သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီနှစ်ကုန် ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပမည်


ဒီနှစ်ကုန် ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပမည်
ဒီနှစ်ကုန် ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပမည်

ကြားဖြတ်ရွေးကောက်ပွဲတွေကို လာမယ့် မိုးရာသီအကုန် အောက်တိုဘာ၊ နိုဝင်ဘာလလောက်မှာ ကျင်းပဖို့ ခန့်မှန်းထားတယ်လို့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက ပြောလိုက်ပါတယ်။ မတ်လ ၁၄ ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးအတွင်း လွှတ်တော်ကိုယ်စားလှယ် တဦးရဲ့ မေးခွန်းကို ဖြေကြားတာမှာ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက အဲဒီလို ပြောသွားတာပါ။ အပြည့်အစုံကို ဘန်ကောက်ကနေ စုံစမ်းထားတဲ့ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။

မတ်လ ၁၄ ရက်နေ့က ဆက်လက်ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးအတွင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီပါတီ (SNDP) ရဲ့ ရှမ်းပြည်နယ်၊ ကျောက်မဲ မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနယ်လ်ဆင် ခေါ် ဦးစိုင်းဆောင်ဆီကနေပြီး ကြားဖြတ်ရွေးကောက်ပွဲတွေ ကျင်းပဖို့ ဘယ်လိုပြင်ဆင်ထားပါသလဲ ဆိုတဲ့ မေးခွန်းကို မေးခဲ့တာပါ။ အဲဒီမေးခွန်းကို ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက ဖြေကြားရင်း ခန့်မှန်း ကျင်းပမယ့်ရက်ကို ပြောသွားတာလို့ သင်္ဃန်းကျွန်းမြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ဗွီအိုအေကို ပြောပါတယ်။

“အဲဒါနဲ့ ပတ်သက်ရင် လက်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌဖြစ်တဲ့ ဦးသိန်းစိုးက လာဖြေတယ်။ လွှတ်တော်တွေမှာ လစ်လပ်တဲ့ နေရာတွေကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို အကြောင်းကြားလာတဲ့ အခါမှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သူ့ဥပဒေမှာ ပါတဲ့အတိုင်း လစ်လပ်တဲ့ နေရာတွေနဲ့ ပတ်သက်ပြီး ကြေညာပြီးတဲ့နောက်မှာ သူ လုပ်သင့်လုပ်ထိုက်တဲ့ဟာပေါ့ဗျာ၊ ဘယ်နေ့မှာ ဘာလုပ်မယ်၊ ဥပဒေအရ ဆိုထားတဲ့ အချက်တွေကို ပြောပြီးတော့၊ အဓိက ပြောသွားတာကတော့ ကြားဖြတ် ရွေးကောက်ပွဲတွေကို ၂၀၁၁ အောက်တိုဘာ၊ နိုဝင်ဘာလမှာ ကျင်းပမယ်လို့ ခန့်မှန်းထားတယ်တဲ့။ မိုးရာသီ လွတ်တဲ့အချိန်ပေါ့ဗျာ။”

လက်ရှိအချိန်မှာတော့ မဲဆန္ဒနယ် ဘယ်နှစ်နေရာ လစ်လပ်နေတယ်ဆိုတာ တိတိကျကျ မသိရသေးပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကြားဖြတ်ရွေးကောက်ပွဲတွေ ကျင်းပမယ်ဆိုရင် နိုင်ငံရေးပါတီ တရပ်အနေနဲ့ ရွေးကောက်ပွဲ ဝင်နိုင်ဖို့ ကြိုးစားနေတယ်လို့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ တောင်ဥက္ကလာပမြို့နယ်ကနေ တသီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် မြို့တော်ဝန် ဦးအောင်သိန်းလင်းနဲ့ အပြိုင် ဝင်အရွေးခံခဲ့တဲ့ ကိုကောင်းမြင့်ထွဋ်က ပြောပါတယ်။ အရင်ရွေးကောက်ပွဲတုန်းက မဲဆွယ်စည်းရုံးရေးဆိုင်ရာ အခွင့်အရေးတွေနဲ့ ပတ်သက်လို့ ကြုံတွေ့ခဲ့ရတာတွေပေါ်မှာ သင်ခန်းစာ ယူနိုင်ရေး ပြောဆိုနိုင်မယ်လို့ မျှော်လင့်ထားကြောင်း ကိုကောင်းမြင့်ထွဋ်က ဆိုပါတယ်။

“အဲဒါကတော့ တိုင်းပြည်ကို ပါတီစုံ ဒီမိုကရေစီစနစ် အနေနဲ့ သွားချင်တယ်ဆိုရင် အမှန်တကယ် ဒီမိုကရေစီ အရေးအတွက် ဆောင်ရွက်တဲ့ သူတွေကို တိုင်းပြည်အုပ်ချုပ်ရေး ကိစ္စတွေမှာလည်း ပါဝင်နိုင်ခွင့် ပေးဖို့ရာအတွက် နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ အစိုးရကိုယ်တိုင်က နားလည်သဘောပေါက်ပြီး လုပ်ခွင့်ပေးစေချင်တယ်လို့ ကျနော်က ပြောမှာပါ။”

၂၀၁၀ နိုဝင်ဘာလ ရွေးကောက်ပွဲတွေမှာ ပြည်ခိုင်ဖြိုးပါတီဟာ နည်းလမ်းမမှန်မကန် ရယူထားတဲ့ ကြိုတင်မဲတွေနဲ့ မတရား အနိုင်ယူသွားတယ်ဆိုတဲ့ စွပ်စွဲချက်တွေက ကျယ်ကျယ်ပြန့်ပြန့်ကို ထွက်ထားပါတယ်။ အဲဒီလို ရွေးကောက်ပွဲဆိုင်ရာ မသမာမှုတွေမှာ ရွေးကောက်ပွဲ ကော်မရှင် အဆင့်ဆင့်က ပါဝင်ပတ်သက်တာတွေ ရှိတယ်ဆိုတဲ့ ဝေဖန်ချက်တွေနဲ့အတူ သီးခြား လွတ်လပ်တဲ့ အစီရင်ခံစာတွေလည်း ထွက်ထားပါတယ်။ ဒါပေမဲ့ ပြည်ခိုင်ဖြိုးပါတီ ကိုယ်တိုင်နဲ့ ရွေးကောက်ပွဲ ကော်မရှင်တို့ကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ပါတီကြီးတရပ် အနေနဲ့ ဝင်ပြိုင်ခဲ့တဲ့ ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) ရဲ့ ဥက္ကဋ္ဌ ဦးသုဝေကတော့ သိပ်ထူးလာမယ် မထင်တဲ့အတွက် ကြားဖြတ်ရွေးကောက်ပွဲဝင်ဖို့ လောလောဆယ် စဉ်းစားမထားဘူးလို့ ဆိုပါတယ်။

“ကျနော်တို့တော့ မစဉ်းစားဘူးဗျ။ အခုထက်ထိတော့ စဉ်းစားထားတာ မရှိသေးဘူး။ ကျနော်တို့က သိပ်တော့ မထူးဘူးဆိုပြီး မစဉ်းစားတာပါ၊ စိတ်မပါလို့။ ထူးထူးခြားခြားလည်း ရှိမှာမဟုတ်ဘူး၊ ဒီအတိုင်းပဲဆိုတော့ ကျနော်တို့က အဲဒါ ဝင်ဖို့ မစဉ်းစားသေးဘူးပေါ့ဗျာ။ ဒါပေမဲ့ အခြေအနေကတော့ ဘာမှန်းမသိသေးဘူးလေ။ အခြေအနေတွေကလည်း ဘာမှန်း မသိသေးဘူးဆိုတော့ အကြောင်းအားလျော်စွာ ဖြစ်ပေါ်လာတဲ့ အပေါ်မှာ စဉ်းစားမယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။”

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကနေ ခွဲထွက်ပြီး ရွေးကောက်ပွဲဝင်ဖို့ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီ ထူထောင်ခဲ့တဲ့ ခေါင်းဆောင်တွေထဲက တဦးဖြစ်သူ ဦးခင်မောင်ဆွေကတော့ ဘယ်မဲဆန္ဒနယ်မြေတွေမှာ လစ်လပ်မယ်ဆိုတာ သေချာမသိရသေးတဲ့အတွက် အပြည့်အ၀ မဆုံးဖြတ်ရသေးပေမဲ့ ရွေးကောက်ပွဲကို ဝင်မယ်လို့တော့ မူအားဖြင့် ဆုံးဖြတ်ထားတယ်လို့ ပြောပါတယ်။

ဒါပေမဲ့ အခုလာမယ့် ကြားဖြတ် ရွေးကောက်ပွဲတွေဟာ မျှတပါမယ်၊ မမျှတပါဘူးဆိုတာ ကြိုပြီးပြောဖို့ မဖြစ်နိုင်ဘူးဆိုတဲ့ အကြောင်းနဲ့ ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေမှာလိုပဲ ဘယ်လောက်ထိများ ထပ်ပြီးတော့ လုပ်ကြဦးမယ် ဆိုတာကတော့ ငွေရောင်ပိတ်ကားပေါ်မှာ စောင့်ကြည့်ကြရမှာပါလို့ ဦးခင်မောင်ဆွေက ပြောပါတယ်။

မတ်လ ၁၄ ရက်နေ့ လွှတ်တော်အစည်းအဝေးတွေမှာ အရင်ရက်တွေမှာလိုပဲ မေးခွန်း မေးတာတွေ၊ ပြန်လည် ဖြေဆိုတာတွေ၊ အဆိုတင်သွင်းတာတွေ၊ အဆိုကို ပြန်ရုပ်သိမ်းတာတွေနဲ့ ပုံမှန်ပြီးဆုံးခဲ့တယ်လို့ အစည်းအဝေးတက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။

XS
SM
MD
LG