ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်း ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ မကြာခင်ကမှ သမ္မတ ဖြစ်လာခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်က ဝန်ကြီးဌာန ၃၄ ခု စာရင်းနဲ့ ဝန်ကြီး အယောက် ၃၀ တို့ရဲ့ စာရင်းကို တင်သွင်းလိုက်ပါပြီ။ ဝန်ကြီးဌာန အရေအတွက်က အခုရှိနေတာထက် နည်းသွားတယ် ဆိုပေမဲ့ မြန်မာနိုင်ငံ အခြေအနေနဲ့စာရင် များလွန်းသလို ဒီဝန်ကြီးဌာနတွေရဲ့ စွမ်းဆောင်နိုင်ရည် အပေါ်မှာလည်း မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့ ဝေဖန်တာ ရှိပါတယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။
လွှတ်တော်အစည်းအဝေးတွေကို ကြားထဲမှာ နားထားခဲ့ပြီးတဲ့နောက် ဒီကနေ့ အင်္ဂါနေ့ ပြန်စတဲ့ အချိန်မှာတော့ လွှတ်တော်နှစ်ရပ်ပေါင်း ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ကျင်းပပြီး သမ္မတဖြစ်လာတာ မကြာသေးတဲ့ ဦးသိန်းစိန်က ဖွဲ့စည်းမယ့် ဝန်ကြီးဌာန စာရင်းနဲ့ ဝန်ကြီး အမည်စာရင်းတွေကို လွှတ်တော်မှာ တင်သွင်းခဲ့တာ ဖြစ်ပါတယ်။
“လွှတ်တော် နာယကက နေပြီးတော့ သမ္မတက တင်သွင်းတဲ့ ဝန်ကြီးဌာန ၃၄ ဌာနရဲ့ အမည်စာရင်းကို ဖတ်ပြပါတယ်။ အဲဒီ ၃၄ ဌာနနဲ့ ဝန်ကြီးဦးရေကျတော့ ၃၀ ဦး တင်ပါတယ်။ ဝန်ကြီးဌာန ၃၄ ဌာန အမည်စာရင်းတော့ ဖတ်ပြပါတယ်။ ဝန်ကြီးဦးရေ ၃၀ အမည်စာရင်းကိုတော့ ဖတ်မပြပါဘူး။ အခု ဖတ်ပြတာတော့ ကာကွယ်ရေးက စပြီးတော့ နဂိုအဟောင်းတွေပါပဲ။ အသစ်ကတော့ သမ္မတရုံး ဝန်ကြီးဌာနနဲ့ မြန်မာ့ စက်မှုဖွံ့ဖြိုးရေး ဝန်ကြီးဌာနပါ။”
လွှတ်တော်အစည်းအဝေး တက်ရောက်နေတဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီက အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် ပြောပြသွားတာ ဖြစ်ပါတယ်။
သမ္မတက တင်သွင်းတဲ့အထဲမှာ ဝန်ကြီးဌာန အရေအတွက်က ၃၄ ခုရှိပြီး ဝန်ကြီးစာရင်းက အယောက် ၃၀ ပဲ ရှိရတဲ့ အကြောင်းကတော့ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နိုင်ငံခြားရေးနဲ့ နယ်စပ်ဒေသရေးရာ ဝန်ကြီးဌာနတွေအတွက် ဝန်ကြီးတွေကို ကာကွယ်ရေး ဦးစီးချုပ်က ခန့်ထားမှာကြောင့် ဖြစ်တယ်လို့ နောက် လွှတ်တော်ကိုယ်စားလှယ် တဦးဖြစ်တဲ့ ပြည်ခိုင်ဖြိုးပါတီက အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဇေကမ္ဘာ ဦးခင်ရွှေက ရှင်းပြပါတယ်။
သမ္မတက အခုလို တင်သွင်းထားတာနဲ့ ပတ်သက်ပြီး ဗုဒ္ဓဟူးနေ့ ဆက်ပြီး ကျင်းပမယ့် အစည်းအဝေးမှာ ဆွေးနွေးချင်တာရှိရင် ဆွေးနွေးဖို့ လွှတ်တော်နာယကက အသိပေး ပြောဆိုခဲ့တယ်လို့လည်း ဦးဖုန်းမြင့်အောင်က ပြောပါတယ်။
မြန်မာနိုင်ငံလို ဖွံ့ဖြိုးတိုးတက်မှုကလည်း နောက်ကျ၊ အခြေခံ အဆောက်အအုံတွေကလည်း အခိုင်အမာမရှိ၊ ဘဏ္ဍာငွေကြေး အင်အားလည်း တောင့်တင်းမှု မရှိတဲ့ နိုင်ငံမျိုးမှာ အခုလောက် ဝန်ကြီးဌာန အရေအတွက်များများ လိုအပ်ရဲ့လား ဆိုတာနဲ့ ဘယ်လောက် ထိရောက်မှု ရှိမလဲ ဆိုတာတွေက မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့ ပြောသူကတော့ ဗဟု ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာအဖွဲ့က ဦးအောင်သူငြိမ်းပါ။
“အသေအချာတော့ ဝန်ကြီးဌာန ဘယ်နှစ်ခုလိုတယ် ဆိုတာမျိုးတော့ ပြောရခက်တာပေါ့ဗျာ။ ယေဘုယျ မူအရ ပြောမယ်ဆိုရင်တော့ ဝန်ကြီးဌာနတွေ၊ ဝန်ထမ်းတွေ များများထားလေလေ ကုန်ကျမှု စရိတ်က ပိုများလေလေပဲပေါ့။ အခုအနေအထား ဖြစ်တဲ့အခါကျတော့ ပြောရမယ်ဆိုရင် အရင် စစ်အစိုးရတုန်းကလည်း ဝန်ကြီးဌာန ၃၈ ခုလောက် ရှိတယ်ဆိုတော့ ဘာမှ သိပ်မပြောင်းတဲ့ အနေအထားပေါ့။ ပိုနေမြဲ ကျားနေမြဲပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ပိုပြောင်းသွားတဲ့ အနေအထားကတော့ အခုအချိန်မှာဆိုရင် လွှတ်တော်အမတ်တွေအတွက် လစာပေးစရာ အများကြီး ဖြစ်လာမယ်။ လွှတ်တော်မှာ ရေးရာကော်မတီတွေ၊ ဝန်ထမ်းတွေ အများကြီး ပိုလာတယ်။
“နောက်တဆင့်ဖြစ်တဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာလည်း နောက်ထပ် အစိုးရအလွှာတရပ် ထပ်ပေါ်လာဦးမယ် ဆိုတော့ ကျနော် တွက်ကြည့်တာက ဝန်ထမ်းတွေ ပိုများလာမယ်၊ ဝန်ကြီးတွေလည်း ပိုများလာမယ်၊ လစာပေးရတာလည်း ပိုများလာမယ်ဆိုတော့ အစိုးရဘက်က ကုန်ကျစရိတ်တွေက ပိုများလာဖို့ ရှိပါတယ်။ အဲဒီအနေအထားမှာဆိုရင် တဘက်က ဘယ်လောက်အထိ ထိထိရောက်ရောက် လုပ်နိုင်မလဲ၊ နောက်တခုကတော့ ဒီကုန်ကျစရိတ် ငွေတွေကို ဘယ်နေရာက ဖြည့်ဆည်းမလဲ ဆိုတဲ့ မေးခွန်းတွေ ရှိပါတယ်။”
ဗုဒ္ဓဟူးနေ့မှာ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို ဆက်လက်ကျင်းပမှာဖြစ်ပြီး ဝန်ကြီးဌာန ဖွဲ့စည်းဖို့တွေနဲ့ ဝန်ကြီးခန့်ထားဖို့ ကိစ္စတွေကို လွှတ်တော်ကိုယ်စားလှယ်တွေဘက်က ဆွေးနွေးကြဖို့ဖြစ်တယ် ဆိုပေမဲ့ ဗွီအိုအေက ဆက်သွယ် မေးမြန်းခဲ့သလောက်မှာတော့ ပြန်လှန်ဆွေးနွေးမယ့် လွှတ်တော်ကိုယ်စားလှယ် မရှိသလောက်ပါပဲ။
တချို့ လွှတ်တော်ကိုယ်စားလှယ်က ပြန်ပြီး ဆွေးနွေးစရာ မရှိပါဘူးလို့ ပြောတာရှိသလို တချို့ လွှတ်တော်ကိုယ်စားလှယ်ကကျတော့ ပါတီတွင်း ပြန်ပြီး ညှိနှိုင်းပြီးမှ ဆွေးနွေးရေး၊ မဆွေးနွေးရေးကို ပါတီလူကြီးတွေက ပြောပါလိမ့်မယ်ဆိုပြီး ဖြေဆိုခဲ့တာမျိုးလည်း ရှိပါတယ်။