သုံးရလွယ်ကူစေသည့် Link များ

ရှမ်းစစ်ဘေးဒုက္ခသည်တွေအရေး လွှတ်တော် အရေးကြီးအဆိုတင်


ပြည်သူ့လွှတ်တော်။
ပြည်သူ့လွှတ်တော်။

ရှမ်းပြည်မြောက်ပိုင်း မှာဖြစ်ပွားနေတဲ့ တိုက်ပွဲများရပ်ဆိုင်းဖို့အတွက် အရေးကြီး အဆိုကို ဒီကနေ့လွှတ်တော်မှာ တင်သွင်းလိုက်ပါတယ်။ ဒီလိုတင် သွင်းတာနဲ့ ပတ်သက်ပြီး မနက်ဖြန်မှာ ဆက်လက်ဆွေးနွေးမှာပါ။ လက်ရှိဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် လူထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ထွက်ပြေးနေရပြီး ပြည်သူအချို့မှာလည်း အသတ်ခံရတဲ့ အထိ ဒုက္ခရောက်နေရကြောင်း လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။ ဒီသတင်းအပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းက မေခ ကပေးပို့ထားပါတယ်။

ဒီကနေ့ လွှတ်တော်မှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ကျောက်မဲ လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းအောင် က အခုလိုတင်သွင်းခဲ့တာပါ။ လက်ရှိချိန်မှာ ရှမ်းပြည် မြောက်ပိုင်း ကျောက်မဲခရိုင်အတွင်းမှာ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA နဲ့ တအောင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA တို့ နမ့်ခမ်းနဲ့ ကျောက်မဲတို့မှာ တိုက်ပွဲတွေ ပြင်းထန် နေရတာကြောင့် ဒေသခံပြည်သူတွေမှာ အိုးမဲ့အိမ်မဲ့ ထွက် ပြေးနေရပါတယ်။ ဒီအပေါ်မှာ အခုလို ဦးစိုင်း ထွန်းအောင် က အခုလို တင်သွင်း ခဲ့တာပါ။

“ကျောက်မဲမြို့နယ်အတွင်း စစ်ဘေးရှောင်လူဦးရေမှာ ၃၀၀ ကျော်ရှိပြီး ကယ်ဆယ်ရေးစခန်း စုစုပေါင်း ၁၇ ခုထိ ထားရှိခဲ့ ရပါတယ်။ ကျေးလက်နေပြည်သူ များ၏ အိုးအိမ် အသက်အန္တရာယ် စိုးရိမ်စွာ ရင်ဆိုင်ကြုံတွေ့နေရပါသဖြင့် ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ကျောက်မဲမြို့နယ်အတွင်း အမြန်ဆုံးတိုက်ပွဲများ ရပ်ဆိုင်းနိုင်ရေးနှင့် စစ်ဘေးရှောင်ပြည်သူများ၏ လူမှုဒုက္ခများအား အမြန်ဆုံးဖြေရှင်းဆောင်ရွက်ပေးနိုင်ပါရန် နိုင်ငံတော်အစိုးရ၊ ရှမ်းပြည်နယ် အစိုးရများနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများအားလုံးအား တိုက်တွန်းကြောင်း အရေးကြီးအဆို တင်သွင်းအပ်ပါသည်။”

ဒီပြင် ကျောက်မဲလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းအောင် က လက်ရှိမှာ ဒေသခံပြည်သူတွေမှာ ဖမ်းဆီးခံရမှုတွေ၊ သတ်ဖြတ်ခံရမှုတွေ ရှိနေကြောင်း၊ ဒီလို ဖြစ်နေမှုအပေါ်အမြန်ဆုံး အဖြေရှာဖို့လည်း တောင်းဆို လိုက်ပါတယ်။

ဒီလိုရောက်ရှိနေတဲ့ ဒုက္ခသည် တွေမှာ သက် ဆိုင်ရာ ပြည်နယ်အစိုးရတွေဘက် ကနေ အကူအညီရရှိမှုနည်းနေသေးပေမယ့် တပ်မတော်ဘက် ကတော့ နှစ်ဘက် တိုက်ပွဲတွေကြား ညပ်နေတဲ့ ပြည်သူတွေအပေါ် ကာကွယ်မှုတွေ လုပ်ပေးနေတယ်လို့ ဇီဝိတလူမှုဒုက္ခသည် ကူညီကယ်ဆယ်ရေးအဖွဲ့က ဦးတင်မောင်သိန်း ကအခုလိုပြောပါတယ်။

“လက်ရှိအနေအထားအရကတော့ တိုက်ပွဲတွေရပ်သွားဖို့ဆိုတာကတော့ မှန်းဆလို့ မရနိုင်သေးပါဘူး။ ဒုက္ခသည် လောလောဆယ် ကျနော်တို့ စာရင်းချုပ်ထားတာ ၃၁၀၁ ယောက်ရှိပါတယ်။ ကျနော်တို့ လက်တလောရနေတဲ့ သတင်း ကလည်း နောက်ထပ်ကျနော်တို့ဆီကို လာနေကြပါတယ်။ တပ်မတော်ကနေ တက်နိုင်သမျှဝင်ပြီးထိန်းလိုက်တဲ့အခါကျတော့ တိုးတက်မှုတွေဖြစ်ပါတယ်။ ဖြစ်တော့ တဘက် လက်နက်ကိုင်အဖွဲ့အစည်းက ဆုတ်သွားတယ်ပေါ့နော်။ ဆိုတော့ ရွာသူရွာသားတွေ အပြင်ကို ထွက်လာလို့ရပါတယ်ခင်ဗျ။ အဲလိုအနေအထားလေးတွေနဲ့ တပ်မတော်ကလည်း ကူညီပါတယ်။ အစိုးရဘက်ကတော့ ယနေ့အချိန်အထိတော့ ဘာမှ မကြားရသေး ပါဘူး။”

ရှမ်းပြည်နယ် အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ ၂ ခုကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေက ပိုပြီး တင်းမာလာနေပါတယ်။ လနဲ့ချီ ဖြစ်ပွားနေတဲ့ နှစ်ဘက်တိုက်ပွဲတွေကြောင့် ထောင်နဲ့ ချီတဲ့ စစ်ရှောင် ဒုက္ခသည်တွေ အခက်အခဲ မျိုးစုံနဲ့ ရင်ဆိုင်နေကြရပါတယ်။အစိုးရနဲ့ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ နဲ့ တအောင်း ပလောင် အမျိုးသားလွတ်မြောက်ရေးတပ် TNLA တို့အကြား ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကုန်ပိုင်းက စခဲ့တဲ့ တိုက်ပွဲတွေက အခုဆိုရင် ၃ လအတွင်းကို ဝင်ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ နယ်၊ နမ့်ခမ်းမြို့နယ်နဲ့ နမ့်ဆန်၊ မိုင်တုံ၊ ကွတ်ခိုင်စတဲ့ဒေသတွေမှာ နှစ်ဘက်တပ်တို့အကြား တိုက်ပွဲတွေက အတော်လေးကို ပြင်းပြင်းထန်ထန်ဖြစ်ပွားလာလို့ ထောင်ချီတဲ့ ရှမ်း၊ ပလောင်ဒေသခံပြည်သူတွေ စစ်ဘေးလွတ်ရာတွေဆီ ထွက်ပြေး နေရတာပါ။

နှစ်ဘက်တပ်တွေ ပြေလည်အောင် ဖြေရှင်းနိုင်ဖို့အရေး UNFC (ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ) ဘက်က ကြားဝင်ဖြေရှင်းပေးဖို့ ကြိုးစားနေပြီးညှိုနှိုင်းမှုတွေလုပ်နေကြ ပေမယ့် တိကျတဲ့ အဖြေရလဒ်တော့ မရသေးပါဘူး။ လက်ရှိမှာ အဲဒီဒေသအခြေစိုက် လက်နက်ကိုင်အဖွဲ့တွေ ကပြည်သူလူထုတွေအပေါ် ညှင်းပမ်းနှိပ်စက်သတ်ဖြတ်မှုတွေရှိနေ တယ်ဆိုပြီး ဒေသတွင်း ထွက်ပေါ်နေတဲ့သတင်းတွေနဲ့ပတ်သက်ပြီးလည်း TNLA ဘက်က ကော RCSS/SSA တောင်ပိုင်းကကော ဒီအပေါ်ငြင်းချက်ထုတ်ပါတယ်။

လတ်တလောမှာတော့ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲတိုက်ပွဲတွေကြောင့် ဒေသခံတွေ စစ်ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရဆဲဖြစ်သလို မထွက်ပြေးနိုင်ဘဲ ရွာတွေထဲ ပိတ်မိနေတဲ့ ပြည်သူတွေလည်း ရှိနေတယ်လို့ ကူညီ ကယ်ဆယ်ပေးနေသူတွေကပြောပါတယ်။

XS
SM
MD
LG