မြန်မာနိုင်ငံမှာ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နဲ့ ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေးတွေကို လာမယ့် သြဂုတ်လ ၂၂ ရက်မှာ ကျင်းပမယ်လို့ ဒီကနေ့ထုတ် အစိုးရ သတင်းစာတွေက ဆိုပါတယ်။ ဒီအစည်းအဝေးတွေမှာ ဝန်ကြီးဌာနတွေအလိုက် ရေးဆွဲထားတဲ့ ဥပဒေကြမ်းတွေကို အတည်ပြုတာတွေ အပါအဝင် ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဆင်းရဲမွဲတေမှု လျှော့ချရေးကိုလည်း ဆွေးနွေးမယ်လု့ိ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောကြပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။
အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နဲ့ ပြည်ထောင်စုလွှတ်တော်တွေရဲ့ ဒုတိယအကြိမ် ပုံမှန် အစည်းအဝေးတွေကို ဒီလ ၂၂ ရက်နေ့မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ပိုင်းက ကျင်းပခဲ့တဲ့ အစည်းအဝေးတွေနောက်ပိုင်း ထပ်မံလုပ်တဲ့ အစည်းအဝေးတွေ ဖြစ်ပါတယ်။
လွှတ်တော်ရေးရာ ကော်မတီတခုဖြစ်တဲ့ အစိုးရ အာမခံချက်၊ ကတိနဲ့ တာဝန်ခံချက်တွေ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က လာမယ့် လွှတ်တော်အစည်းအဝေးတွေရဲ့ အနေအထားကို အခုလို ပြောပါတယ်။
“ဥပဒေကြမ်း တော်တော်များများကို အတည်ပြုဖို့ ဖြစ်မှာပါ။ ဝန်ကြီးဌာနတွေက တင်လာတဲ့ ဥပဒေကြမ်းတွေကို လွှတ်တော်အမတ်တွေက အသုံးအနှုံးတွေ၊ ပယ်သင့်တာ၊ ဖြည့်သင့်တာတွေနဲ့ ကျနော်ထင်တယ် လာမယ့်လွှတ်တော်မှာ အတည်ပြုမှာပါ။ တချို့ဥပဒေတွေကိုလည်း ပယ်ဖျက်တာ ရှိပါလိမ့်မယ်။
“နောက် အဲဒီမတိုင်ခင်လည်းပဲ အမြဲတမ်း ကော်မတီတွေကိုခေါ်ပြီး ပြည်ထောင်စုလွှတ်တော်ကို တင်မယ့် ဥပဒေကြမ်းတွေမှာ ဘာတွေ တင်ထားပြီးပြီဆိုတာ ဥပဒေကြမ်း ကော်မတီတို့က ကြိုတင်စိစစ်တာတို့၊ ကော်မတီအလိုက် ပြည်ထောင်စုလွှတ်တော်မှာ အစီရင်ခံတာတို့လည်းပဲ လွှတ်တော်အသီးသီးမှာ တင်ပြတာ ရှိလာနိုင်ပါတယ်။ ဒါကြောင့် ဒီလာမယ့် လွှတ်တော်ဟာ ဖွဲ့စည်းပုံအရ သွားရမယ့် အစိုးရအဖွဲ့၊ အစိုးရအဖွဲ့က သွားရမယ့် ဥပဒေ စည်းမျဉ်းစည်းကမ်းတွေကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတဲ့ ဥပဒေထဲက သွားနိုင်အောင် လမ်းကြောင်းချပေးတဲ့ လွှတ်တော် ဖြစ်ပါလိမ့်မယ်။”
ပြီးခဲ့တဲ့အပတ်ထဲ ရခိုင်၊ ရှမ်း၊ ချင်း၊ မွန်နဲ့ ကရင်ပါတီတွေက အပစ်အခတ် ရပ်စဲရေးအတွက် ငြိမ်းချမ်းရေး ကော်မတီတခု ဖွဲ့စည်းဖို့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးကို တင်ပြခဲ့ကြပေမဲ့ ဒီကိစ္စကို လွှတ်တော်မှာပဲ ဆွေးနွေးကြဖို့ သူက တုံ့ပြန်ခဲ့ပါတယ်။
ဒေါက်တာ အေးမောင်ကတော့ လာမယ့် လွှတ်တော်အစည်းအဝေးတွေကနေ ငြိမ်းချမ်းရေး ကော်မတီတခု ဖွဲ့စည်းနိုင်မယ်လို့ ခန့်မှန်းပါတယ်။
“ပြည်တွင်းငြိမ်းချမ်းရေး၊ အပစ်အခတ် ရပ်စဲရေး၊ တိုင်းရင်းသား ပြန်လည် ရင်ကြားစေ့ရေးဆိုတာ အင်မတန် လိုအပ်တယ်။ ကျနော်ထင်တယ်၊ ဒီလာမယ့်လွှတ်တော်မှာ လွှတ်တော်က တိုင်းရင်းသားပုဂ္ဂိုလ်တွေ တော်တော်များများပါတဲ့ ငြိမ်းချမ်းရေး ကော်မတီ၊ အဲဒါမျိုး ပြည်တွင်းထဲမှာ အပစ်အခတ် ရပ်စဲရေးနဲ့ ပတ်သက်တဲ့ ငြိမ်းချမ်းရေး ကော်မတီတခုလည်း ဖွဲ့နိုင်ပါတယ်။”
ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် နည်းဥပဒေတွေအရ ဥပဒေကြမ်း တင်သွင်းမယ်ဆိုရင် အနည်းဆုံး တလကြိုတင် ပေးပို့ရမှာဖြစ်ပြီး အဆိုကို ၁၅ ရက်နဲ့ မေးခွန်းတွေကိုတော့ ၁၀ ရက်ကြိုတင် တင်ပြရမှာ ဖြစ်ပါတယ်။
ဒါကြောင့် အခုလာမယ့် အစည်းအဝေးတွေမှာ လွှတ်တော်ကိုယ်စားလှယ်တွေက ဥပဒေကြမ်း တင်သွင်းဖို့ မဖြစ်နိုင်ဘဲ မေးခွန်းနဲ့ အဆိုတွေပဲ တင်သွင်းနိုင်မယ်လို့ တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောပါတယ်။
“သို့သော် အဆိုနဲ့ မေးခွန်းရတဲ့အပေါ် မူတည်ပြီးတော့ ပြည်သူလူထုကို ဝန်ထုပ်ဝန်ပိုး ပိစေမယ့်ကိစ္စ၊ ပြီးတော့ အခြေခံဥပဒေနဲ့ရော၊ ခေတ်နဲ့ရော မကိုက်ညီတော့တဲ့ ဥပဒေတွေကိစ္စ၊ သင်္ဃန်းကျွန်းလူထု အပါအဝင် နိုင်ငံတဝန်းလုံး ပြည်သူတွေ ရင်ဆိုင်နေရတဲ့ ကိစ္စတွေနဲ့ ပတ်သက်ရင် မေးခွန်းမေးခြင်း၊ အဆိုတင်သွင်းခြင်းပြုဖို့ အဲဒါတွေကို ကျနော်တို့ အလုပ်လုပ်နေပါပြီ။”
ပြီးခဲ့တဲ့အပတ်က နိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံစဉ် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက စီးပွားရေးပိတ်ဆို့မှု ဆန့်ကျင်ကြဖို့ တိုက်တွန်းခဲ့ပါသေးတယ်။ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ရဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က စီးပွားရေး ပိတ်ဆို့မှုထက် ဆင်းရဲမွဲတေမှု လျှော့ချရေးကို ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။
“စီးပွားရေး ပိတ်ဆို့မှုကိစ္စက ပြောပြီးပါပြီ။ ထပ်ပြောစရာလည်း မရှိဘူးပေါ့ဗျာ။ ဒါပေမဲ့ ကျနော်တို့ အလုပ်အကိုင် အခွင့်အလမ်းတွေ သာအောင်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် လက်တွေ့ကျကျ ဖြစ်နိုင်တာတွေကို ကျနော်တို့ စုံစမ်းမေးမြန်းမှာပါ။ အခု ကျနော်တို့ ကျေးလက်တွေမှာ Infrastructure ပေါ့၊ နိုင်ငံခြား တိုင်းပြည်တွေမှာ ရွာတိုင်းမှာ လျှပ်စစ်မီး အများစုရှိတယ်၊ လမ်းပန်းဆက်သွယ်ရေး ကောင်းတယ်။ ကျနော်တို့ဆီမှာ လျှပ်စစ်၊ လမ်းပန်းဆက်သွယ်ရေး မရှိဘဲ စီးပွား ဖွံံ့ဖြိုးတိုးတက်အောင်၊ ဆင်းရဲမွဲတေမှု ပပျောက်အောင် ဘယ်လိုလုပ်မလဲ ဆိုတာလည်း စိတ်ဝင်စားတာပေါ့နော်။”
ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းကတော့ ပြည်နယ်နဲ့ တိုင်းဒေသကြီး လွှတ်တော်တွေရဲ့ အထူးအစည်းအဝေးတွေ ခေါ်ယူခဲ့ပါသေးတယ်။ ဒီအစည်းအဝေးတွေက ဝန်ကြီးဌာန ၉ ခုစီကို တနိုင်ငံလုံး တပြေးညီ သတ်မှတ်လိုက်တာကြောင့် ဗဟိုအစိုးရ ချုပ်ကိုင်မှု ပိုများလာတယ်လု့ိလည်း ဝေဖန်ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။