သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းဒေသတွေအတွက် ဝန်ကြီးတွေ ခန့်အပ်


တိုင်းဒေသတွေအတွက် ဝန်ကြီးတွေ ခန့်အပ်
တိုင်းဒေသတွေအတွက် ဝန်ကြီးတွေ ခန့်အပ်

ဒီကနေ့ပြုလုပ်တဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွေက ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေရဲ့ ဝန်ကြီးတွေ ရွေးချယ်လိုက်ပါပြီ။ ရွေးချယ်ခံရတဲ့ ဝန်ကြီးအများစုက ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်ဖြစ်ပြီး အသင့်အတင့် အနိုင်ရတဲ့ တိုင်းရင်းသား ပါတီတွေကလည်း ပြည်နယ်အစိုးရအဖွဲ့ထဲ အနည်းငယ် ပါဝင်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြထားပါတယ်။

ရှမ်း၊ ချင်းနဲ့ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့တွေမှာ အနိုင်ရ တိုင်းရင်းသားပါတီ ကိုယ်စားလှယ် တချို့ကို ပြည်နယ်ဝန်ကြီးချုပ်တွေက ပြည်နယ်ဝန်ကြီးတွေအဖြစ် ခန့်အပ်လိုက်တာ ဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအရ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ အနည်းဆုံး ဝန်ကြီးဌာန ၅ ခုကနေ ၁၀ ခုအထိ ဖွဲ့စည်းခွင့် ရှိတယ်လို့ ပါရှိပါတယ်။

ရှမ်းပြည်နယ်အစိုးရ ဝန်ကြီး ၉ ဦး စာရင်းထဲမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက ဦးစိုင်းအိုက်ပေါင်းနဲ့ ဦးစိုင်းနော်ခမ်း၊ ပအို့ဝ်နဲ့ ကိုးကန့်ပါတီတွေက ၁ ဦးစီ၊ ပြည်ခိုင်ဖြိုးပါတီက ၄ ဦးနဲ့ စစ်တပ်ကိုယ်စားလှယ် ၁ ဦးတို့ ဖြစ်ပါတယ်။ အခုလို ၂ နေရာ အရွေးခံရမယ်လို့ မျှော်လင့်မထားကြောင်း ရှမ်းတိုင်းရင်းသား တိုးတက်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းဆောင်ဆီက ပြောပါတယ်။

“ကျနော်တို့လည်း အနိုင်ရထားတယ် ဆိုရင်တော့ အုပ်ချုပ်ရေးလိုင်းထဲမှာ ကျနော်တို့တောင် သိပ်မမျှော်လင့်ဘူး။ ဘာလို့လဲဆိုတော့ ကျနော်တို့က ရိုးရိုးသားသားပဲ ရွေးကောက်ပွဲ ဝင်ကတည်းက အခြေခံဥပဒေအရ ဝင်တဲ့ ရွေးကောက်ပွဲက ဥပဒေပြုရေးလိုင်းက သွားတာကိုး။ အုပ်ချုပ်ရေးလိုင်းကို သမ္မတက စိတ်တိုင်းကျဆိုတော့ အမှန်ပြောရင် ကျနော်တို့ မျှော်တောင် မမျှော်လင့်ဘူး။ နည်းတယ် များတယ်လည်း မပြောချင်တော့ပါဘူး။”

ချင်းပြည်နယ်ဝန်ကြီး ၉ နေရာမှာ ချင်းနိုင်ငံရေးပါတီ ၂ ခုက တဦးစီ ရွေးကောက်ခံရပြီး ကျန်တဲ့ နေရာတွေကိုတော့ ပြည်ခိုင်ဖြိုးပါတီနဲ့ စစ်တပ်က တာဝန်ယူထားတာ ဖြစ်ပါတယ်။

ပြည်နယ်ဝန်ကြီးချုပ်က အသက်မပြည့်တဲ့ ကန်ပက်လက် မြို့နယ်အမတ် ဦးခိုထောင်းကို ဝန်ကြီးအဖြစ် ရွေးချယ်မှုနဲ့ ပတ်သက်လို့ ချင်းနိုင်ငံရေးပါတီ ၂ ခုက သမ္မတဆီ တိုင်ကြားမယ်လို့ ချင်းအမျိုးသားပါတီ ဥက္ကဋ္ဌ ဦးဇိုဇမ်က ပြောပါတယ်။

“ကျန်တဲ့နေရာ အကုန်လုံး USDP က ယူထားပါတယ်။ အဲဒီမှာ အရေးကြီးတဲ့ ပြောစရာတခုက ဝန်ကြီးချုပ် ဦးဟုန်းငိုင်းကနေ အမှားအယွင်းတခု လုပ်လိုက်ပါတယ်။ ဘာလဲဆိုတော့ သူ ရွေးချယ်လိုက်တဲ့ ကန်ပက်လက်မြို့နယ်က လွှတ်တော်ကိုယ်စားလှယ်က အသက်မပြည့်ပါဘူး။ ၃၅ နှစ် မပြည့်တဲ့ ပုဂ္ဂိုလ်တယောက်ကို သူက တင်လိုက်ပါတယ်။ အဲဒီမှာ သူက ပါးစပ်နဲ့ ထောက်ခံခိုင်းပါတယ်။ အဲဒီကိစ္စကို နိုင်ငံတော်သမ္မတဆီကို ချဉ်းကပ်နေပါတယ်၊ ကန့်ကွက်ဖို့။ ဝန်ကြီးချုပ် ဦးဟုန်းငိုင်း အနေနဲ့ အမှားကြီးတခု လုပ်လိုက်မိပေမဲ့ ကျနော်တို့ ချင်းနိုင်ငံရေးသမိုင်းမှာ အမည်းစက်တခုဖြစ်မှာ ကျနော် မလိုလားပါဘူး။”

ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ အမတ်တချို့ ပြည်နယ်ဝန်ကြီး ဖြစ်လာပုံကို စစ်တွေမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြတ်ကျော်က အခုလို ပြောပြပါတယ်။

“ကျနော်တို့ RNDP ကိုတော့ ၃ နေရာ ပေးပါတယ်။ စစ်တွေ အမှတ် ၁ က ဦးသာလူချေပါ။ နောက်တယောက်က မြောက်ဦးအမှတ် ၁ က ဦးကျော်သိန်းပါ။ ပုဏ္ဏားကျွန်းက ဦးသိန်းတင်မောင်ပါ။ ကျန်တဲ့ ဝန်ကြီးတွေကတော့ ကြံ့ခိုင်ရေးက ၅ ယောက်ပါ။ တပ်မတော်က တယောက်ပါ၊ ဗိုလ်မှူးကြီး တင်လင်း၊ အဲဒါတော့ ဝန်ကြီးချုပ် သဘောပါပဲ။ ဝန်ကြီးချုပ်က သူ့အစီအစဉ်နဲ့သူ ကြိုက်တဲ့လူကို ဆွဲခန့်တာပါပဲ။”

အခု အရွေးခံရတဲ့ ဝန်ကြီးတွေက ဘယ်ဌာနကို တာဝန်ယူရမယ် ဆိုတာတော့ မသတ်မှတ်သေးပေမဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီးဌာနကိုတော့ စစ်တပ်ကိုယ်စားလှယ်ပဲ ခန့်ထားရမယ်လို့ ၂၀၀၈ ဖွဲ့စည်းပုံက ဆိုပါတယ်။

XS
SM
MD
LG