သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းနဲ့ပြည်နယ် လွှတ်တော်များ ကြံ့ဖွံ့ကြီးစိုး


တိုင်းနဲ့ပြည်နယ် လွှတ်တော်များ ကြံ့ဖွံ့ကြီးစိုး
တိုင်းနဲ့ပြည်နယ် လွှတ်တော်များ ကြံ့ဖွံ့ကြီးစိုး

ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် အကြီးအကဲတွေ၊ သမ္မတ၊ ဒု-သမ္မတ ရာထူးတွေအပြင် ပြည်နယ်နဲ့ တိုင်းဒေသကြီး လွှတ်တော်တွေနဲ့ ပြည်နယ်၊ တိုင်း အစိုးရအဖွဲ့တွေရဲ့ အကြီးအကဲ ရာထူးတွေကို ပြည်ခိုင်ဖြိုးပါတီရဲ့ ကိုယ်စားလှယ်တွေပဲ ရခဲ့တဲ့အပေါ် ဒေသခံတွေရဲ့ အမြင် အမျိုးမျိုးရှိနေတာ တွေ့ရပါတယ်။ အဲဒီလို မတူကွဲပြားတဲ့ အမြင်တချို့ကို မသင်းသီရိက တင်ပြပေးထားပါတယ်။

တိုင်းဒေသကြီး ကိုယ်စားလှယ်တွေရဲ့ လွှတ်တော် အစည်းအဝေးတွေကနေ တိုင်းနဲ့ ပြည်နယ်တွေရဲ့ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနေရာ အားလုံးကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်တွေ ရခဲ့ပါတယ်။

ကရင်ပြည်နယ်ရဲ့ လွှတ်တော်မှာဆိုရင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ် ၇ ဦး၊ စစ်တပ်ကိုယ်စားပြု ကိုယ်စားလှယ် ၆ ဦးနဲ့အတူ ကရင် ဖလုံစဝေါ်ပါတီက ကိုယ်စားလှယ် ၄ ဦးအပြင် ကရင်ပြည်သူ့ပါတီနဲ့ ကရင် ဒီမိုကရေစီ ပါတီတွေက ရွေးချယ်ခံ ကိုယ်စားလှယ်တွေထဲ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကသာ ကရင်လွှတ်တော်ရဲ့ ဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌ နေရာတွေကို ရခဲ့တယ်လို့ ကရင် ဖလုံစဝေါ်ပါတီဝင် ဒေါ်ယုဇနဝါက ပြောပါတယ်။

“လွှတ်တော်ဥက္ကဋ္ဌ အနေနဲ့က ကြံ့ခိုင်ရေးက ရှေ့နေ ဦးအောင်ကျော်မင်း၊ သူတို့ အဆိုတင်သွင်းတာတော့ ဒုတိယဥက္ကဋ္ဌ အနေနဲ့ ဦးစောလှမြိုင်၊ သူလည်း ကြံ့ခိုင်ရေးပါတီကပဲ။ ကော့ကရိတ်က လွှတ်တော်ကိုယ်စားလှယ်ပေါ့။”

ကရင်ပြည်နယ် အစိုးရအဖွဲ့အတွက် လက်ရှိ လွှတ်တော်အကြီးအကဲ စစ်တပ် ကိုယ်စားပြုသူထဲက ဗိုလ်မှူးချုပ်ဟာ ပြည်နယ် ဝန်ကြီးချုပ်နေရာဖြစ်ဖို့ များနေတယ်လို့ သူက ခန့်မှန်းပါတယ်။

“လောလောဆယ်ကတော့ လွှတ်တော်အမတ်လောင်းတွေပေါ့၊ တပ်မတော် ကိုယ်စားပြုတဲ့ လွှတ်တော် အမတ်လောင်းတွေထဲမှာတော့ အခု ကရင်ပြည်နယ် ပဝတက ဗိုလ်ချုပ်ဇော်မင်းက Rank အမြင့်ဆုံးပဲလေ။ သူ့အနေနဲ့ကတော့ အလားအလာ ရှိနိုင်တာပေါ့။”

အခုဆိုရင် အစိုးရသစ် တရပ်အတွက် လွှတ်တော် ၃ ရပ်စလုံးရဲ့ အကြီးအကဲနေရာ တော်တော်များများ စာရင်းထွက်လာနေပြီဖြစ်ပြီး ဒီနေရာတွေကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက လက်ရှိ အကြီးအကဲတွေပဲ နေရာယူထားပါတယ်။ စစ်တပ်အုပ်ချုပ်မှုကနေ အရပ်သား အုပ်ချုပ်မှု အစိုးရတရပ် ပေါ်ပေါက်လာရေးကို ပြောင်းလဲဖို့ ဆိုပေမဲ့ အခုအနေအထားတွေအရ အများပြည်သူ လက်ခံတဲ့ အစိုးရတရပ် ဖြစ်လာနိုင်ဖို့ မလွယ်ဘူးလို့ ဒေါ်ယုဇနဝါက ဆိုပါတယ်။

“ရွေးကောက်ပွဲ လုပ်ပြီးတော့ ဝန်ကြီးချုပ်များဟာ စစ်တပ်က အရာရှိတွေပဲ ဖြစ်လာမယ်ဆိုရင် ဒီရွေးကောက်ပွဲက ဘာမှ သိပ်ပြီး အနှစ်သာရ ရှိမှာတော့ မဟုတ်ဘူး။ ကျမတို့က စစ်အုပ်ချုပ်ရေးထက်ကို အရပ်ဘက် အုပ်ချုပ်ရေးကို လိုချင်လို့ အဲဒီဘက်ကို သွားနေတာလေ။ အဲတော့ ဝန်ကြီးချုပ်က အရပ်သား ဖြစ်မယ်ဆိုရင်တော့ အကောင်းဆုံးပေါ့။ စစ်တပ်က အရာရှိများကတော့ ဥပမာအားဖြင့် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး အနေနဲ့ ကိုင်ချင်လည်း ကိုင်ပေါ့လေ။

“ဒါပေမဲ့ ဒီလို ဝန်ကြီးချုပ် အနေနဲ့ကတော့ အရပ်သား အစိုးရဖြစ်တာ အကောင်းဆုံးပဲ။ ဒါကတော့ ကျမလိုချင်တဲ့ ဆန္ဒပေါ့နော်။ Election လုပ်ပြီးတော့ ဝန်ကြီးချုပ်က စစ်တပ်ကပဲ လာမယ်ဆိုတော့ သိပ်ပြီး အဓိပ္ပာယ်မရှိဘူး၊ အဲဒါ။ လူထုတွေက ရွေးချယ်ပေးထားတဲ့သူကိုတော့ တင်ပေးသင့်တယ်လို့ ကျမထင်တယ်။”

တခါ ရခိုင်ပြည်နယ်မှာ ဆိုရင်လည်း ပြည်နယ်လွှတ်တော်ရဲ့ ဥက္ကဋ္ဌနေရာနဲ့ ဒု-ဥက္ကဋ္ဌ နေရာတွေကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကပဲ ရပါတယ်။ ရခိုင်ပြည်နယ် ကျောက်တော်မြို့ခံ တဦးကတော့ ဘယ်နိုင်ငံရေးပါတီကပဲ ဖြစ်ဖြစ် ဒေသဖွံ့ဖြိုးရေးအတွက် ကောင်းအောင်လုပ်မယ်ဆိုရင် လက်ခံနိုင်ပါတယ်လို့ ဆိုပါတယ်။

“ရခိုင်ပြည်နယ်မှာတော့ ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ နေရာကို ဂွမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ က ဦးထိန်လင်း ရသွားပါတယ်။ သူက ပေါက်မြို့နယ်ကပါ။ သူက ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို ကိုယ်စားပြုထားပါတယ်။ မာန်အောင်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ က ဦးသာညွန့် ရသွားတယ်ခင်ဗျ။ သူလည်း ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကပါ။ ကျနော်ကတော့ ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်ပြည်သူတွေ ကောင်းစားဖို့ဆိုရင် ဝမ်းသာပါတယ်။

“ကောင်းအောင်လုပ်ရင်တော့ သူတို့အပေါ် ကောင်းကြမှာပါ။ သူတို့လုပ်ဖြစ်မယ်ဆိုရင်၊ လုပ်ဖြစ်မယ်လို့လည်း ကျနော် မျှော်မှန်းပါတယ်၊ ကျနော်တို့ကတော့ ဘယ်သူပဲတက်တက် ကိုယ့်ပြည်နယ်၊ ကိုယ့်ဒေသ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ဘယ်သူ့ကိုမဆို ကြိုဆိုပါတယ်။”

ရခိုင်ပြည်နယ် ဒေသခံတဦးရဲ့ အမြင် ဖြစ်ပါတယ်။

ဒါပေမဲ့ နိုင်ငံရေး အခြေအနေ စိတ်ဝင်စားသူ အများစုကတော့ ဒီလိုနေရာတွေကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ရတယ်ဆိုတာ ဘာမှ အံ့သြစရာ မရှိဘူးလို့ သုံးသပ်ကြတာတွေလည်း ရှိပါတယ်။

အခုလို တိုင်းဒေသကြီး လွှတ်တော်နေရာတွေကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကပဲ ရထားသလို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နေရာကို သူရ ဦးရွှေမန်း၊ ဒု-ဥက္ကဋ္ဌနေရာကို ဦးနန္ဒကျော်စွာတို့ကို ရွေးချယ်ထားပါတယ်။ တခါ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ နေရာကို ဦးခင်အောင်မြင့်နဲ့ ဒု-ဥက္ကဋ္ဌနေရာကို ဦးမြညိမ်းတို့ကို ရွေးချယ်ထားပြီး သူတို့အားလုံးဟာလည်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုသူတွေပဲ ဖြစ်ပါတယ်။

XS
SM
MD
LG