သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရသစ် ငြိမ်းချမ်းရေး အကောင်အထည် ဖော်နိုင်မယ့်အပေါ် သံသယရှိ


အစိုးရသစ် ငြိမ်းချမ်းရေး အကောင်အထည် ဖော်နိုင်မယ့်အပေါ် သံသယရှိ
အစိုးရသစ် ငြိမ်းချမ်းရေး အကောင်အထည် ဖော်နိုင်မယ့်အပေါ် သံသယရှိ

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ ပြည်တွင်းစစ်ပွဲတွေ ရပ်စဲပြီး ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ရာဟာ ၂၀၀၈ ခုနှစ် အခြေခံဥပဒေ ဘောင်ထဲကနေပဲ လုပ်သွားရမှာ ဖြစ်တယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးရွှေမန်းက ပြောလိုက်ပါတယ်။ ဒါပေမဲ့လည်း ၂၀၀၈ အခြေခံဥပဒေဟာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ဖို့သာ ဖြစ်တာမို့ ဒီအခြေခံဥပဒေကနေ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ ဆိုတာကို အယုံအကြည် မရှိဘူးလို့ ကရင်အမျိုးသား အစည်းအရုံး (KNU) က တုံ့ပြန်ပါတယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ စုံစမ်းထားတဲ့ ကိုကျော်ကျော်သိန်းက သတင်းပို့ထားပါတယ်။

မတ်လ ၂၁ ရက်နေ့မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးအတွင်း ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစောသိန်းအောင်က ကရင်ပြည်နယ် ပြည်သူလူထုရဲ့ လိုလားတောင့်တချက်ဆိုပြီး အပစ်အခတ် ရပ်စဲရေးကိစ္စ၊ ကရင်ပြည်နယ် အတွင်းက စစ်ပြေးဒုက္ခသည် ကိစ္စတွေနဲ့ ပတ်သက်လို့ မေးမြန်းခဲ့တဲ့အပေါ်မှာ လွှတ်တော်ဥက္ကဋ္ဌက ပြန်ပြီးတော့ မှတ်ချက်ပေး ပြောဆိုခဲ့တာပါ။

ဒီမေးခွန်းကို မြန်မာစစ်အစိုးရ ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ဟောင်း ဦးကျော်ဆန်းက ပြန်ဖြေကြားတာမှာ အစိုးရအနေနဲ့ ငြိမ်းချမ်းရေးတံခါး ဖွင့်ထားပြီး အခြေခံဥပဒေနဲ့အညီ ဒီပြဿနာတွေကို ဖြေရှင်းပေးသွားမယ်လို့ ဆိုပါတယ်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းရဲ့ မှတ်ချက်မှာလည်း ငြိမ်းချမ်းရေးကိစ္စဟာ ကရင်ပြည်နယ် တခုတည်းနဲ့သာ မဟုတ်ဘဲ နိုင်ငံတဝန်းလုံးနဲ့ ဆိုင်တဲ့ကိစ္စ ဖြစ်တယ်လို့ ပြောသွားတဲ့အကြောင်း သင်္ဃန်းကျွန်းမြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောပါတယ်။

“အဓိကတော့ ငြိမ်းချမ်းရေးကို နိုင်ငံတော်က လိုလားသလို ပြည်သူကလည်း လိုလားတာပေါ့။ အဲတော့ ပြည်သူ့ကိုယ်စားလှယ်ဖြစ်တဲ့ လွှတ်တော်ကိုယ်စားလှယ်များ အခန်းကဏ္ဍကလည်း ကြီးမားလာတာပေါ့။ အဲတော့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ရင် အခြေခံဥပဒေ ဘောင်အတွင်းက တက်တက်ကြွကြွ ပါဝင်ဖို့ပေါ့ဗျာ။”

၂၀၀၈ ခုနှစ် အခြေခံဥပဒေထဲမှာ နိုင်ငံမှာ လက်နက်ကိုင်တပ်ဖွဲ့ တခုတည်း ရှိရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။ အဲဒီနောက်မှာ အပစ်အခတ် ရပ်စဲရေး လုပ်ထားတဲ့ လူမျိုးစု လက်နက်ကိုင် အဖွဲ့အစည်းတွေကို မြန်မာစစ်တပ်ရဲ့ လက်အောက်ခံ နယ်ခြားစောင့် တပ်ဖွဲ့တွေအဖြစ် အသွင်ပြောင်းဖို့ မြန်မာစစ်အစိုးရက နည်းအမျိုးမျိုးနဲ့ ဖိအားပေး ကြိုးစားခဲ့ပါတယ်။ အခုအခါမှာတော့ လက်မခံနိုင်တဲ့ အဖွဲ့တွေနဲ့ တိုက်ပွဲတွေတောင်မှ ပြန်ဖြစ်နေပါပြီ။

လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်ကတော့ ကိုယ်က အပြောင်းအလဲ မလုပ်နိုင်ရင် ပေးထားတဲ့ ဘောင်ထဲကနေ အပြောင်းအလဲလုပ်ဖို့ စဉ်းစားရမယ်လို့ ပြောပါတယ်။

“ဘာပဲပြောပြောပေါ့ဗျာ တော်လှန်ရေးစိတ်ဓာတ် အနေနဲ့ကတော့ ကျနော်တို့က ဘာမှ ပြောစရာ မရှိပါဘူး။ သို့သော် ကျွမ်းကျင်လိမ္မာတဲ့ နိုင်ငံရေးခေါင်းဆောင် တယောက်ရဲ့ အမြင်မျိုးတော့ ထောက်ပြဖို့ လိုတာပေါ့။ အခုလက်ငင်း ပြဿနာရော၊ ရေရှည်ပြဿနာရော မမြင်ခဲ့တဲ့အတွက် ကျနော်တို့နိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေး ပြဿနာက နှစ်ပေါင်း ၆၀ တိုင်ခဲ့ပြီ။ ဒီမိုကရေစီအရေးလည်း ၂၃ နှစ် တိုင်ခဲ့ပြီ။ အဲဒီအခြေအနေကို အားလုံး ခြုံကြည့်ရင်တော့ ကိုယ်ကနေ အခြေအမြစ်ကျအောင် မပြောင်းလဲနိုင်ဘူးဆိုရင်၊ ကိုယ့်ကြောင့် မပြောင်းလဲနိုင်ဘူးဆိုရင် သူ့ပေးထားချက် ဘောင်တွင်းက ဘယ်လို အပြောင်းအလဲ လုပ်နိုင်မလဲ ဆိုတာကတော့ စဉ်းစားရမှာ သက်ဆိုင်သူများ တာဝန်ပေ့ါဗျာ။”

၂၀၀၈ ခုနှစ် အခြေခံဥပဒေ ဘောင်ထဲကနေ ငြိမ်းချမ်းရေး တည်ဆောက်နိုင်မယ် ဆိုတာကို ကရင်အမျိုးသား အစည်းအရုံး (KNU) အနေနဲ့ကတော့ မယုံကြည်ဘူးလို့ KNU ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စောလှငွေက ပြောပါတယ်။ ဒါ့အပြင် ပြည်ထောင်စုစနစ် တည်ဆောက်နိုင်ပြီး ပြည်ထောင်စု လက်နက်ကိုင်တပ်ဖွဲ့ ပေါ်ပေါက်လာမှသာလျှင် KNU က ပါဝင်မယ်လို့လည်း ဆိုပါတယ်။

“၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ လက်ရှိ အာဏာရှင် စစ်အစိုးရကို အရေခွံလဲပြီးတော့ အဲဒီလိုပဲ သူတို့အောက်မှာ ဒူးထောက်ပြီးတော့ လုပ်မယ့် ငြိမ်းချမ်းရေးမျိုးဖြစ်တော့ ဒီလိုငြိမ်းချမ်းရေးမျိုးကိုတော့ ကျနော်တို့က အရင်တုန်းကလည်း တခါမှ မလုပ်ခဲ့ဘူး၊ နောင်လည်း လုပ်မှာမဟုတ်တဲ့ အတွက်ကြောင့် အဲဒီနည်းနဲ့ သွားလို့ကတော့ မရပါဘူး။

“ကျနော်တို့ KNU က လိုလားတာကတော့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်မယ်၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ အမျိုးသားများရဲ့ တန်းတူရေး အနေအထားပေါ်မှာ ကျနော်တို့ကတော့ ဖက်ဒရယ် စနစ်ပေါ်မှာပဲ Federal Army လိုဟာမျိုး တည်ဆောက်နိုင်မှသာလျှင် လက်ခံမှာ ဖြစ်တဲ့အတွက် ၂၀၀၈ မှာရှိတဲ့ ပြောခဲ့တဲ့ အခြေအနေတွေကတော့ ကျနော်တို့နဲ့ လုံး၀ မအပ်စပ်ပါဘူး။ ကျနော်တို့ လက်ခံနိုင်မှာလည်း မဟုတ်ဘူး၊ လုပ်မှာလည်း မဟုတ်ဘူး။”

မြန်မာနိုင်ငံ ပြည်တွင်းစစ်ဟာ လွတ်လပ်ရေး သက်တမ်းနဲ့အတူ ရှည်ကြာနေခဲ့ပြီ ဖြစ်ပါတယ်။ မြို့ကြီးတွေမှာ နေထိုင်ကြသူတွေ အနေနဲ့ ပြည်တွင်းစစ်ရဲ့ သက်ရောက်မှုဒဏ်ကို တိုက်ရိုက် မခံစားကြရပေမဲ့ နယ်စွန်နယ်ဖျား၊ အထူးသဖြင့် နယ်စပ်ဒေသမှာ နေထိုင်နေကြတဲ့ လူထုတွေကတော့ စစ်ပွဲတွေရဲ့ဒဏ်ကို အခုချိန်ထိ ခံစားနေကြရတုန်းပါ။ အဲဒီအကျိုးဆက်အဖြစ် ပြည်တွင်းကနေ ထွက်ပြေးကြရတဲ့ စစ်ပြေးဒုက္ခသည်တွေ၊ ပြည်တွင်းမှာပဲ အိုးပစ်အိမ်ပစ် ထွက်ပြေးနေကြရသူတွေဟာလည်း ထောင်ပေါင်းများစွာ ရှိနေတာဖြစ်ပြီး ဒီပြဿနာဟာ ဒေသတွင်းမှာထိ ရိုက်ခတ်မှုတွေ ရှိလာနေပြီဆိုတဲ့ သုံးသပ်ချက်တွေလည်း ထွက်ထားပါတယ်။

XS
SM
MD
LG