သုံးရလွယ်ကူစေသည့် Link များ

ဦးအောင်သောင်းကို အမည်မည်းသတ်မှတ်မှု မြန်မာလွှတ်တော်ကန့်ကွက်


ဦးအောင်သောင်း (တောင်သာ မဲဆန္ဒနယ်) သတင်းဓာတ်ပုံ-www.pyithuhluttaw.gov.mm

ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းကို အမေရိကန်နိုင်ငံက အမည်မည်းစာရင်းမှာ ထည့်သွင်းသတ်မှတ်ခဲ့တဲ့အပေါ် ကန့်ကွက်တဲ့အဆိုကို ဒီကနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာတင်သွင်းတဲ့အခါ လွှတ်တော်ကိုယ်စားလှယ်အားလုံးက တညီတညွတ်တည်း သဘောတူ အတည်ပြုခဲ့ကြပါတယ်။ ကိုဉာဏ်ဝင်းအောင်က စုံစမ်းတင်ပြပေးထားပါတယ်။

အာဏာရ ပြည်ခိုင်ဖြိုးပါတီရဲ့ ထိပ်တန်းခေါင်းဆောင်တဦးဖြစ်တဲ့ မန္တလေးတိုင်း၊ တောင်သာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းကို အမေရိကန်ပြည်ထောင်စုက အမည်မည်းစာရင်းထဲသွင်းပြီး ပြစ်ဒဏ်ခတ် ပိတ်ဆို့လိုက်တဲ့လုပ်ရပ်ကို ကန့်ကွက်ကြောင်းအဆိုတရပ်ကို မင်္ဂလာဒုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဝင်းက ဒီကနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ တင်သွင်းခဲ့တာပါ။

ဒီအဆိုကို လွှတ်တော်ကိုယ်စားလှယ်အားလုံးက ကန့်ကွက်သူမရှိ သဘောတူ အတည်ပြုလိုက်ကြပါတယ်။ အမေရိကန်အစိုးရရဲ့ လုပ်ရပ်ကို ဘာ့ကြောင့် ကန့်ကွက်ရသလဲဆိုတာ ပြည်ခိုင်ဖြိုးပါတီ၊ ဧရာဝတီတိုင်း၊ ကြံခင်းလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ရီက VOA ကို ရှင်းပြပါတယ်။

“လွှတ်တော်ကိုယ်စားလှယ်တယောက်ကို အမေရိကန်အစိုးရက ပိတ်ပင်တားဆီးတယ်ဆိုတာ လွှတ်တော်ရဲ့ဂုဏ်သိက္ခာထိတယ်။ နောက်တခုက ကိုယ်စားလှယ်ဂုဏ်သိက္ခာထိတယ်။ ဦးအောင်သောင်းက တို့နိုင်ငံ ပြည်သူလူထုရဲ့ကိုယ်စားလှယ်ဖြစ်နေတယ်။ လွှတ်တော်ရဲ့တာဝန်ပေးထားတဲ့ ရေးရာ ကော်မတီဥက္ကဋ္ဌတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့် လွှတ်တော်ဘက်ကတော့ ရှင်းရှင်းပြောရရင်တော့ ကိုယ့်လက်သည်းဆိတ်၊ ကိုယ့်လက်ထိပ် နာတာပဲ။ ကိုယ့်ဘက်က။ လွှတ်တော်ဂုဏ်သိက္ခာထိခိုက်တယ်၊ လွှတ်တော်ကိုယ်စားလှယ်ဂုဏ်သိက္ခာထိခိုက်တယ်လို့ ခံယူတယ်။ ဒါကြောင့်မို့လို့ အကိုတို့ ဘက်က အဆိုတင်သွင်းတယ်။ အဲဒါကို အထက်လွှတ်တော်ထဲမှာတင်ပြတယ်။ တင်ပြတဲ့အခါမှာ လွှတ်တော်တခုလုံးက ကန့်ကွက်ချက်မရှိ ---ဆုံးဖြတ်ချက်နဲ့ ဆုံးဖြတ်တယ်။ ဒါပဲ။”

ဦးအောင်သောင်းနဲ့ ပတ်သက်ပြီး ပြည်ခိုင်ဖြိုးပါတီဖက်က တင်သွင်းတဲ့ ဒီအဆိုကို NLD ပါတီဖက်ကလည်း ကန့်ကွက်မှုမရှိဘဲ ဘဘောတူညီ ခဲ့တာပါ။ ဘာ့ကြောင့် မကန့်ကွက်ရသလဲ ဆိုတာကို NLD ပါတီ မန္တလေးတိုင်း အမရပူရမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဇော်မြင့်မောင်က ပြောပါတယ်။

“၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ပြီးကတည်းက ကျနော်တို့ လွှတ်တော်ထဲဝင်တဲ့အချိန်မှာ ကျနော်တို့တွေ ဘာပြောလဲဆိုတော့ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကျနော်တို့လုပ်နေတယ်၊ နောက်ပြီးတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်မယ်။ လွှတ်တော်ထဲမှာ ကျနော်တို့ရဲ့ နောက်ထပ်မူဝါဒတခုက အမျိုးသားပြန်လည်ရင်ကြားစေ့ရေး။ ဒီမူအပေါ်မှာ ရပ်တည်မယ်ဆိုပြီးတော့ လုပ်တာ လွှတ်တော်ထဲမှာ။ တိုင်းပြည်ကောင်းမယ့် အနေအထား၊ ဘယ်လိုပဲဖြစ်နေနေ၊ ဘယ်သူပဲတင်တင်၊ တိုင်းပြည်အတွက် အကျိုးရှိမယ်ဆိုရင် အမျိုးသားရင်ကြားစေ့ရေးမူကို ရပ်တည်ပြီး ထောက်ခံခဲ့တာပဲ။ ဒီဟာကိုလည်း အသွင်ကူးပြောင်းရေးကာလမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အသွင်ပြောင်းတာပဲဖြစ်ချင်တယ်။ ဒီမိုကရေစီလည်း ရချင်တယ်။ နောက်ပြီး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေလုပ်နေတာမှာလည်း အားလုံးကို အဆင်ပြေချောမွေ့စေချင်တယ်။ အဲဒါကြောင့်မို့လို့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးမူပေါ်မှာ ရပ်တည်ပြီးတော့ ကျနော်တို့ ထောက်ခံခဲ့တာပါ။”

၂၀၁၀ ရွေးကောက်ပွဲ ပြီးချိန်ကစလို့ အမေရိကန်သမ္မတ အိုဘားမားရဲ့ မြန်မာပြည်ဆိုင်ရာ မူဝါဒတွေ ပျော့ပြောင်းလာပြီး အမေရိကန်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်လာခဲ့တာပါ။ ဦးအောင်သောင်း ကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန်ရဲ့ပြုမူချက်ကို အခုလို ကန့်ကွက်လိုက် တာဟာ နှစ်နိုင်ငံ အစိုးရကြား ဆက်ဆံရေးတွေ ထိခိုက်မှာကို စိုးရိမ်နေသူတွေလည်း ရှိပါတယ်။ ဒါနဲ့ပတ်သက်လို့ ပြည်ခိုင်ဖြိုးပါတီ လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ရီက ခုလို တုံ့ပြန်ပါတယ်။

“ကိုယ့်စိတ်ထဲမှာ အဲဒါပါတယ်လေ။ လက်ရှိအခြေအနေကောင်းနေတဲ့ အမေရိကန်-မြန်မာဆက်ဆံရေးထိခိုက်စေနိုင်တယ်။ ဒီလုပ်ရပ်က။ ထိခိုက်မှာစိုးလို့ကို ဒီကိစ္စကို ကိုယ်တို့က ကန့်ကွက်တာ။ အမေရိကန်အစိုးရက မြန်မာနဲ့ဆက်ဆံရေးကောင်းနေရင် ဒါ မလုပ်သင့်ဘူးလို့ ယူဆတာပေါ့။ ကျန်တဲ့လုပ်ငန်းရှင်နဲ့မဆိုင်ဘူး။ ဦးအောင်သောင်းက လွှတ်တော်ကိုယ်စားလှယ်လေ။ လွှတ်တော်ကိုယ်စားလှယ်ကိုထိရင် လွှတ်တော်ကိုထိတာနဲ့အတူတူပဲပေါ့။ ဒါပါပဲ။”

ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင်တဦးကို အမေရိကန်ရဲ့ ပစ်မှတ်ထား စီးပွားပိတ်ဆို့တဲ့ စာရင်းထဲ အောက်တိုဘာ (၃၁) ရက်နေ့မှာ ထည့်သွင်း ဖေါ်ပြခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG