သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်နက်ကိုင် ပဋိပက္ခ ဖြေရှင်းရေး ကော်မတီ ဖွဲ့မည်


လက်နက်ကိုင် ပဋိပက္ခ ဖြေရှင်းရေး ကော်မတီ ဖွဲ့မည်
လက်နက်ကိုင် ပဋိပက္ခ ဖြေရှင်းရေး ကော်မတီ ဖွဲ့မည်

တိုင်းရင်းသားတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတာတွေကို ဖြေရှင်းပေးနိုင်ဖို့ ကော်မတီတရပ် ဖွဲ့ဖို့ လက်ရှိ ကျင်းပနေတဲ့ လွှတ်တော်ထဲမှာ ဆွေးနွေး အတည်ပြုလိုက်ပါတယ်။ ကော်မတီအဖြစ် ဖွဲ့စည်းဖြစ်တဲ့ အခါမှာလည်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လို ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေကို ထည့်သွင်းဖို့ အကြံပြုချက်တွေလည်း ပါဝင်ခဲ့ပါတယ်။ ငြိမ်းချမ်းရေး ကော်မတီအဖြစ် ဖွဲ့စည်းနိုင်မယ့် အလားအလာတွေကို ဆက်သွယ်စုံစမ်းထားတဲ့ ကိုအောင်လွင်ဦးက အပြည့်အစုံ တင်ပြပေးထားပါတယ်။

တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတာကို ဖြေရှင်းနိုင်ဖို့ ရည်ရွယ်ပြီး ကော်မတီတရပ် ဖွဲ့စည်းသွားနိုင်ရေး နေပြည်တော်မှာ ကျင်းပနေဆဲ လွှတ်တော်တွင်းမှာ ဆွေးနွေး အတည်ပြုလိုက်တာ ဖြစ်ပါတယ်။ တိုက်ပွဲတွေကြောင့် အသေအပျောက်တွေနဲ့ အရပ်သားတွေ ထောင်သောင်းချီ ဘေးလွတ်ရာ အိုးပစ်အိမ်ပစ် ထွက်ပြေးနေရတဲ့ မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်ထဲက လွှတ်တော်ကိုယ်စားလှယ် တဦးရဲ့ ဆွေးနွေးချက်ကို အခြေခံပြီး အခုနောက်ဆုံး အတည်ပြုလိုက်တာလို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ် တဦးဖြစ်တဲ့ ဒေါက်တာအေးမောင်က ပြောပါတယ်။

“ပြီးခဲ့တဲ့နေ့က ကျနော်တို့ ဒီဘက် အမျိုးသားလွှတ်တော်မှာ မြန်မာနိုင်ငံတွင်း ထာဝရ ငြိမ်းချမ်းပြီး တည်ငြိမ် အေးချမ်းမှု တည်ဆောက် ထိန်းသိမ်းရေး အမြဲတမ်း ကော်မတီတရပ် ဖွဲ့စည်းရေးနဲ့ ပတ်သက်လို့ ဦးထွန်းလွင်ဆိုတဲ့ ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၉ က ပုဂ္ဂိုလ်က တင်တဲ့ အဆိုပါ။ အဲဒီအဆိုကို ဆွေးနွေးကြတာလေ။ အဲဒီအဆို အတည်ဖြစ်ဖို့အတွက်ကို လွှတ်တော်မှာ ပြန်ပြီးတော့ သဘောထား မှတ်ချက် ယူတယ်၊ ပြီးရင် ပြန်ဆွေးနွေးတယ်။ ဆွေးနွေးတဲ့ဟာက ပြီးခဲ့တဲ့နေ့က ၁၃ ဦးက သူ့အဆိုနဲ့ ပတ်သက်လို့ သူ့အမြင်၊ ကိုယ့်အမြင် ဆွေးနွေးကြတာ ရှိပါတယ်။

“ဆိုတော့ အဲဒီနေ့က ဆွေးနွေးကြတဲ့ အထဲမှာ ၁၃ ဦးပါတယ်၊ ကျနော်အပါအဝင်ပေါ့။ အဲဒီ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ဟာက အမြဲတမ်းကော်မတီ ဆိုတာကို ကျနော်ကတော့ ကော်မတီအစား ကော်မရှင်အဖြစ် ပြောင်းစေချင်တဲ့ သဘောဘက်က ဆွေးနွေးတယ်။ ဒါပေမဲ့ အကုန်လုံး မဲခွဲတဲ့အခါမှာ အမြဲတမ်းကော်မတီ ဆိုတဲ့ဟာလေးက အတည်ဖြစ်သွားတယ်။”

လွှတ်တော်တွင်းမှာ ဆွေးနွေး အတည်ပြုပြီးတဲ့ ဒီအဆိုကိုတော့ ဥပဒေတရပ်အဖြစ် ပြဋ္ဌာန်းဖို့ ဆက်လက် ဆောင်ရွက်သွားရမှာ ဖြစ်ပေမဲ့ ဘယ်အချိန်မှာ အကောင်အထည် ဖော်နိုင်မလဲ ဆိုတာကိုတော့ လောလောဆယ် တိတိကျကျ မသိရသေးဘူးလို့ ဒေါက်တာအေးမောင်က ပြောပါတယ်။ ဒါပေမဲ့လည်း ကော်မတီအဖြစ် နောက်ဆုံး ဖွဲ့စည်းနိုင်တဲ့ အခါကျရင်တော့ အခြေခံဥပဒေမှာ ခွင့်ပြုထားတဲ့အတိုင်း လွတ်လပ်တဲ့ လုပ်ငန်းတွေ ဆောင်ရွက်သွားနိုင်ရေး မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့လို အများက ယုံကြည်လက်ခံနိုင်မယ့် သူတွေကို ထည့်သွင်းဖို့ အတွက်ကိုလည်း လွှတ်တော်တွင်း ဆွေးနွေးဖြစ်တယ်လို့ ဒေါက်တာအေးမောင်ကပဲ ပြောပါတယ်။

“တကယ် ငြိမ်းချမ်းမှု ရဖို့အတွက် ပါသင့်ပါထိုက်တဲ့ ပုဂ္ဂိုလ်ကို ဆွဲခေါ်ရဲဖို့ လိုတယ်။ ကော်မတီဆိုတာ အခုပေါင်း ၁၀၀၀ လောက်ပဲဖွဲ့ဖွဲ့၊ ဒီလို ဖွဲ့တယ် ဖွဲ့တယ်နဲ့ ပြီးသွားရင်၊ ဆိုတာက နှစ်ဘက် ယုံကြည်မှုက လိုတယ်။ ကြားနေနိုင်တဲ့ ပုဂ္ဂိုလ်တွေ လိုတယ်။ ထိရောက်မှုလည်း လိုတယ်။ တကယ်တမ်း လွတ်လွတ်လပ်လပ်လည်း ဆုံးဖြတ်နိုင်ခွင့် ရှိရမယ်။ အဲဒါကြောင့် ကျနော်တို့ကတော့ အစဉ်အလာရှိတဲ့ ပုဂ္ဂိုလ်တွေ ရှိမှာပေါ့၊ သမိုင်းအားဖြင့်။

“ဟိုတုန်းက သခင်ချန်ထွန်းတို့လို ပုဂ္ဂိုလ်မျိုး၊ ဒဂုံတာရာလို ပုဂ္ဂိုလ်မျိုးတွေ ရှိမှာပေါ့။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်တို့လည်း ပါသင့်တာပေါ့။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိတ်ဖွင့်ပေးစာ လေးပိုဒ်စလုံးကို ကျနော် ဖတ်ပြပါတယ်၊ လွှတ်တော်မှာ။ ဒေါ်အောင်ဆန်းစုကြည် သမ္မတကြီးနဲ့လည်း တွေ့ပြီးပြီလေ။ ဒါ တကယ်တမ်း အုပ်ချုပ်မှု အဖွဲ့အစည်းနဲ့ ဆွေးနွေးကြတယ်၊ နွေးနွေးထွေးထွေးပဲ။ အဲဒီတော့ တကယ်တမ်း အုပ်ချုပ်မှု အဖွဲ့အစည်းနဲ့ ဆွေးနွေးတဲ့ အထဲမှာ ဗိုလ်ချုပ်ကြီး သိန်းစိန် (အငြိမ်းစား) နိုင်ငံတော် သမ္မတကြီးကလည်းပဲ တိုင်းပြည်ကို ငြိမ်းချမ်းစေချင်တဲ့ အခါမှာ။”

အစိုးရသစ် တက်လာပြီး နောက်မှ မြန်မာနိုင်ငံ မြောက်ပိုင်းနဲ့ အရှေ့ပိုင်း ဒေသတွေမှာ အခြေစိုက် လှုပ်ရှားနေကြတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတာကို ဖြေရှင်းရာမှာ ပါဝင် ကူညီလိုတဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က သမ္မတ ဦးသိန်းစိန်ထံကို မကြာသေးခင်ကပဲ စာတစောင် ပေးပို့ ကမ်းလှမ်းထားတာပါ။ အစိုးရသစ်ရဲ့ အကြီးအကဲ ဦးသိန်းစိန်ကတော့ လက်နက်ကိုင် ပဋိပက္ခတွေ အဆုံးသတ်စေရေး တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးလိုတယ်လို့ ပြောဆိုထားတာပါ။

ဒါပေမဲ့လည်း တိုင်းရင်းသားတွေဘက်ကတော့ အစိုးရရဲ့ ကမ်းလှမ်းချက်တွေဟာ လုံလောက်မှု မရှိသလို တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲပြီး လက်နက်ကိုင် အဖွဲ့အစည်းတွေ အားလုံးနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးမှုမျိုးကို လိုလားတယ်လို့ တုံ့ပြန်ထားကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG