မြန်မာနိုင်ငံမှာ ကျင်းပနေတဲ့ လွှတ်တော် အစည်းအဝေးတွေကို သတင်းထောက်တွေ လောလောလတ်လတ် သတင်းယူခွင့် မရှိခွင့်ပါဘူး။ ပြည်ထောင်စုလွှတ်တော် ကျင်းပနေတဲ့ နေပြည်တော်မှာ သတင်းထောက်တွေ လွှတ်တော် အနီးအနားကိုတောင် ကပ်ခွင့်မရှိသလို ကိုယ်စားလှယ်တွေ တည်းခိုရာ နေရာတွေကိုလည်း သွားခွင့် မရကြပါဘူး။ အစိုးရသစ်တရပ် ဖွဲ့စည်းမယ့် နိုင်ငံရေး အပြောင်းအလဲ လုပ်ငန်းစဉ်တွေကို ပြည်တွင်းက သတင်းမီဒီယာတွေ သတင်းယူခွင့်၊ တင်ပြခွင့်တွေ မရတဲ့အထိ ကန့်သတ်နေတဲ့အပေါ် သတင်းသမားတွေက ဘယ်လို သဘောထား အမြင်တွေ ရှိနေပါသလဲဆိုတာ မသင်းသီရိက တင်ပြပေးထားပါတယ်။
လွှတ်တော်ကျင်းပနေတဲ့ သတင်းကို ယူဖို့အတွက် စစ်အစိုးရက မဖိတ်ကြားပေမဲ့ သတင်းထောက် တော်တော်များများကတော့ နေပြည်တော်ကိုသွားပြီး သတင်းတွေယူဖို့ ကြိုးစားနေကြပါတယ်။
ဒါပေမဲ့ လွှတ်တော် အဆောက်အဦးကို မမြင်ရလောက်တဲ့ နေရာလောက်ကတည်းက လုံခြုံရေးတွေနဲ့ လမ်းတွေကို ပိတ်ထားသလို ကိုယ်စားလှယ်တွေ တည်းတဲ့ ဧည့်ရိပ်သာတွေထဲကိုလည်း ဝင်ခွင့်မရဘူးလို့ နေပြည်တော်မှာ သတင်းယူဖို့ ကြိုးစားနေတဲ့ လူငယ် သတင်းထောက်တဦးက ပြောပါတယ်။
“လွှတ်တော်ဘက်ကတော့ သွားလို့မရဘူးဗျ၊ သူတို့က တလမ်းလုံး ပိတ်ထားတယ်ဆိုတော့ အဲဒီအထဲကတော့ ဘယ်သူမှ ဝင်လို့မရဘူး။ အပြင်ထွက်လာတဲ့၊ ကျနော်တို့နဲ့သိတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကိုပဲ မေးရတယ်။ ဒီနေ့ ဘာတွေ လုပ်ဖြစ်လဲ၊ ဘယ်သူ့ကို ရွေးကောက်လိုက်တယ်၊ တင်မြှောက်လိုက်တယ်၊ အဲဒါတွေက အပြင်မှာပဲ မေးလို့ရတယ်။ မြို့ထဲထွက်လာမှသာ သူတို့နဲ့ တွေ့ဖြစ်တာပဲ ရှိတယ်။”
ဒါကြောင့် တချို့သတင်းထောက်တွေက လွှတ်တော် ကိုယ်စားလှယ်တွေကို တယ်လီဖုန်းတွေနဲ့သာ အင်တာဗျူး လုပ်ရတယ်လို့ ပြောပါတယ်။
လွှတ်တော်ဖွင့်ပွဲ ကျင်းပမယ့်နေ့က မနက်ခင်း အစောပိုင်းလောက်မှာလည်း လွှတ်တော် အဆောက်အဦးထိပ်က ပိတ်ထားတဲ့ ဂိတ်နားမှာ ဓာတ်ပုံ သွားရိုက်မိခဲ့ကြတဲ့ နိုင်ငံခြား သတင်းဌာနအတွက် အခြေစိုက် လုပ်ကိုင်ပေးနေတဲ့ ပြည်တွင်း လူငယ်သတင်းထောက် ၄ ဦးကို လုံခြုံရေးတွေက ခေတ္တခေါ်ယူ စစ်ဆေးပြီး သတိပေးခံလိုက်ရတဲ့ အခြေအနေမျိုးတွေလည်း ဖြစ်ခဲ့ပါတယ်။
နေပြည်တော်မှာတော့ လုံခြုံရေးတွေကို အထူးစောင့်ကြပ် ချထားသလို ညဘက်တွေမှာလည်း အထူး စစ်ဆေးနေပြီးတော့ မနေ့ကနဲ့ ဒီနေ့တွေမှာတော့ စားသောက်ဆိုင်တွေကို ညနေ ၆ နာရီနောက်ပိုင်း ပိတ်ခိုင်းထားသလို နေပြည်တော်ကို ရောက်နေကြတဲ့ သတင်းထောက်တွေရဲ့ အသွားအလာတွေကိုလည်း အာဏာပိုင်တွေက စောင့်ကြည့်မှုတွေ ရှိနေပါတယ်။
ဒီလိုအခြေအနေကို ကြည့်ခြင်းအားဖြင့် အစိုးရသစ် တရပ်ထဲမှာ သတင်းမီဒီယာရဲ့ အခန်းကဏ္ဍဟာ ရှေ့ကို တက်လာစရာ မရှိဘူးလို့ ပြည်တွင်း သတင်းစာဆရာ တဦးက သုံးသပ်ပါတယ်။
“မီဒီယာတွေကို နေရာမချထားပေးနိုင်သေးဘူး၊ မီဒီယာတွေကို မလာစေချင်သေးဘူး ဆိုရင် တစုံတရာ ထုတ်မပြောလိုတဲ့၊ သိမ်းဆည်းလျှို့ဝှက်ထားတဲ့ အရာတခုခု ရှိနေတယ်လို့ မြင်ရမယ့်အပိုင်း ဖြစ်တယ်။ မီဒီယာကို ဒီလောက်အထိ နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ ရေးသားဖို့၊ ဖော်ထုတ်တင်ပြဖို့အတွက် အရှေ့ကို တိုးမလာစေအောင် ကြိုပြီး ဟန့်ထားတာလို့ မြင်တယ်၊ ကျနော့်စိတ်ထဲမှာ။”
မနေ့ကဆိုရင် အစိုးရသစ် တရပ်အတွက် ထိပ်ပိုင်းရာထူးတချို့ စာရင်းတွေ ထွက်လာပြီး နေရာအားလုံးကတော့ မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေနဲ့ စစ်အစိုးရကို ကျောထောက်နောက်ခံ ပေးထားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကသာ နေရာယူထားတာ တွေ့ရပါတယ်။
မြန်မာနိုင်ငံမှာ စစ်အစိုးရ အုပ်ချုပ်မှုကနေ ဒီမိုကရေစီစနစ် ဖော်ဆောင်ပေးမယ့် အရပ်သား အစိုးရတရပ် ဖွဲ့စည်းမယ် ဆိုပေမဲ့လည်း လူတွေလည်း မပြောင်းတာမို့ မူတွေလည်း ပြောင်းလာနိုင်စရာ မရှိဘူးလို့ သုံးသပ်နေကြပါတယ်။ အထူးသဖြင့် ဒီမိုကရေစီ ပြည့်မီတဲ့ နိုင်ငံတခုအတွက် စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ သတင်းမီဒီယာရဲ့ အခန်းကဏ္ဍဟာ အပြည့်အဝရဖို့ လိုတယ်လို့ ဆိုပါတယ်။
“အခုထက်ထိတော့ မီဒီယာပေါ်မှာ ထိန်းချုပ်မှုတွေ ရှိနေသေးတယ်။ ဒါက ဘာကိုပြလဲဆိုတော့ Community အသီးသီးထဲမှာ မီဒီယာက အင်မတန် လှုပ်ရှားတယ်၊ တက်ကြွတယ်။ နောက် အခန်းကဏ္ဍကလည်း ကြီးမားလာတယ်။ တချိန်တည်းမှာ အရည်အသွေးတင်မက အရေအတွက်အားဖြင့် ကြည့်မယ်ဆိုရင်လည်း မျိုးဆက်သစ် ဝင်လာတဲ့ လူငယ်တွေရဲ့ လှုပ်ရှား တက်ကြွမှုတွေ၊ သူတို့ ပူးပေါင်း ပါဝင်မှုတွေက မီဒီယာနဲ့ သိပ် အကျွမ်းတဝင်၊ တရင်းတနှီး မရှိလှတဲ့ အစိုးရ ခေါင်းဆောင်ပိုင်းတွေ အပေါ်မှာ နည်းနည်းလှန့်သလို ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။
“ပြီးခဲ့တဲ့ ရွေးကောက်ပွဲအတွင်းမှာ အားလုံး တက်တက်ကြွကြွ သတင်းယူကြတာ၊ နောက် ဒေါ်အောင်ဆန်းစုကြည် လွတ်လာတဲ့ သတင်းမျိုးမှာ ဂျာနယ်တွေဟာ Front Page တွေမှာ၊ Cover တွေမှာ ဒီသတင်းတွေကို အရေးတယူ ဆောင်ရွက်လာမှုကို ကြည့်ပြီးတော့ ဒီနောက်ပိုင်းမှာ သူတို့ ပိုပြီးတော့ စိုးရိမ်လာတယ်။ ဒါကြောင့် သူတို့ ပိုပြီး ပြန်ထိန်းချုပ်ဖို့ ကြိုးစားထားတယ်လို့ မြင်ပါတယ်။ မီဒီယာကို စတုတ္ထမဏ္ဍိုင်အဖြစ် လက်ခံဖို့အတွက် ခက်ခဲနေသေးတယ်ဆိုတာ ပြတာလို့ ထင်ပါတယ်။ အခုလို မီဒီယာတွေ အခွင့်အလမ်း နည်းပါးမယ် ဆိုရင်တော့ ဒီမိုကရေစီ အစစ်အမှန် ပေါ်ပေါက်လာမယ်ဆိုတာ အရမ်းကြီး မျှော်လင့်လို့ မရတော့ပါဘူး။”
ပြည်တွင်း သတင်းစာဆရာတဦး သုံးသပ်ခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ သတင်းနဲ့ စာနယ်ဇင်း လွတ်လပ်ခွင့် အကင်းမဲ့ဆုံး နိုင်ငံတခု ဖြစ်သလို သတင်းသမားတွေကို ဖမ်းဆီး ချုပ်နှောင်ရာမှာ အဆိုးဆုံးနိုင်ငံတခု ဖြစ်တယ်လို့ ကမ္ဘာ့ သတင်းလွတ်လပ်ခွင့် အဖွဲ့ကြီးတွေက စာရင်းထုတ်ပြန်ပြီး ဝေဖန်နေကြတာလည်း ဖြစ်ပါတယ်။