သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွှတ်တော်မှာ အခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ အတည်ပြု


လွှတ်တော်မှာ အခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ အတည်ပြု

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးအတွက် ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေကို ပြီးခဲ့တဲ့ သောကြာနေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ရွေးကောက်ခံ နိုင်ငံတော် သမ္မတက တင်သွင်းခဲ့ပြီး ဒီကနေ့ ဆက်ပြီးကျင်းပတဲ့ အစည်းအဝေးမှာ ဆွေးနွေးသူမရှိ၊ ကန့်ကွက်သူမရှိ အတည်ပြုခဲ့ကြပါတယ်။ ဒါ့အပြင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အတွက် ဥက္ကဋ္ဌ ၁ ဦး၊ အဖွဲ့ဝင် ၆ ဦး၊ စုစုပေါင်း ၇ ဦး သတ်မှတ်ရေး တင်ပြထားပြီးတော့ မနက်ဖြန် အစည်းအဝေးမှာ ဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်။ ဒီကနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ကျင်းပခဲ့တာကို ဘန်ကောက်ကနေ ဆက်သွယ် မေးမြန်းထားတဲ့ ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

ဒီကနေ့ ဆက်လက်ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးဟာ စုစုပေါင်း ၁၅ မိနစ်လောက်ပဲ ကြာမြင့်ခဲ့ပြီး အဲဒီ အချိန်ပိုင်း အတွင်းမှာ ကိစ္စရပ်တခုကို အတည်ပြုခဲ့ကြသလို နောက်ထပ် ကိစ္စရပ်တခုကို အတည်ပြုဖို့ အဆိုတင်သွင်းခဲ့ပါတယ်။ ဒီကနေ့ အစည်းအဝေး ကျင်းပခဲ့ပုံကို လွှတ်တော်အစည်းအဝေး တက်နေတဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီက အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တဦးဖြစ်သူ ဦးဖုန်းမြင့်အောင်က ဗွီအိုအေကို ပြန်ပြောပြပါတယ်။

“ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးကို ဖွဲ့ဖို့အတွက် အမည်စာရင်း တင်သွင်းထားတဲ့ ၉ ဦးနဲ့ ပတ်သက်လို့ ကန့်ကွက်ချက် တစုံတရာမှ မရှိတဲ့အတွက် ပြည်ထောင်စုလွှတ်တော်က အတည်ပြုကြောင်း ကြေညာပါတယ်။ ပြီးတော့ ဒီနေ့ ရွေးကောက်ပွဲ ကော်မရှင်ကို ဖွဲ့ဖို့အတွက် အရေအတွက် ၇ ဦး သတ်မှတ်ကြောင်းကို လွှတ်တော်က တင်ပြပါတယ်။ ဒီ ၇ ဦးနဲ့ ပတ်သက်လို့ ဆွေးနွေးချင်တာရှိရင် ဒီနေ့ညနေမှာ လွှတ်တော်ကို အမည်စာရင်း တင်သွင်းထားပေါ့ဗျာ။ အမည်စာရင်း တင်သွင်းထားရင် မနက်ဖြန် အစည်းအဝေးမှာ အဲဒီပုဂ္ဂိုလ်တွေက ၇ ဦးကိစ္စနဲ့ ပတ်သက်လို့၊ အရေအတွက် ၇ ဦးနဲ့ ပတ်သက်လို့ ဆွေးနွေးနိုင်ပြီပေါ့ဗျာ။”

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အတွက် အတွင်းရေးမှူး တဦးကိုတော့ သီးခြား ခန့်ထားမယ်လို့ ဆိုကြောင်း ဦးဖုန်းမြင့်အောင်က ပြောပါတယ်။

၂၀၀၈ အခြေခံဥပဒေကို အတည်ပြုခဲ့ပြီးတဲ့နောက် ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့မှာ ရွေးကောက်ပွဲတွေကို ကျင်းပခဲ့ပါတယ်။ အဲဒီနောက် ဇန်န၀ါရီလ ၃၁ ရက်နေ့မှာ လွှတ်တော် အစည်းအဝေးတွေကို စတင် ကျင်းပခဲ့တာဖြစ်ပြီး သမ္မတနဲ့ ဒုတိယသမ္မတတွေ၊ ၀န်ကြီးအဖွဲ့ဝင်တွေကို ရွေးချယ်ခန့်ထားရေး ကိစ္စတွေ လုပ်ဆောင်ခဲ့ကြပြီး အခု ဆက်ပြီးတော့ အခြေခံဥပဒေ ခုံရုံးအဖွဲ့ဝင်တွေကို အတည်ပြုတာ၊ ခုနောက်ဆုံး ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် အရေအတွက်ကို အတည်ပြုရေး ဆိုတာတွေကို လွှတ်တော် အစည်းအဝေးတွေမှာ ဆက်လုပ်နေကြတာပါ။ လွှတ်တော်ကိုယ်စားလှယ်တွေကတော့ သူတို့ကိုယ်တိုင် ဒီကနေ့ အစည်းအဝေးပြီးရင် နောက်နေ့ ဘာလုပ်ရမယ်ဆိုတာ တနေ့တနေ့ ပြီးမှပဲ သိရတယ်လို့ ဆိုပါတယ်။

ဒီကနေ့ ကျင်းပတဲ့ အစည်းအဝေးဟာ ၁၅ မိနစ်လောက်ပဲ ကြာရှည်ပြီး အချိန်တိုတိုလေးပဲ လုပ်ခဲ့တာ၊ နောက်နေ့တွေ နောက်နေ့တွေ ဆက်ရွှေ့ရွှေ့သွားပြီး လုပ်နေတဲ့အပေါ် ဘယ်လိုယူဆနိုင်မလဲ ဆိုတဲ့ မေးခွန်းကို လွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်ကြတဲ့ ဦးဖုန်းမြင့်အောင်နဲ့ ဦးသိန်းညွန့်တို့က အခုလို အသီးသီး ဖြေကြားခဲ့ကြပါတယ်။

“ဒါကတော့ ပြည်ထောင်စုနဲ့ဆိုင်တဲ့ ကိစ္စတွေဆိုတော့ လွှတ်တော် ကိုယ်စားလှယ်ကြီးတွေက စဉ်းစားဖို့၊ ဆွေးနွေးနိုင်ဖို့ အချိန်ပေးတဲ့ သဘောလည်း ပါနိုင်ပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ ဆွေးနွေးနိုင်တဲ့လူတွေ၊ စဉ်းစားနိုင်တဲ့ လူတွေကတော့ သူတို့ အချိန်ယူရမယ်ပေါ့ဗျာ။ ကျနော်ကတော့ မဆွေးနွေးနိုင်ဘူး၊ မစဉ်းစားနိုင်ဘူးဆိုတော့ ကျနော့်အတွက်ကတော့ အချိန်ပိုနေတာပေါ့ဗျာ။”

“အဲဒါ အစည်းအဝေး အစီအစဉ် ရေးဆွဲတဲ့ သူတွေက အဲဒီလိုလုပ်ဖို့ သင့်တော်တယ်ထင်လို့ လုပ်တာပေါ့ဗျာ။ ကျနော်တို့ကတော့ အစည်းအဝေး တက်ရောက်သူပဲ၊ အစည်းအဝေး အစီအစဉ် ဆွဲတဲ့သူမှ မဟုတ်ဘဲ။ ညီလာခံလုပ်တုန်းက ၉၃-၉၅ တုန်းက အဲဒီလိုပဲ အတွေ့အကြုံတွေ ရှိပါတယ်။ ကျနော်တို့တာဝန်က အစည်းအဝေး မှန်မှန်တက်ပေးဖို့ပဲပေါ့ဗျာ။”

ဦးသိန်းညွန့်ကတော့ သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်ကနေ ပြည်သူ့လွှတ်တော်အတွက် ရွေးကောက် တင်မြှောက်ခံခဲ့ရတဲ့ လွှတ်တော်ကိုယ်စားလှယ် ဖြစ်ပါတယ်။

ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွေကို မနက်ဖြန် ဖေဖော်ဝါရီလ ၁၅ ရက်နေ့၊ မနက် ၁၀ နာရီမှာ ဆက်လက်ကျင်းပမယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။

XS
SM
MD
LG