သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွှတ်တော်ထဲ ဆက်သွယ်ရေး ပစ္စည်းတွေ မယူဖို့ တားမြစ်


လွှတ်တော်ထဲ ဆက်သွယ်ရေး ပစ္စည်းတွေ မယူဖို့ တားမြစ်
လွှတ်တော်ထဲ ဆက်သွယ်ရေး ပစ္စည်းတွေ မယူဖို့ တားမြစ်

လွှတ်တော်အသီးသီးကို တက်ရောက်လာကြမယ့် ကိုယ်စားလှယ်တွေ အနေနဲ့ လွှတ်တော်ထဲကို လျှပ်စစ်ပစ္စည်း မပြောနဲ့ လွယ်အိတ်ကိုတောင် သယ်ဆောင်ခွင့် မပြုဘူးလို့ ကိုယ်စားလှယ်တွေဆီ ပေးပို့တဲ့ ညွှန်ကြားစာထဲမှာ ဖော်ပြထားပါတယ်။ လွှတ်တော်အမတ်တွေပေါ်မှာတောင် သက်ဆိုင်ရာက စည်းကမ်းချက်ကို တင်းတင်းကျပ်ကျပ် ချထားတယ်ဆိုတာ ပေါ်လွင်နေတဲ့အကြောင်း ဘန်ကောက်ရုံးကနေ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

လွှတ်တော်တက်ကြမယ့် ကိုယ်စားလှယ်တွေအနေနဲ့ ကွန်ပြူတာ၊ လက်ကိုင်ဖုန်းနဲ့အသံဖမ်းစက်၊ ကင်မရာ အပါအဝင် လွယ်အိတ်တွေကအစ သယ်ဆောင်ခွင့်မပြုတဲ့အကြောင်း သူတို့ထံ ပေးပို့တဲ့ညွှန်ကြားစာထဲ မှာ ဖော်ပြထားတယ်လို့ NDF အမျိုးသား ဒီမိုကရေစီ အင်အားစု စမ်းချောင်းမြို့နယ် လွှတ်တော်အမတ် အဖြစ် ရွေးကောက်တင်မြှောက် ခံထားရတဲ့ ဦးစိုးလွင်က ပြောပြပါတယ်။

“လွှတ်တော် ပရဝုဏ်အတွင်းကို ကင်မရာတို့၊ ရေဒီယိုတို့၊ ကက်ဆက်တို့၊ ကွန်ပြူတာတို့၊ လက်ကိုင်ဖုန်းတို့ မယူရပါဘူး။ အသံလွှင့် အသံဖမ်းစက် ဆိုတာမျိုးတွေ၊ လက်ဆွဲအိတ်တွေ၊ လွယ်အိတ်တွေ မယူရပါဘူး။ ခေါင်းပေါင်းနဲ့ပတ်သက်လို့ ခေါင်းပေါင်းထည့်တဲ့ဘူးတောင်မှ ယူခွင့်မရှိပါဘူး။ ဒါပေမဲ့ လွှတ်တော်ထဲမှာ သုံးမယ်ဆိုရင် အထဲမှာကတ်ဖုန်း စီစဉ်ပေးပါတယ်။ ဆက်သွယ်ရေးနဲ့ ပတ်သက်လို့ ကြိုတင်ငွေပေး ကတ်ဖြင့် ဆက်သွယ်နိုင်သော တယ်လီဖုန်းများ တပ်ဆင်ထားပါတယ်တဲ့။”

ဒါဟာ လွှတ်တော်အတွင်း ဆွေးနွေး ပြောဆိုကြတာတွေ တိုက်ရိုက် ပေါက်ကြားမှာ စိုးတဲ့အတွက် ကိုယ်စားလှယ်တွေအပေါ် လုံခြုံရေးတွေ တင်းကျပ်ထားလိုက်တဲ့ ကန့်သတ်ချုပ်ချယ်မှု ဖြစ်တယ်လို့ ရန်ကုန်မြို့က ဥပဒေပညာရှင် ဦးအောင်သိန်းက ပြောပါတယ်။

“ဥပဒေရှုထောင့်က ကြည့်ရင်တော့ ဒါ လုံခြုံရေးကို တင်းကျပ်တဲ့ သဘောထား ရှိပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဖုန်းကင်မရာတို့၊ အသံဖမ်းစက်တို့ ဘာတို့ ယူသွားမယ်ဆိုရင် Recording လုပ်တဲ့ကိစ္စတွေ၊ လွှတ်တော်အတွင်းမှာ ပြောကြဆိုကြတဲ့ ကိစ္စတွေ၊ အဲဒါတွေ အပြင်ကို တိုက်ရိုက်ကြီး ပြန်မရောက်အောင် ထိန်းချုပ်တဲ့ သဘောထားတွေ ဖြစ်ပါလိမ့်မယ်။

“ဒါကတော့ ကျနော်တို့လို နိုင်ငံမျိုးတွေကတော့ ဒီလိုပဲ ဖြစ်မှာပေါ့လေ။ ဒိပြင် ဒီမိုကရေစီနိုင်ငံနဲ့ သွားယှဉ် ပြောလို့တော့ မရဘူးပေါ့။ ဒီမှာက အခုမှ စပြီး ဟကာစလေး၊ ဒီမိုကရေစီရဲ့ အဟလေး ရှိသေးတယ် ဆိုတော့ အရင်က ခေါက်ရိုးကျိုးနေတဲ့ လုံခြုံရေးဆိုင်ရာ ပြဿနာကို အဓိကထားပြီး လုပ်တယ်လို့ပဲ ကျနော်တို့က မြင်ရမှာပေါ့။”

စစ်အစိုးရရဲ့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို ရေးဆွဲတဲ့ အမျိုးသားညီလာခံ ကျင်းပစဉ်မှာလည်း အလားတူ ကန့်သတ်မှုတွေ ရှိခဲ့တဲ့အပေါ် ဝေဖန် ကန့်ကွက်သံတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

လွှတ်တော် ပရဝုဏ်အတွင်းနဲ့ ဆိုင်တဲ့ ကိစ္စတွေမှာ လုံခြုံရေးကို တင်းကျပ်ထားပေမဲ့ ကိုယ်စားလှယ်တွေ သွားလာ၊ တည်းခိုတဲ့ကိစ္စမှာတော့ အတိုင်းအတာတခုထိ လွတ်လပ်ခွင့် ပေးထားတာကိုတွေ့ရပါတယ်။

“တည်းခိုနေထိုင်ရေးနဲ့ ပတ်သက်လို့ကတော့ နေပြည်တော်မှာ ရှိနေတဲ့ကာလအတွင်းမှာတော့ စည်ပင် သာယာရေး ကော်မတီ ဧည့်ရိပ်သာမှာ တည်းခိုလိုရင် တည်းခိုနိုင်ပါတယ်တဲ့။ အဲဒီဧည့်ရိပ်သာမှာ စား သောက်ဆိုင်တွေ ဖွင့်လှစ်ထားရှိတဲ့အတွက် စားသုံးလိုပါက ဝယ်ယူ စားသုံးနိုင်ပါတယ်တဲ့။ ဒါမှမဟုတ် မိမိအစီအစဉ်နဲ့ နေထိုင်စားသောက်မယ်ဆိုရင်လည်း ဆောင်ရွက်လိုပါက ဆောင်ရွက်နိုင်ပါတယ်။ မိမိ အစီအစဉ်နဲ့ တည်းခိုမယ် ဆိုပါက တည်းခိုတဲ့လိပ်စာနဲ့ ဆက်သွယ်နိုင်မယ့် တယ်လီဖုန်းကို လွှတ်တော်ရုံး ကို ပေးထားရမယ်။

“တကယ်လို့ စည်ပင်သာယာတည်းခိုခန်းမှာပဲ တည်းမယ်ဆိုရင်တော့ စုပေါင်းပြီး စီးနင်းနိုင်တဲ့ ဘတ်စ် ကားကြီးတွေ စီစဉ်ပေးမယ်ပေါ့ဗျာ။ အချိန်နဲ့ သူ့ဟာသူ။ အဲဒီလိုမဟုတ်လို့ ဘတ်စ်ကားကို မစီးချင်ဘူး ဆိုရင် အငှားယာဉ် စီးနင်းနိုင်မယ်၊ စီးနင်းချင်တယ်ဆိုရင်လည်း အငှားယာဉ် စီစဉ်ပေးထားပါမယ်။ ဒါမှမဟုတ်လို့ ကိုယ်ပိုင်ကားနဲ့ ကိုယ့်ဘာသာ မိမိအစီအစဉ်နဲ့ ကိုယ့်ကားနဲ့ကိုယ် သွားမယ်ဆိုရင်လည်း အဲဒီကားရဲ့အမျိုးအစားနဲ့ ကားနံပါတ်တွေပေးပြီးတော့ ခွင့်ပြုချက်ယူရမှာပေါ့။”

ကိုယ်စားလှယ်တွေ အနေနဲ့ ကိုယ့်အစီအစဉ်နဲ့ကိုယ် ခရီးသွားလာ နေထိုင် စားသောက်တာတွေအတွက် ငွေစာရင်း ပြန်တင်ပြီး တောင်းဆိုနိုင်မယ်လို့လည်း ဖော်ပြထားပါတယ်။

“လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ တည်းခို နေထိုင်စရိတ်၊ စားသောက်စရိတ်၊ ခရီးစရိတ် စတဲ့ ငွေကြေးဆိုင်ရာ ကိစ္စတွေကို ဆောင်ရွက်ပေးနိုင်ရန် ငွေစာရင်းဌာနကို အဲဒီမှာ ဖွင့်ထားပါတယ်လို့ ဒါပဲပါတယ်။ အဲတော့ မိမိခရီးစဉ်မှာ စီးနင်းခဲ့တဲ့ လေယာဉ်တို့၊ ရထားတို့၊ ကားတို့၊ အဲဒီလက်မှတ်တွေကို ယူဆောင်လာပါ။ ဥပဒေအရ သတ်မှတ်ထားတဲ့ စရိတ်တွေကို ထုတ်ပေးပါမယ်လို့ ပါပါတယ်။”

NDF ပါတီကနေ စမ်းချောင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက် ခံထားရတဲ့ ဦးစိုးလွင် ပြောပြခဲ့တာ ဖြစ်ပါတယ်။ ဦးစိုးလွင်ဟာ NDF ပါတီရဲ့ ဒု-ဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။

ဥပဒေအရ သတ်မှတ်ထားတဲ့ စရိတ်တွေကို ပြန်ထုတ်ပေးမယ်လို့ ညွှန်ကြားစာမှာ ဖော်ပြထားပေမဲ့ အဲဒီ သတ်မှတ်စရိတ်ဆိုတာ ဘယ်လောက်ဖြစ်မယ်ဆိုတာတော့ ဖော်ပြမထားဘူးလို့ ဆိုပါတယ်။

ဇန်နဝါရီလ ၃၁ ရက်နေ့မှာ စတင်မယ့် လွှတ်တော်အသစ်ကို တက်ဖို့အတွက် ရွေးကောက်ခံထားရတဲ့ ကိုယ်စားလှယ်တွေ အနေနဲ့ လာမယ့် ၂၇ ရက်နေ့မှာ နေပြည်တော်ကို အရောက်သွားကြရမှာ ဖြစ်ပါတယ်။

အခုလို တင်းကျပ်တဲ့ဥပဒေတွေ ကြိုတင်ထုတ်ပြန်ထားတာကြောင့် လွှတ်တော်အတွင်း အခြေခံဥပဒေပါ အကြောင်းအရာတချို့ ပြင်ဆင်ရေးအပါအဝင် ဥပဒေမူကြမ်း အမျိုးမျိုးကို တင်သွင်းဖို့ ပြင်ဆင်နေကြတဲ့ ကိုယ်စားလှယ်တွေအနေနဲ့ တကယ့်လက်တွေ့မှာ ဘယ်လောက်အထိ လုပ်ဆောင်နိုင်မယ်၊ အချိန် ဘယ် လောက်ကြာမှ လုပ်ဆောင်နိုင်မယ် ဆိုတာတော့ စောင့်ကြည့်ရဦးမှာ ဖြစ်တယ်လို့ နိုင်ငံရေး အကဲခတ်တွေ က သုံးသပ် ပြာဆိုနေကြပါတယ်။

XS
SM
MD
LG