သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီမိုကရေစီ လိုလားသူ ကိုယ်စားလှယ် လွှတ်တော်ကော်မတီ တခုမှာ ဥက္ကဋ္ဌဖြစ်လာ


ဒီမိုကရေစီ လိုလားသူ ကိုယ်စားလှယ် လွှတ်တော်ကော်မတီ တခုမှာ ဥက္ကဋ္ဌဖြစ်လာ
ဒီမိုကရေစီ လိုလားသူ ကိုယ်စားလှယ် လွှတ်တော်ကော်မတီ တခုမှာ ဥက္ကဋ္ဌဖြစ်လာ

အမျိုးသားလွှတ်တော်ရဲ့ ရေးရာကော်မတီ တရပ်ဖြစ်တဲ့ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီမှာ ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (RNDP) ရဲ့ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကို ကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ပေးလိုက်ပါတယ်။ ဒါဟာဖြင့် ဖွဲ့ပြီးသမျှ လွှတ်တော်နှစ်ရပ်လုံးရဲ့ ရေးရာကော်မတီတွေမှာ ပြည်ခိုင်ဖြိုးပါတီက မဟုတ်တဲ့ လွှတ်တော်ကိုယ်စားလှယ်တဦး ဥက္ကဋ္ဌအဖြစ် ပထမဆုံး တာဝန်ပေးခံရတာလည်း ဖြစ်ပါတယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။

ဒီကနေ့ ဆက်ပြီးကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးကနေ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီရဲ့ ဥက္ကဋ္ဌအဖြစ် ရခိုင်ပြည်နယ်၊ အမှတ် ၁ မဲဆန္ဒနယ်မြေကနေ ရွေးကောက် တင်မြှောက်ခံခဲ့ရတဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၊ RNDP ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကို လွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်ခန့်ထားခဲ့တာ ဖြစ်ပါတယ်။

“ဒီနေ့ အစိုးရ ကတိခံဝန်ချက်များ၏ စိစစ်ရေး ကော်မတီပေါ့၊ အဲဒါ အမျိုးသားလွှတ်တော်မှာ ဒေါက်တာအေးမောင်ကို ဥက္ကဋ္ဌအဖြစ်နဲ့ ၁၅ ဦး ရွေးချယ်နိုင်ပါတယ်။ ထူးခြားချက်က အရင် ကော်မတီ ၃ ရပ်စလုံးက ပြည်ခိုင်ဖြိုးက လူတွေပဲ ဥက္ကဋ္ဌတွေ၊ အတွင်းရေးမှူးတွေ တာဝန်ယူတာပါ။ ဒီနေ့ဖွဲ့တဲ့ ကော်မတီကျမှပဲ ပြည်ခိုင်ဖြိုး မဟုတ်တဲ့ ဒေါက်တာအေးမောင်ကို ဥက္ကဋ္ဌအဖြစ် ပေးတာပါ။”

အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီက အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် ပြောပြသွားတာ ဖြစ်ပါတယ်။

ဒါ့အပြင် အရင်ဖွဲ့စည်းခဲ့တဲ့ ရေးရာကော်မတီတွေမှာ အဖွဲ့ဝင် ၁၅ ယောက် ရှိတဲ့အထဲ ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်တွေက ၁၀ ယောက်၊ ၁၁ ယောက်ပါပြီး ကျန်ပါတီတွေက ကိုယ်စားလှယ် ၄၊ ၅ ယောက်စီပဲ ပါခဲ့ဖူးပါတယ်။ အခု ဒေါက်တာအေးမောင် ဦးဆောင်မယ့် ကော်မတီမှာတော့ ပြည်ခိုင်ဖြိုးက ၈ ယောက်၊ ကျန်ပါတီတွေက ၇ ယောက်နဲ့ ဖွဲ့စည်းထားပါတယ်။ ဒါပေမဲ့လည်း ကော်မတီဝင် အရေအတွက်အရ ပြောမယ်ဆိုရင်တော့ ပြည်ခိုင်ဖြိုးက တယောက် ပိုပါနေဆဲပါပဲ။

ပြည်ခိုင်ဖြိုးပါတီက သမ္မတ ဦးဆောင်တဲ့ အစိုးရအဖွဲ့ရဲ့ လုပ်ငန်းရပ်တွေကို တခြားပါတီက ကိုယ်စားလှယ်တယောက် ဦးဆောင်တဲ့ ကော်မတီက စစ်ဆေး ကြီးကြပ်ရတယ်ဆိုတာ အမြင်အားဖြင့် ပိုကောင်းသွားပါတယ်လို့ ဦးဖုန်းမြင့်အောင်ကပဲ ပြောပါတယ်။

“ဒီဥစ္စာ အစိုးရလုပ်ငန်းတွေကို စစ်တဲ့ ကော်မတီပေါ့ဗျာ။ ဦးသိန်းစိန် ဖွဲ့စည်းတဲ့ အစိုးရ လုပ်ငန်းတွေကို ဒီဘက်ကနေပြီးတော့ စစ်တဲ့ ကော်မတီထဲမှာ ပြည်ခိုင်ဖြိုးကလူ ခေါင်းဆောင်တဲ့ သမ္မတ အစိုးရအဖွဲ့ကို ပြည်ခိုင်ဖြိုးကလူ ခေါင်းဆောင်တဲ့ စိစစ်ရေး ကော်မတီက စစ်တယ်ဆိုတာထက်စာရင် ကျနော်တို့ ဒီဘက်က တခြားပါတီဖြစ်တဲ့ ရခိုင်က ဒေါက်တာအေးမောင် ခေါင်းဆောင်တဲ့ အဖွဲ့က စစ်ဆေးတယ်ဆိုတော့ ပိုပြီးတော့ မြင်ရ တွေ့ရတာလည်း ကောင်းသွားတာပေါ့ဗျာ။”

ကော်မတီရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ပေးခံရသူ ဒေါက်တာအေးမောင် ကိုယ်တိုင်ရဲ့ မှတ်ချက်ကို သိရဖို့ အကြိမ်ကြိမ် ဆက်သွယ်ပေမဲ့ မေးမြန်းခွင့် မရခဲ့ပါဘူး။

ဒီကော်မတီဟာ အစိုးရရဲ့ လုပ်ငန်းရပ် အားလုံးကို ကြီးကြပ်ရတာမျိုးတော့ မဟုတ်ပါဘူး။ ကော်မတီက လုပ်ဆောင်ရမှာတွေကို သင်္ဃန်းကျွန်းမြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ရှင်းပြပါတယ်။

“အစိုးရကတင်တဲ့ ဥပဒေကြမ်းတို့၊ အဆိုတို့၊ အစီရင်ခံစာတို့၊ မေးခွန်းတို့၊ ကတိခံဝန်ချက်တို့ကို စိစစ်ရမယ်။ နောက် ပြည်သူ့လွှတ်တော်က ပြောခဲ့တဲ့ ကတိတွေက ဘယ်အခြေအနေ ရောက်နေပြီ၊ ဘယ်အထိ ဆောင်ရွက်ပြီးပြီ၊ ဒီဆောင်ရွက်ချက်တွေက ကန့်သတ်ထားတဲ့ ကာလအတွင်း ပြီးစီးမှု ရှိမရှိပေါ့၊ ထိရောက် မှန်ကန်မှု ရှိမရှိပေါ့၊ အဲဒီလို ဆောင်ရွက်နိုင်ဖို့ သူတို့ လိုအပ်တဲ့ ဒေသတွေကို သွားရောက် စစ်ဆေးနိုင်တယ်။ သူတို့မေးချင်တဲ့ ညှိနှိုင်းပြီး ဖြေကြားနိုင်တဲ့ ပုဂ္ဂိုလ်များကို ဖိတ်ကြားနိုင်တယ်၊ အဲဒါပါပဲ အဓိကကတော့။”

ပြည်သူ့လွှတ်တော်ဘက်မှာတော့ အမျိုးသားလွှတ်တော်နဲ့ မတူဘဲ ပြည်ခိုင်ဖြိုးပါတီက ကိုယ်စားလှယ်ကပဲ ဥက္ကဋ္ဌဖြစ်တဲ့အပြင် အဖွဲ့ဝင် ၁၅ ယောက်မှာ တခြားပါတီတွေဘက်က ၄ ယောက်ပဲ ပါပါတယ်။ ဥက္ကဋ္ဌအဖြစ် တာဝန်ပေးခံရသူက လက်ရှိ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဗိုလ်မှူးချုပ်ဟောင်း ဦးဝင်းစိန် ဖြစ်ပါတယ်။

လွှတ်တော်အစည်းအဝေးတွေကို မနက်ဖြန်မှာ ရပ်နားပြီး မတ်လ ၉ ရက် ဗုဒ္ဓဟူးနေ့မှာ ပြန်စမှာ ဖြစ်ပါတယ်။ အဲဒီနေ့ကျရင် လွှတ်တော်နှစ်ရပ်စလုံးမှာ ကြိုတင်အကြောင်းကြားထားတဲ့ မေးခွန်းတွေကို ဖြေကြားတာ၊ အဆိုတွေကို တင်သွင်းတာတွေ လုပ်မယ်လို့ ဒီကနေ့ အစည်းအဝေးတွေ အဆုံးမသတ်ခင်မှာ လွှတ်တော်ကိုယ်စားလှယ်တွေကို ကြိုတင် အသိပေးထားခဲ့ပါတယ်။

ပြည်သူ့လွှတ်တော်မှာ အဆို ၄ ခုနဲ့ မေးခွန်း ၄ ခု၊ အမျိုးသားလွှတ်တော်မှာ မေးခွန်း ၃ ခုနဲ့ အဆို ၄ ခုကို ဆွေးနွေး ဖြေကြားဖို့ ရှိတယ်လို့ ဦးသိန်းညွန့်နဲ့ ဦးဖုန်းမြင့်အောင်တို့က ပြောပါတယ်။ မေးခွန်းတွေထဲမှာ တယ်လီဖုန်း ဆက်သွယ်ရေးနဲ့ ဆိုင်တဲ့မေးခွန်း၊ သတင်းအချက်အလက်နဲ့ ဆိုင်တဲ့ မေးခွန်း၊ မြောက်ဦး ရှေးဟောင်းယဉ်ကျေးမှု ဒေသကို ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်များ ထိန်းသိမ်းရေး စာရင်းဝင် ဒေသအဖြစ် သတ်မှတ်နိုင်ရေးနဲ့ ဆိုင်တဲ့မေးခွန်း၊ တောင်သူလယ်သမား အခွင့်အရေးဆိုင်ရာ မေးခွန်း၊ လယ်ယာမြေ ပိုင်ဆိုင်ခွင့်ဆိုင်ရာ မေးခွန်း၊ မြေလွတ်မြေရိုင်း ဖော်ထုတ်ရေးနဲ့ တောင်သူလယ်သမား အကျိုးဆိုင်ရာ မေးခွန်းတွေ ပါဝင်ပါတယ်။

တင်သွင်းထားတဲ့ အဆိုတွေကိုတော့ အဲဒီနေ့မှာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ သဘောထားခံယူပြီး အများစုက သဘောတူတယ်ဆိုရင် ဆက်လက်ဆွေးနွေးမှာ ဖြစ်ပြီးတော့ သဘောမတူရင် ပျက်ပြယ်သွားမှာ ဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့ ဆွေးနွေးမယ့် အဆိုတွေထဲမှာ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ပေးရေးနဲ့ ဆိုင်တဲ့ အဆိုတော့ ပါမလာသေးပါဘူး။

XS
SM
MD
LG