း ပြောဆိုခွင့် ကန့်သတ်အမိန့် ၂၀၀၈ ဖွဲ့စည်းပုံ မလေးစားဟု ဥပဒေပညာရှင် ဝေဖန်


လွှတ်တော်တွင်း ပြောဆိုခွင့် ကန့်သတ်အမိန့် ၂၀၀၈ ဖွဲ့စည်းပုံ မလေးစားဟု ဥပဒေပညာရှင် ဝေဖန်
လွှတ်တော်တွင်း ပြောဆိုခွင့် ကန့်သတ်အမိန့် ၂၀၀၈ ဖွဲ့စည်းပုံ မလေးစားဟု ဥပဒေပညာရှင် ဝေဖန်

ရွေးကောက်ပွဲအပြီး ဖွဲ့စည်းခေါ်ယူမယ့် လွှတ်တော်ထဲမှာ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ လက်ရှိ စစ်အစိုးရ မူဝါဒတွေကို ထိပါး ပြောဆိုတာတွေ၊ နိုင်ငံတော် လုံခြုံရေး ထိခိုက်စေတဲ့ အပြောအဆိုတွေ အပါအဝင် လွှတ်တော်တွင်း ဆန္ဒပြတာတွေ မလုပ်ရဆိုပြီး ကန့်သတ်လိုက်တဲ့အပေါ် အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်တွေက တုံ့ပြန် ပြောဆိုမှုတွေ ရှိနေပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက်က တင်ပြပေးထား ပါတယ်။

ရွေးကောက်ပွဲအပြီး ရက် ၉၀ အတွင်း ခေါ်ယူမယ့် လွှတ်တော်အသီးသီးမှာ အနိုင်ရ လွှတ်တော်အမတ်တွေက လက်ရှိ အစိုးရ မူဝါဒတွေကို ထိပါးပြောဆိုတာ၊ နိုင်ငံတော် လုံခြုံရေးကို ထိပါးပြောဆိုတာ၊ နောက် လွှတ်တော်တွင်း ဆန္ဒပြတာတွေ လုပ်ရင် ထောင်ဒဏ် ၂ နှစ် ကျခံရမယ်လို့ စစ်အစိုရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက လက်မှတ်ရေးထိုးပြီး အမိန့်ပြန်တမ်းတစောင် ပြီးခဲ့တဲ့ သောကြာနေ့က ထုတ်ပြန် လိုက်တယ်လို့ AP သတင်းက ဖော်ပြလိုက်ပါတယ်။

လွှတ်တော် ဥပဒေတွေကို အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ လွှတ်တော်ခေါ်ပြီးမှ ချမှတ်လေ့ ရှိပေမဲ့ အခုပေါ်လာမယ့် လွှတ်တော်မှာတော့ လွှတ်တော်မခေါ်ခင် ဒီဥပဒေတွေကို စစ်အစိုးရက ထုတ်လိမ့်မယ်လို့ ယူဆတဲ့အကြောင်း အနိုင်ရ လွှတ်တော်ကိုယ်စားလှယ် ရှေ့နေကြီး ဦးသိန်းညွန့်က ပြောပါတယ်။

“၇၄ တုန်းကတော့ ၇၄ လွှတ်တော်ခေါ်ပြီးရင် အခြေခံဥပဒေနဲ့ ဆက်နွယ်တဲ့ ဥပဒေတွေ ပြည်သူ့လွှတ်တော်က ပြဋ္ဌာန်းတာပေါ့။ အခု ၂၀၁၀ မှာကတော့ အခြေခံဥပဒေမှာ ပုဒ်မ ၄၄၃ ဆိုတာ အခြေခံဥပဒေ ကြိုတင်ပြင်ဆင်တဲ့ လုပ်ငန်းတွေကို SPDC က ဆောင်ရွက်တာဟာ ဒီအခြေခံဥပဒေက ဆောင်ရွက်တယ်လို့ မှတ်ယူရမယ်လို့ ပြဋ္ဌာန်းထားတယ်။ အဲဒါကြောင့် အဲဒီဥပဒေတွေကို နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက လွှတ်တော်အစည်းအဝေး မခေါ်ခင် ပြဋ္ဌာန်းလိမ့်မယ်လို့ ထင်တယ်။”

လွှတ်တော်မှာ ကျင့်သုံးရမယ့် ဥပဒေကို လွှတ်တော်မခေါ်ခင် ထုတ်ပြန်တာက တရားမဝင်ဘူးလို့ ပြည်ပအခြေစိုက် မြန်မာနိုင်ငံ ရှေ့နေများကောင်စီ ဥပဒေရေးရာ သုံးသပ်ရေးအဖွဲ့ ခေါင်းဆောင် ဦးမျိုးက ဆိုပါတယ်။

“လွှတ်တော်ဥပဒေဆိုတာ ၂၀၀၈၊ ၂၀၁၀ မှာ သူတို့က ပြည်ထောင်စုလွှတ်တော် ခေါ်မှသာလျှင် ၂၀၀၈ က အတည်ဖြစ်တယ်။ ပြည်ထောင်စု လွှတ်တော်ကသာလျှင် အဆင့်ဆင့် ဥပဒေ ပြဋ္ဌာန်းရဦးမယ်။ အဲဒီပြဋ္ဌာန်းပြီးမှသာလျှင် လွှတ်တော်ထဲမှာ ကျင့်သုံးလို့ရတယ် ဥပဒေကို။ အခုကတည်းက ပြဋ္ဌာန်းပြီး အခုကတည်းက ကျင့်သုံးမယ်ဆိုတာ ဥပဒေကို မလေးမစား လုပ်တာလည်း ဖြစ်တယ်။”

ရွေးကာက်ပွဲ အနိုင်ရ စစ်တွေမြို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်ကတော့ လွှတ်တော်ထဲမှာ လွတ်လွတ်လပ်လပ် ပြောဆိုခွင့်က ၂၀၀၈ အခြေခံဥပဒေမှာ ပြဋ္ဌာန်းပြီးသား ဖြစ်တယ်လို့ အခုလို ပြောပါတယ်။

“ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ မှာလည်း လွတ်လွတ်လပ်လပ် ပြောဆို ဆွေးနွေးပိုင်ခွင့် ရှိတယ်ဆိုတဲ့ ပုဒ်မတွေ ပါပါတယ်။ အခြေခံဥပဒေဟာ ဥပဒေအားလုံးရဲ့ မူရင်း ပထမ မူလကိုး။ အခြေခံဥပဒေ ဘောင်ထဲမှာပါတဲ့ လွတ်လွတ်လပ်လပ် ဆွေးနွေးခွင့်တို့၊ ငြင်းခုံခွင့်တို့၊ တင်ပြခွင့်တို့ ဆိုတာလည်း လူတဦးချင်းရဲ့ လူ့အခွင့်အရေးတွေပါ။ အဲဒါတွေကို ပြည်ထောင်စု လွှတ်တော်တို့၊ အမျိုးသားလွှတ်တော်တို့၊ ပြည်သူ့လွှတ်တော်တို့မှာ ဆွေးနွေး ငြင်းခုံခွင့်တော့ ရှိကြရမှာပဲလေ။ အဲဒါကို ဘောင် ဘယ်လိုကန့်သတ်ထားသလဲလို့ ကျနော်တို့လည်း မသိရသေးတော့ အသေးစိတ်တော့ ပြန်ပြီး ရှင်းပြဖို့ ခက်ပါလိမ့်မယ်။”

နိုင်ငံရေးပါတီတခု အနေနဲ့ရော တိုင်းရင်းသား လွှတ်တော်အမတ်တဦး အနေနဲ့ပါ တိုင်းပြည်စည်းလုံးမှု ပြိုကွဲအောင် ဘယ်သူ တဦးတယောက်ကမှ လုပ်ဆောင်လိုမှာ မဟုတ်သလို အခုဖြစ်နေတဲ့ လက်နက်ကိုင် အဖွဲ့အစည်းကိစ္စ အပါအဝင် တိုင်းရင်းသား စည်းလုံးညီညွတ်မှုအတွက် လိုအပ်တာတွေကို ဆွေးနွေး အဖြေရှာလိုကြသူတွေပါလို့ ဒေါက်တာ အေးမောင်က ထည့်ပြောပါတယ်။

စစ်အစိုးရခေါင်းဆောင်က လွှတ်တော်ထဲမှာ ပြောရေးဆိုခွင့် ပိတ်ပင်လိုက်တာကလည်း လူ့အခွင့်အရေး ချိုးဖောက်လိုက်တာ ဖြစ်တယ်လို့ ရှေ့နေများ ကောင်စီက ဦးမျိုးက ဆိုပါတယ်။

“Freedom of Expression ဆိုတာ ရှိတယ်။ Freedom of Expression ဆိုတာ အပြင်မှာလည်း ရှိတယ်၊ လွှတ်တော်ထဲမှာလည်း ရှိတယ်။ အဲဒီ Freedom of Expression က လူ့အခွင့်အရေး ကြေညာချက် ၁၉ မှာ ပါတယ်။ Article 19 လို့ ခေါ်ပါတယ်။ အဲဒီ Article 19 ကို ချိုးဖောက်လိုက်တာလည်း ဖြစ်တယ်ဗျ။ အပြင်မှာ လူတိုင်းကို ပေးရမယ့် လူ့အခွင့်အရေးကိုတောင်မှ လွှတ်တော်ထဲမှာ မရဘူးဆိုရင် အဲဒီလွှတ်တော်က ဘယ်လောက်အထိ ကျဉ်းမြောင်း ကျပ်တည်းသွားမလဲဆိုတာ အခုကတည်းက ကြိုပြီး မြင်နိုင်တာပေါ့ခင်ဗျာ။”

ရွေးကောက်ပွဲအပြီး ရက်ပေါင်း ၉၀ အတွင်း လွှတ်တော်ခေါ်မယ်လို့ ရွေးကောက်ပွဲ ဥပဒေမှာ ပြဋ္ဌာန်းထား ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လွှတ်တော်ထဲမှာ ပြင်မယ်၊ လွှတ်တော်ထဲမှာ ပြောရေးဆိုခွင့် အတိုင်းအတာ တခုအထိ ရလာနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ တချို့ ဒီမိုကရေစီ လိုလားတဲ့ ပါတီတွေနဲ့ တသီးပုဂ္ဂလတွေ ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ဒါပေမဲ့ လွှတ်တော် မခေါ်ခင်မှာ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေကို လွှတ်တော်ထဲမှာ ပြောခွင့် ဆိုခွင့်ကို ကြိုတင် ကန့်သတ်လိုက်တာ ဖြစ်ပါတယ်။

XS
SM
MD
LG