သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွှတ်တော်မှာ သတင်းယူခွင့် တိုးတက်မှုတချို့ မြင်တွေ့ရ


လွှတ်တော်မှာ သတင်းယူခွင့် တိုးတက်မှုတချို့ မြင်တွေ့ရ
လွှတ်တော်မှာ သတင်းယူခွင့် တိုးတက်မှုတချို့ မြင်တွေ့ရ

နေပြည်တော်မှာ မနေ့က စတင်ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးတွေမှာ ပြည်တွင်းပြည်ပ သတင်းထောက်တွေ သတင်းယူခွင့်ရှိတယ် ဆိုပေမဲ့ အကန့်အသတ်တွေကတော့ ရှိနေဆဲလို့ ဆိုပါတယ်။ ဒီလို ကန့်သတ်မှုတွေ ရှိနေပေမဲ့ အရင်ကထက် စာရင်တော့ တိုးတက်လာတဲ့ အနေအထား ဖြစ်တယ်လို့လည်း သတင်းသမားတွေက ပြောကြပါတယ်။ အပြည့်အစုံကို စုံစမ်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြထားပါတယ်။

သတင်းလွတ်လပ်ခွင့်ကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတဲ့ မြန်မာအစိုးရဟာ မနေ့က ထပ်မံပြုလုပ်တဲ့ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယ ပုံမှန် အစည်းအဝေးတွေကစပြီး ပြည်တွင်းပြည်ပ သတင်းထောက်တွေကို သတင်းယူခွင့် ပေးလိုက်တာပါ။ ဒီအစည်းအဝေးကို သတင်းထောက် ၅၀ နီးပါး တက်ရောက် သတင်းယူနေကြတယ်လို့ သိရပါတယ်။

မနေ့ကတော့ လွှတ်တော်ခန်းမထဲအထိ ဝင်ပြီး ဓာတ်ပုံရိုက်ခွင့် ရှိခဲ့ပေမဲ့ သတင်းယူတာကိုတော့ သီးသန့် မှန်ခန်းထဲကနေ ယူရတာ ဖြစ်ပါတယ်။ ဒီကနေ့တော့ လွှတ်တော်ခန်းမထဲ ဝင်ပြီး သတင်းယူခွင့် ရှိလာတယ်လို့ ပြည်တွင်း သတင်းသမား တယောက်က ဆိုပါတယ်။

“စစ်ဆေးတာက ဂိတ်မှာကတည်းက စစ်ဆေးတယ်လေ၊ ဘာမှမယူရဘူး၊ ဟိုဟာ မယူရဘူး၊ ဒီဟာ မယူရဘူး။ ပြီးတော့ ကိုယ်စားလှယ်တွေကို အင်တာမဗျူးရဘူး၊ သူတို့ သတ်မှတ်ထားတဲ့ နေရာမှာ နေရမယ်။ ကန့်သတ်ချက်တွေကတော့ အများကြီးပဲ။ ဒီနေ့တော့ ခန်းမထဲ ပေးဝင်ပြီး ကျနော်တို့ကို သတင်းယူခွင့်ပေးတယ်။ ပထမရက်က မှန်ခန်းထဲကနေ ယူရတာလေ။ ဒီနေ့တော့ ကျနော်တို့ကို လွှတ်တော်ခန်းမထဲထိ ပေးဝင်တယ်။ သတင်းယူခွင့် ပေးတယ်။ သိပ်တော့ ဟိုလိုမျိုး မရှိဘူး။ အရင်တုန်းကထက်တော့ နည်းနည်းချောင်တယ်လို့ ပြောရမှာပေါ့။”

လွှတ်တော်သတင်းယူမယ့် သတင်းသမားတွေအတွက် ဓာတ်ပုံရိုက်တာ၊ အင်တာဗျူးတာတွေ အပါအဝင် ကန့်သတ်မှု ၁၆ ချက်ကို လိုက်နာရမယ်လို့လည်း အာဏာပိုင်တွေက ဆိုပါတယ်။ လွှတ်တော်သတင်းတွေကို ယူရတာ အရင်ကနဲ့စာရင် နည်းနည်း ပိုပြီး လွတ်လပ်လာတယ် ဆိုပေမဲ့ ဘယ်လောက်ထိ တင်ပြခွင့်ရှိမယ် ဆိုတာကလည်း မေးခွန်းတခုလို့ သူက ဆက်ပြောပါတယ်။

“ကျနော်တို့က ဘယ်လောက် အတိုင်းအတာထိ ရေးခွင့်ရမလဲဆိုတာ ရှိသေးတယ်။ စိစစ်ရေးနဲ့ သွားနေရတဲ့ အခါကျတော့ အရင်နဲ့စာရင်တော့ ကောင်းလာပြီ၊ ဒါပေမဲ့ ဒီမိုကရေစီနိုင်ငံဖြစ်ဖို့ ဆိုရင်တော့ အများကြီး လိုပါသေးတယ်။”

၁၉၆၂ ခု စစ်အာဏာ မသိမ်းခင်က လွှတ်တော် အစည်းအဝေးတွေမှာ သတင်းထောက်တွေ လွတ်လွတ်လပ်လပ် သတင်းယူခွင့် ရှိခဲ့ပြီး လွှတ်တော် ဆွေးနွေးချက်တွေကို ရေဒီယိုက တိုက်ရိုက် ထုတ်လွှင့်ပေးတာတွေ၊ လွှတ်တော်မှတ်တမ်းကို ထုတ်ဝေတာတွေ ရှိခဲ့ပါတယ်။

ဝါရင့် သတင်းစာဆရာကြီး ကြေးမုံ ဦးသာဘန်းက အရင်က အခြေအနေနဲ့ မတူပေမဲ့ လက်ရှိမှာ နည်းနည်း ပြောင်းလာတယ်လု့ိ ပြောပါတယ်။

“အရင်လွှတ်တော်တွေနဲ့တော့ မနှိုင်းနဲ့တော့ပေါ့ဗျာ။ ဒါပေမဲ့ အခု နဝတကလုပ်တဲ့ ရွေးကောက်ပွဲအပြီး ပထမကျင်းပတဲ့ လွှတ်တော်မှာ သတင်းသမားတွေ သတင်းယူခွင့် မရတာတော့ ခင်ဗျားတို့အားလုံး သိပြီးသားပဲပေါ့ဗျာ။ အခုမှာတော့ သတင်းသမားတွေ သတင်းယူခွင့်ရှိတယ်၊ ပြောဆိုခွင့်ရှိတယ်၊ သတင်းသမားတွေကို နေရာပေးတယ် ဆိုတာကတော့ နည်းနည်း ပြောင်းလာတယ်လို့ပဲ ပြောရမှာပေါ့ဗျာ။ သတင်းကို ဦးစားပေးမယ် ဆိုတဲ့သဘောနဲ့ စတုတ္ထမဏ္ဍိုင်ကို လေးစားတယ်ဆိုတဲ့ သဘောလောက်တော့ ပြောလို့ရမှာပေါ့။ အဲဒီထက်တော့ သိပ်မထူးပါဘူး။”

မြန်မာ့သတင်းသမဂ္ဂရဲ့ ဒု-ဥက္ကဋ္ဌ ဦးဇင်လင်းက သမ္မတ ဦးသိန်းစိန်ရဲ့ သတင်းမီဒီယာအပေါ် အမြင်ကို စောင့်ကြည့်သင့်တယ်လို့ ဆိုပါတယ်။

“သာမန်အားဖြင့်တော့ သတင်းထောက်တွေ အခန်းကဏ္ဍကို အသိအမှတ်ပြုတဲ့ သဘောမျိုး သမ္မတ မိန့်ခွန်းထဲမှာ ထည့်ပြောထားတာ တွေ့ရတယ်။ သတင်းမီဒီယာ စတုတ္ထမဏ္ဍိုင်ရဲ့ အခန်းကဏ္ဍကို လေးစားရမယ်၊ သတင်းစာတွေကပြောတဲ့ ပေးတဲ့ အကြံဉာဏ်ကိုလည်း ယူကြရမယ်လို့ မနေ့က လွှတ်တော် အစည်းအဝေးမှာ သမ္မတ ဦးသိန်းစိန်က ဒီလိုပြောသွားတာတော့ ရှိတယ်။ ဘာပဲပြောပြော အကောင်းမြင်နဲ့တော့ ကြိုဆိုရမှာပေါ့လေ။ ဒါပေမဲ့ လက်တွေ့ အနှစ်သာရအရ ဘယ်လောက် ဖြစ်လာမလဲ ဆိုတာကတော့ စောင့်ကြည့်ရဦးမယ့် အနေအထားလို့ မြင်တယ်။ ဒါကြောင့် ထိုင်းနိုင်ငံရဲ့ သတင်းစာ လွတ်လပ်ခွင့်နဲ့ နှိုင်းယှဉ်ရင်တော့ မြန်မာနိုင်ငံက အခုမှ ကကြီးရေ ကလို့ပဲ ပြောရမှာ ဖြစ်တယ်။”

တချိန်တည်းမှာပဲ ထိုင်းနိုင်ငံရဲ့ အောက်လွှတ်တော် အစည်းအဝေးကို ဒီကနေ့ ထပ်မံ ကျင်းပနေပါတယ်။ ဒီအစည်းအဝေးကို ရေဒီယို၊ ရုပ်မြင်သံကြား တချို့က တိုက်ရိုက် ထုတ်လွှင့်နေပြီး ဝန်ကြီးချုပ် ယင်လတ် ရှင်နာဝပ် (Yingluck Shinawatra) အစိုးရရဲ့ သက်တမ်းထဲ အကောင်အထည်ဖော် ဆောင်ရွက်သွားမယ့် အစိုးရရဲ့ မူဝါဒတွေအပေါ် အတိုက်အခံတွေက အပြန်အလှန် ထောက်ပြ ဆွေးနွေးနေကြတာကို တွေ့နေရပါတယ်။

XS
SM
MD
LG