သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွှတ်တော် ဒုတိယနေ့ ဒု-သမ္မတလောင်း ၅ ယောက် ရွေးချယ်


ပြည်သူ့လွှတ်တော် အစည်းအဝေး ကျင်းပနေစဉ်။ ဖေဖော်ဝါရီ ၁၊ ၂၀၁၁။
ပြည်သူ့လွှတ်တော် အစည်းအဝေး ကျင်းပနေစဉ်။ ဖေဖော်ဝါရီ ၁၊ ၂၀၁၁။

ဒီနေ့ လွှတ်တော် စည်းဝေးပွဲတွေမှာ ဗိုလ်ချုပ်ကြီးဟောင်း ၂ ယောက်နဲ့အတူ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင် တချို့ကို ဒုတိယ သမ္မတလောင်းတွေ အဖြစ် ရွေးချယ် လျာထားလိုက်ပါတယ်။ စုစုပေါင်း ဒုတိယ သမ္မတလောင်း နာမည်စာရင်း ၅ ယောက် တင်သွင်းခဲ့ရာမှာ တပ်မတော်သား ကိုယ်စားလှယ်တွေဘက်က စစ်အစိုးရ အတွင်းရေးမှူး ၁ သီဟသူရ တင်အောင်မြင့်ဦး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေဘက်က လက်ရှိ ဝန်ကြီးချုပ်တာဝန် ယူထားတဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်တို့အပြင် တိုင်းရင်းသား ကိုယ်စားလှယ်တွေ တချို့ နာမည်တွေကိုပါ အဆိုပြု တင်သွင်းခဲ့ကြတာ ဖြစ်ပါတယ်။ ဒီနေ့ တင်သွင်းတဲ့ နာမည်စာရင်း အပြည့်အစုံကို ဘန်ကောက်ရောက်နေတဲ့ ဝိုင်းတော်သား ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ဆယ်စုနှစ် ၃ ခုအတွင်း ပထမဆုံးအကြိမ် ကျင်းပတဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသား လွှတ်တော်တွေရဲ့ ဒုတိယနေ့ စည်းဝေးပွဲတွေကို ဒီကနေ့မနက် ၁၀ နာရီမှာ စတင်ကျင်းပခဲ့ကြတာပါ။ ဒီကနေ့ လွှတ်တော် စည်းဝေးပွဲတွေကိုတော့ သူ့လွှတ်တော်နဲ့သူ သီးခြားစီ ခွဲကျင်းပခဲ့ကြတာဖြစ်ပြီး လွှတ်တော် တခုချင်းစီက ဒု-သမ္မတလောင်း ၂ ယောက်စီကို တင်သွင်းခဲ့ကြတာပါ။ အမည်စာရင်း တင်သွင်းခံရသူတွေထဲက အများစုဟာ စစ်တပ်နဲ့ စစ်အစိုးရက ကျောထောက်နောက်ခံ ပေးထားတဲ့ပါတီက ကိုယ်စားလှယ်တွေပဲ ဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်က ဒု-သမ္မတ အမည်စာရင်းတွေ တင်သွင်းတဲ့ အခြေအနေကိုတော့ NDF အမျိုးသား ဒီမိုကရေစီ အင်အားစုက ဒု-ဥက္ကဋ္ဌလည်းဖြစ်၊ စမ်းချောင်းမြို့နယ်ကနေ ရွေးကောက် တင်မြှောက်ခံထားရတဲ့ လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဦးစိုးဝင်းက ပြောပြပါတယ်။

“ပြည်သူ့လွှတ်တော် ဒု-သမ္မတနာမည် တင်တာပေါ့ဗျာ၊ အဆိုတင်တာပေါ့။ ဦးစောသိန်းအောင်နဲ့ ဦးသိန်းစိန်၊ ကျန်တဲ့ဟာ စိစစ်ရေး ကော်မတီ ရွေးတယ်ပေါ့ဗျာ။ သမ္မတ အရည်အချင်း စိစစ်ရေး ကော်မတီပေါ့၊ ဒု-သမ္မတ စိစစ်ရေး ကော်မတီက ပြည်သူ့လွှတ်တော်အနေနဲ့ သိပ္ပံနဲ့ နည်းပညာဝန်ကြီး ဦးသောင်း အရွေးခံရတယ်။”

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးဝင်း ပြောပြခဲ့တာဖြစ်ပါတယ်။

အမျိုးသားလွှတ်တော်မှာ ဒု-သမ္မတ အမည်စာရင်း တင်သွင်းခဲ့ကြတဲ့ အခြေအနေတွေကိုတော့ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်တွေကို ကိုယ်စားပြုပြီး အမျိုးသား လွှတ်တော်အတွက် ရွေးကောက် တင်မြှောက်ခံထားရတဲ့ လွှတ်တော်ကိုယ်စားလှယ် ဇေကမ္ဘာ ဦးခင်ရွှေက ပြောပြပါတယ်။

“ကျနော်တို့ ဒေါက်တာ စိုင်းမောက်ခန်းကို တင်လိုက်တယ်၊ လားရှိုးက။ ဗဟိုကနေပြီးတော့ NDF က ဒေါက်တာ မြတ်ဉာဏစိုးက ဒေါက်တာအေးမောင်ကို တင်လိုက်တယ်၊ ရခိုင်ပါတီက။ တက်သွားပြီးတဲ့ အချိန်မှာ သူတို့ရဲ့ အရည်အချင်း ပြည့်မပြည့် ဆိုတာကို နိုင်ငံတော်က မနက်ဖြန်တရက် စိစစ်ပါမယ်။ ဒု-သမ္မတ အရည်အချင်း ပြည့်ပြီဆိုရင် သန်ဘက်ခါမှာ အန်ကယ်တို့ မဲနဲ့ ရွေးကြမှာပေါ့။ အမျိုးသားက တယောက်၊ ပြည်သူ့လွှတ်တော်က တယောက်၊ တပ်မတော်က တယောက်၊ ၃ ယောက်ပေါင်းမှာမှ သမ္မတ တယောက် ပြန်ရွေးပါမယ်။ ပြည်သူ့လွှတ်တော်က။”

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဇေကမ္ဘာ ဦးခင်ရွှေ ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဒီကနေ့ ဒု-သမ္မတအဖြစ် ရွေးချယ်ကြတဲ့အထဲ ရှမ်း၊ ကရင်နဲ့ ရခိုင်ပြည်နယ်တွေက တိုင်းရင်းသား ကိုယ်စားလှယ် ၃ ယောက်ပါ ရွေးချယ်ခံကြရပြီး ကိုယ်စားလှယ်တွေကို ဒီမိုကရေစီ အတိုက်အခံ အင်အားစုတွေနဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီတို့က ရွေးချယ်ခဲ့ကြတာပါ။

နိုင်ငံတော် ဒု-သမ္မတကို တိုင်းရင်းသား ကိုယ်စားလှယ်တွေထဲက ခန့်အပ်သင့်တယ်လို့ တိုင်းရင်းသားပါတီတွေ အပါအဝင် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ကြတဲ့ နိုင်ငံရေးပါတီ တော်တော်များများက တောင်းဆိုထားတဲ့အတွက် အခုလို တိုင်းရင်းသား ကိုယ်စားလှယ်တွေ ပါလာတာလား ဆိုတာတော့ အတိအကျ ပြောရခက်ပါတယ်။

ဒု-သမ္မတလောင်းအဖြစ် ရွေးကောက်တင်မြှောက်ခံရတဲ့ ဒေါက်တာ အေးမောင်ကတော့ သူ့ကို တိုင်းရင်းသားပါတီတွေနဲ့ NDF အမျိုးသား ဒီမိုကရေစီ အင်အားစုတို့က တညီတညွတ်တည်း ရွေးချယ်ခဲ့ကြတာလို့ ဆိုပါတယ်။

“ကျနော့်ကို တိုင်းရင်းသားတွေက အဆိုပြုကြတာပါ။ တိုင်းရင်းသား ပါတီတွေက၊ ရှမ်းပါတီ၊ မွန်ပါတီ၊ ကရင်၊ ချင်း တိုင်းရင်းသားတွေကလည်း လက်မှတ်ထိုးကြတာ ဖြစ်ပါတယ်။ နောက် NDF က ဒေါက်တာ မြတ်ဉာဏစိုးက အဆိုပြုကြတာပါ။ အဲဒါကြောင့် ဒီကိစ္စနဲ့ ပတ်သက်လို့ ကျနော် ဘယ်လိုမှ Comment မပေးချင်သေးပါဘူး။ သမ္မတ တယောက်ရဲ့ အရည်အသွေးနဲ့ ပတ်သက်လို့ စိစစ်မှာပါ။ စိစစ်ရေးအဖွဲ့ မနက်ဖြန် စိစစ်ပါလိမ့်မယ်။ မနက်ဖြန် အားကြပါတယ်၊ အကုန်လုံး။”

ဒု-သမ္မတလောင်းအဖြစ် ရွေးချယ်ခံထားရတဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင် ပြောပြခဲ့တာ ဖြစ်ပါတယ်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအရ လွှတ်တော် တရပ်စီကနေ ဒု-သမ္မတလောင်း တယောက်စီနဲ့ စစ်တပ်ကိုယ်စားလှယ်တွေက ရွေးချယ်တဲ့ ဒု-သမ္မတလောင်းတယောက်၊ ပေါင်း ၃ ယောက်ကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။

တကယ်လို့ ကိုယ်စားလှယ် တယောက်ထက် ပိုနေရင် လွှတ်တော်အတွင်းမှာ ဒု-သမ္မတ ရွေးချယ်ရေး ကော်မတီ ဖွဲ့စည်းပြီး ဆန်ကာတင် ၃ ယောက်ကို ပြန်ရွေးရမယ်လို့ ဖွဲ့စည်းပုံမှာ ဖော်ပြထားတာကြောင့် ဒီကနေ့မှာပဲ ရွေးချယ်ရေး ကော်မတီတွေကို ဖွဲ့စည်းလိုက်တဲ့အကြောင်း လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။ စစ်တပ်ကတော့ သူတို့ကိုယ်စားလှယ်အဖြစ် သီဟသူရ တင်အောင်မြင့်ဦးကိုသာ ရွေးချယ်ခဲ့တဲ့အတွက် သူတို့ဘက်က ပြိုင်ဘက်မရှိ တဦးတည်း ထွက်လာခဲ့တာပါ။

ပြည်သူ့လွှတ်တော် ရွေးချယ်ရေး ကော်မတီအတွက် သိပ္ပံနဲ့ နည်းပညာဝန်ကြီး ဦးသောင်းနဲ့ အမျိုးသားလွှတ်တော် အတွက်ကတော့ မန္တလေးတိုင်းက ဦးမျိုးမြင့်ကို ရွေးချယ်လိုက်တယ်လို့ သိရပါတယ်။

အခုတင်သွင်းထားတဲ့ ကိုယ်စားလှယ် ၅ ယောက်ထဲကနေ ဆန်ကာတင် ၃ ယောက်ကို ဒီရွေးချယ်ရေး ကော်မတီက မနက်ဖြန် ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ရွေးချယ်ပြီး ဖေဖော်ဝါရီလ ၃ ရက်နေ့ ကြာသပတေးနေ့ လွှတ်တော်ပြန်စတဲ့အခါ အဲဒီ ဆန်ကာတင် ၃ ယောက်ရဲ့ အမည်စာရင်းကို ထုတ်ပြန်မယ်လို့ သိရပါတယ်။

အဲဒီ ဆန်ကာတင် ၃ ယောက်ထဲကမှ နိုင်ငံတော်သမ္မတအဖြစ် လွှတ်တော် ၂ ရပ်ပေါင်းရဲ့ ပြည်ထောင်စု လွှတ်တော်ကနေ ရွေးကောက်တင်မြှောက်ကြမှာ ဖြစ်ပြီး သမ္မတအဖြစ်နဲ့ စစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း သိန်းစိန်ကို လျာထားပြီး ဖြစ်တယ်လို့ အကဲခတ်တွေက တွက်ဆနေကြပါတယ်။

XS
SM
MD
LG