သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရသစ် လူဟောင်းများ အဓိကပါဝင်


အစိုးရသစ် လူဟောင်းများ အဓိကပါဝင်
အစိုးရသစ် လူဟောင်းများ အဓိကပါဝင်

၂၀၁၀ ရွေးကောက်ပွဲ နောက်ဆက်တွဲ ဖြစ်လာမယ့် အစိုးရအဖွဲ့ထဲမှာ ပါဝင်မယ့် ဝန်ကြီးအဖွဲ့ အမည်စာရင်းကို ရွေးကောက်ခံ သမ္မတက ဒီကနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအတွင်း အမည်စာရင်း တင်သွင်းလိုက်ပါပြီ။ ထွက်လာတဲ့ အမည်စာရင်းအရ လက်ရှိ စစ်တပ်ဗိုလ်ချုပ်တွေ၊ ဗိုလ်ချုပ်ဟောင်းတွေ၊ ဝန်ကြီးတွေပဲ အများစု ပါဝင်လာတာကြောင့် လူမပြောင်းတဲ့ အစိုးရအဖွဲ့တရပ် ပေါ်ထွက်လာတော့မှာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။

ဝန်ကြီးဌာန ၃၄ ခုအတွက် ဝန်ကြီးအယောက် ၃၀ ရဲ့ အမည်စာရင်းကို ရွေးကောက်ခံ သမ္မတ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်က ဒီကနေ့ ဆက်ပြီး ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် ပထမအကြိမ် အစည်းအဝေး၊ တတိယနေ့မှာ တင်သွင်းလိုက်တာ ဖြစ်ပါတယ်။ ဗွီအိုအေက သိရတဲ့ စာရင်းအရ စစ်တပ်ထဲက လက်ရှိ ဒုတိယဗိုလ်ချုပ်ကြီးနဲ့ ဗိုလ်ချုပ်တွေ၊ နောက် အငြိမ်းစား ယူလိုက်တဲ့ ဗိုလ်ချုပ်ဟောင်းတွေ၊ လက်ရှိဝန်ကြီးတွေနဲ့ ဒုတိယဝန်ကြီးတွေပဲ အများစု ပြန်ပါလာတာကို တွေ့ရပါတယ်။

အင်္ဂါနေ့ အစည်းအဝေးမှာ သမ္မတက တင်သွင်းထားတဲ့ ဝန်ကြီးဌာန ၃၄ ခု ဖွဲ့စည်းရေး ကိစ္စနဲ့ ဝန်ကြီးအရေအတွက် အယောက် ၃၀ ထားဖို့ ကိစ္စတွေအပေါ် အပြန်အလှန် ဆွေးနွေးတာတချို့ ရှိခဲ့ပေမဲ့လည်း မဲခွဲဆုံးဖြတ်တာမှာ ထောက်ခံမဲ အပြတ်အသတ်ရပြီး ဝန်ကြီးဌာနစာရင်းနဲ့ ဝန်ကြီးအရေအတွက်စာရင်း အပြောင်းအလဲမရှိ အတည်ဖြစ်သွားခဲ့ပါတယ်။

“သမ္မတက လွှတ်တော်ကို တင်သွင်းတဲ့ ဝန်ကြီးဌာန ၃၄ ခုနဲ့ ပတ်သက်ပြီးတော့ လွှတ်တော်က ၂ ဦး ဆွေးနွေးပါတယ်။ တဦးဖြစ်တဲ့ ဒေါက်တာ မြတ်ဉာဏစိုးကတော့ ၂၅ ခု ရှိသင့်ကြောင်း ဆွေးနွေးပါတယ်။ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက ဒီ ၃၄ ဌာနက သင့်တော်ပါတယ် ဆိုတဲ့အကြောင်း ပြန်ဆွေးနွေးပါတယ်။ သမ္မတကလည်း ဒီ ၃၄ ဌာနအကြောင်း ပြန်ပြီး ဆွေးနွေးပါတယ်။ အားလုံးဆွေးနွေးပြီးတော့မှ လွှတ်တော်ထဲမှာ စက်ခလုပ်နှိပ်ပြီး ဆန္ဒမဲ ခွဲကြပါတယ်။ ခွဲကြတဲ့အချိန်မှာ ၃၄ ဌာနကို ထောက်ခံမဲ ၆၀၀ ကျော် ရတဲ့အတွက် အဲဒါကို လွှတ်တော်က အတည်ပြုလိုက်ပါတယ်။

“ဝန်ကြီး ၃၀ ဦး အကြောင်းကိုလည်း ချင်းကိုယ်စားလှယ် တယောက်က ၃၀ ဦးအစား ၃၄ ဦးထားဖို့ ဆွေးနွေးပါတယ်။ သမ္မတကလည်း ၃၄ ဦး ရှိတာထက်စာရင် ၃၀ ဦးရှိတာက နိုင်ငံတော်အတွက် ဝန်ထုပ်ဝန်ပိုး လျော့ပါးစေတဲ့အကြောင်း ပြန်ဆွေးနွေးပါတယ်။ အဲဒါတွေအားလုံး ဆွေးနွေးပြီးတော့မှ လွှတ်တော်က မဲခွဲဆုံးဖြတ်တော့ ဝန်ကြီးအရေအတွက် ၃၀ ဦး ရှိသင့်တဲ့ဘက်က ထောက်ခံမဲ ၆၀၀ ကျော် ရတဲ့အတွက် လွှတ်တော်က အတည်ပြုပေးလိုက်ပါတယ်။”

လွှတ်တော်အစည်းအဝေးတွေ တက်နေတဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီက အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် ပြောပြသွားတာ ဖြစ်ပါတယ်။

ဝန်ကြီးဌာန ၃၄ ခုအတွက် ဝန်ကြီးအရေအတွက် ၃၀ ပဲ ခန့်ထားခြင်းအားဖြင့် နိုင်ငံမှာ ဝန်ထုပ်ဝန်ပိုး သက်သာသွားတယ်လို့ သမ္မတက အကြောင်းပြချက် ပေးခဲ့ပေမဲ့ ဝန်ကြီးဌာန ၃၄ ခု ဖွဲ့စည်းဖို့ လိုအပ်ရဲ့လား ဆိုတဲ့အပေါ်နဲ့ အဲဒီဝန်ကြီးဌာနတွေရဲ့ စွမ်းဆောင်ရည်အပေါ် မေးခွန်းထုတ်တာတွေက ရှိနေတာပါ။

ဒီကနေ့ အမည်စာရင်း တင်သွင်းတဲ့ ဝန်ကြီးစာရင်းထဲမှာ လက်ရှိ စစ်တပ်ထဲက ဒုတိယဗိုလ်ချုပ်ကြီး ကိုကို၊ ဗိုလ်ချုပ် လှမင်း၊ ဗိုလ်ချုပ် သိန်းဌေးတို့ ပါဝင်သလို လက်ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးဝဏ္ဏမောင်လွင်၊ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း မြင့်လှိုင်၊ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း၊ ကာကွယ်ရေး ဒု-ဝန်ကြီး ဗိုလ်ချုပ်ဟောင်း ဦးအေးမြင့်၊ သာသနာရေးဝန်ကြီး သူရ ဦးမြင့်မောင်၊ ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီ၊ အလုပ်သမားဝန်ကြီး ဦးအောင်ကြည်၊ လျှပ်စစ်ဝန်ကြီး ဦးဇော်မင်း စသည်အားဖြင့် ပါနေတာ တွေ့ရတာကြောင့် ရွေးကောက်ပွဲ လုပ်ခဲ့ပြီး လွှတ်တော်တွေ ပေါ်လာပေမဲ့ အုပ်ချုပ်ရေးမှာ လူမပြောင်းဘူး ဆိုတာကတော့ ထင်ရှားနေပါတယ်။

အခု အမည်စာရင်း တင်သွင်းထားတဲ့ ဝန်ကြီးတွေက ဘယ်ဝန်ကြီးဌာနတွေကို ကိုင်မှာလဲ ဆိုတာကိုတော့ လွှတ်တော် အစည်းအဝေးအတွင်း တိတိကျကျ မပြောသေးဘူးလို့ ဦးဖုန်းမြင့်အောင်က ပြောပါတယ်။

“လွှတ်တော် နာယကက ဒီ ၃၀ ပဲ ဖတ်ပြပါတယ်။ ဘယ်သူက ဘယ်လိုဆိုတာတော့ သူ မတွဲပါဘူး။ ကျနော်တို့ အပြင်မှာ တွဲနေတာပေါ့ဗျာ။ သတင်းစာထဲမှာပါတဲ့ ဝန်ကြီး ၃၄ ဌာနကို အစဉ်လိုက် ရွတ်ပြီးတော့ သူအစဉ်လိုက်ရွတ်တဲ့ ၃၀ ဦးနဲ့ တွဲကြတယ်ပေါ့ဗျာ။ အဲဒါ အတည်တော့ မဟုတ်သေးပါဘူး။ အပြင်မှာ တွဲတဲ့သဘောပါ။ လူ ၃၀ ခန့်သင့်၊ မခန့်သင့်ကိုလည်း သန်ဘက်ခါ လွှတ်တော်မှာ ဆွေးနွေးပြီးတော့မှ ဆုံးဖြတ်ရမှာပါ။ တခါတည်း လွှတ်တော်က မဆုံးဖြတ်ရသေးပါဘူး။ ဝန်ကြီးဌာန ၃၄ ခုက အတည်ဖြစ်တယ်။ ဝန်ကြီး အရေအတွက် ၃၀ ကလည်း အတည်ဖြစ်တယ်။”

ဝန်ကြီး အယောက် ၃၀ ရဲ့ အမည်စာရင်း တင်သွင်းထားတာကို ဖေဖော်ဝါရီလ ၁၁ ရက်၊ သောကြာနေ့မှာ အတည်ပြု မပြု ဆွေးနွေးကြရဦးမှာ ဆိုပေမဲ့ လွှတ်တော်အားလုံးမှာ ပြည်ခိုင်ဖြိုးပါတီနဲ့ စစ်တပ်ကိုယ်စားလှယ်တွေက လွှမ်းမိုးထားတာကြောင့် အတည်ဖြစ်ရေးဘက်က အလေးသာတယ်လို့ပဲ ဆိုရမှာပါ။

မဲဆန္ဒရှင် ပြည်သူလူထုက မဲပေးပြီး ရွေးကောက် တင်မြှောက်လိုက်တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေဟာ မဲဆန္ဒရှင် ပြည်သူတွေကိုယ်စား တိုင်းပြည်ရဲ့ ကိစ္စအ၀၀ကို စိစစ်မေးမြန်း စောင့်ကြည့် ကြီးကြပ်ဖို့ တာဝန်ပေးအပ်ခံရသူတွေဆိုရင် မမှားပါဘူး။ ဒီ ပေးအပ်လိုက်တဲ့ တာဝန်အတိုင်း ပြည်သူတွေရဲ့ အကျိုးစီးပွား တိုးတက်ရာ တိုးတက်ကြောင်းအတွက် အပြည့်အ၀ စိစစ် ကြီးကြပ်ခွင့်၊ ဆွေးနွေးခွင့် ရရဲ့လားဆိုတာ မေးခွန်းထုတ်စရာ ရှိပါတယ်။ ဒီမေးခွန်းနဲ့ ပတ်သက်ပြီး ဗွီအိုအေက ဆက်သွယ်မေးမြန်းခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် ၂ ယောက်က အခုလို အသီးသီး ဖြေကြားခဲ့ကြပါတယ်။

“အဲဒါတော့ အဖြေရ ခက်တယ်ဗျ။ ကျနော် မဖြေနိုင်ဘူးခင်ဗျ။”

“သူတို့ကတော့ Warmly Welcome ပါပဲ။ ဆွေးနွေးမယ်ဆိုရင် ဆွေးနွေးခွင့်ကို ပွင့်ပွင့်လင်းလင်း ကြိုပြီးတော့ တင်ပါ၊ ဆွေးနွေးလို့ ရပါတယ်လို့ ပြောတယ်လေ။ မဲနဲ့ခွဲတယ်ဆိုတာက များတဲ့ဟာကို ဆုံးဖြတ်တာပဲ။ အားလုံးပဲ ကိုယ့်ဆန္ဒနဲ့ကိုယ် လွတ်လွတ်လပ်လပ် ဝိုင်းပြီး ဆုံးဖြတ်ကြတာပဲ။”

ဖေဖော်ဝါရီလ ၁၀ ရက် ကြာသပတေးနေ့မှာ အစည်းအဝေးတွေ ရပ်နားပြီး ၁၁ ရက် သောကြာနေ့မှာ ပြန်စမှာ ဖြစ်ပါတယ်။ အခု ကျင်းပနေတာက လွှတ်တော်နှစ်ရပ်ပေါင်း ပြည်ထောင်စုလွှတ်တော် အစည်းအဝေးဖြစ်ပြီး လွှတ်တော်တရပ်ချင်းစီ ဖြစ်တဲ့ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွေ ဘယ်တော့ ပြန်ကျင်းပမယ် ဆိုတာကိုတော့ လွှတ်တော်ကိုယ်စားလှယ်တွေ တိတိကျကျ မသိကြပါဘူး။ လွှတ်တော်အစည်းအဝေး တရက်ချင်းစီကျမှပဲ နောက်နေ့ အစည်းအဝေး ရှိမရှိ၊ ဘယ်နေ့ ဘာအစည်းအဝေး ဆိုတာကို ကြေညာတာဖြစ်ပြီး ကြိုတင်ပြောမထားဘူးလို့ တက်ရောက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။

XS
SM
MD
LG