{{Zawgyi/Unicode}}
မြန်မာနိုင်ငံမှာ PJ လို့ခေါ်တဲ့ အလုပ်အကိုင် Passport နဲ့နိုင်ငံခြားထွက်သူတိုင်း ပြည်ပအလုပ်အကိုင် သက်သေခံ OWIC စမတ်ကဒ် မပါရင် ပြည်ပထွက်ခွင့် မရှိတော့ပါဘူး။ အရင်က MOU သဘောတူညီချက်နဲ့ ပြည်ပမှာ အလုပ်သွားလုပ်သူတွေသာလိုတဲ့ ကဒ်ကို အခုတော့ PJ Passport ကိုင်သူတိုင်း ပြရမယ်လို့ အောက်တိုဘာ ၁၅ ရက်နေ့မှာ လူဝင်မှုကြီးကြပ်ရေးက သတ်မှတ်လိုက်တာပါ။ ဒါကြောင့် လေယာဉ်ပေါ် တက်ခွင့်မရဘဲ လေဆိပ်က ပြန်လာရသူတချို့ ရှိတဲ့အကြောင်း ရန်ကုန်ကလာတဲ့သတင်း အလိမ္မာက တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံကူးလက်မှတ် Passport အမျိုးအစား အမျိုးမျိုးရှိတဲ့ထဲက PJ လို့အများသိကြတဲ့ Job Passport ကိုင်ဆောင်သူတွေအနေနဲ့ ပြည်ပအလုပ်အကိုင် သက်သေခံ OWIC စမတ်ကဒ်ပြနိုင်မှ နိုင်ငံခြားထွက်ခွင့်ရှိတယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက သတ်မှတ်ချက် အသစ်ထုတ်ပြန်လိုက်ပါတယ်။ အောက်တိုဘာ ၁၅ ရက်ရက်စွဲနဲ့ လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ခဲ့ပြီး ၁၆ ရက်နေ့မှာ စတင် အကောင်အထည်ဖော်ဆောင်ရွက်တာကြောင့် နိုင်ငံခြားကိုထွက်ခွာကြမယ့်သူတချို့ ပြည်ပထွက်ခွင့် တားဆီးခံရပြီး လေဆိပ်ကနေ လှည့်ပြန်ခဲ့ကြရပါတယ်။
ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကဒ်ပြား OWIC ကို အရင်က အစိုးရအချင်းချင်း MOU လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတွေဆီ အလုပ်သွားလုပ်သူတွေသာ ပြဖို့ လိုအပ်တာဖြစ်ပေမယ့် ခုအခါမှာတော့ PJ ပတ်စပို့ကိုင်သူ ဘယ်သူမဆို OWIC စမတ်ကဒ် ပြမှထွက်ခွာခွင့် ရမှာဖြစ်တဲ့အတွက် အားလုံးအတွက် ခက်ခဲကုန်တယ်လို့ ရန်ကုန် အခြေစိုက် ပြည်ပခရီးသွား အေဂျင်စီတခုက တာဝန်ရှိသူတဦးက ပြောပါတယ်။
“၁၅ ရက်နေ့က စာထွက်တယ်။ ၁၆ ရက်နေ့မှာ Reject ချတယ်။ အဲ့နောက်ပိုင်း တောက်လျောက် ချမှာ။ ၁၈ ရက်နေ့ကလည်း ချတယ်။ ကျမထင်တယ်၊ နည်းတော့ မနည်းလောက်ဘူး။ PJ သမားတွေ ဆိုလို့ရှိရင် OWIC ကဒ် ပါမှာ သွားရမယ်ဆိုတာက အရင်က ကျမတို့သိထားတာက ဂျပန်နဲ့ ကိုရီးယား၊ ဟိုဘက်နိုင်ငံနဲ့ ဒီဘက် နိုင်ငံ MOU ထိုးထားတဲ့ အလုပ်သမား အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ၊ အဲ့လို စာချုပ်အရလွှတ်တဲ့ အလုပ်သမားတွေသာလျင် ဒီကဒ်လိုတယ်ဆိုတာ သိထားဖူးတယ်။ ဟိုအရင်တုန်းက ဆိုရင်ပေါ့နော်။ ခုက PJ ဖြစ်ပြီးတော့ OWIC ကဒ်မပါရင်တော့ ထွက်လို့မရတော့ဘူး။ အဲ့ကောင်တွေကို Block တဲ့သဘော။ အဲ့ဥပဒေက ၁၅ ရက်နေ့ စာထွက်ပြီး ၁၆ ရက်နေ့မှာ စပြီး Action လုပ်တော့ ဘယ်သူမှ မသိထားတော့ အကုန်လုံး Block ခံရတာပေါ့။ ဘယ်သူမှ အဆင်မပြေတာ။”
မြန်မာနိုင်ငံမှာ သင်္ဘောသားတွေ၊ ကျောင်းသားတွေ၊ အပန်းဖြေ အလည်ခရီးထွက်သူတွေကလွဲလို့ နိုင်ငံခြားအလုပ်သွားလုပ်မယ့်သူတွေက PJ passport ကိုသာလျှောက်ထားကိုင်ဆောင်ကြတာဖြစ်ပါတယ်။ တချို့ကလည်း ပွဲစားတွေကတဆင့် လျှောက်ထားကြတာမို့ PJ passport ရထားကြသူတွေလည်း ရှိပါတယ်။ အခုတော့ OWIC ကဒ်ပြဖို့လိုတယ်လို့ သတ်မှတ်လိုက်တဲ့အတွက် တော်တော်များများ အခက်တေ့ွနေကြပါတယ်။ ဒီစမတ်ကဒ်လုပ်ဖို့အတွက် နေပြည်တော်ကရုံးကို လျှောက်လွှာတင်ရမှာဖြစ်လိုသလို ကဒ်ရဖို့ လုပ်ငန်းခွင်အကြို အွန်လိုင်းသင်တန်းလည်း တက်ဖို့လိုပါတယ်။ အဲဒီလို အဆင့်ဆင့် လုပ်အပ်ချက်တွေအပြင် စမတ်ကဒ်ရဖို့ အချိန်ဘယ်လောက်လိုသလဲဆိုတာ အတိအကျ မသိနိုင်တဲ့အတွက် ပိုအခက်အခဲဖြစ်နေကြတယ်လို့ ခရီးသွားအေဂျင်စီတခုက ပြောပါတယ်။
“ဘယ်လို လူက လုပ်ခွင့်ရှိတယ်။ ဘယ်လို ဥပဒေရှိတယ်၊ ဘာဆိုတာ ပြည်သူလူထုကြားထဲမှာ ဘယ်သူမှ မသိဘူး၊ အကုန်လုံးက နေပြည်တော်က အလုပ်သမားရုံးကို ဖုန်းဆက်မေးကြတယ်။ ကျမလည်းမသိဘူး။ ဘယ်လိုလုပ်ရမယ် ဆိုတဲ့ ဥပဒေကလည်း သူတို့ကိုယ်တိုင်ကို မေးလိုက်တော့(လူဝင်မှု ကြီးကြပ်ရေး၊ အလုပ်သမား ဝန်ကြီးဌာန) သူတို့ရုံးက ပြောတာကျတော့ သူတို့ ကိုယ်တိုင်တောင်မသိဘူးတဲ့။ သူတို့ကိုယ်တိုင်လည်း ဒီဥပဒေကို ခုမှစပြီး အသက်ဝင်အောင် လုပ်ရမယ်ဆိုတော့ သူတို့ကိုယ်တိုင်လည်း သေချ မပြောနိုင်ပါဘူးတဲ့။ အပြင်မှာတော့ ပွနေတာပဲ။ တလစာပေးရမယ်တွေ၊ ၅ သိန်းပေးရမယ်တွေ၊ ၆သိန်းပေးရမယ်တွေ၊ ဒေါ်လာ ၃၅၀ တွေ၊ ၆၀၀ တွေ အမျိုးမျိုးကြားတယ်။ ကျမလည်းမသိသေးဘူး။ ခုက ၁၆၊ ၁၇၊ ၁၈ ဆက်တိုက် Reject ဖြစ်တယ်။ ဒီနေ့၊ မနက်ဖြန်၊ သဘက်ခါ ပိတ်ရက် နောက်ပိတ်ရက်ကလည်း ဆက်ပိတ် အုံးမယ်။ ၂၅ ရက်နေ့ကျ ဘယ်လိုဖြစ်မလဲ၊ အဲ့နေ့လဲ Reject ချခံရအုံးမှာဘဲ။ ဒီကိစ္စကြီးက ခုချက်ချင်းကြီး လုပ်လို့က ဖြစ်မှ မဖြစ်နိုင်တာ။ အရင်တုန်းကတောင် ကျမတို့ကြားတာ ၂ လနဲ့ ၃ လ ကြာတယ်လို့ကြားတယ်၊ အဲ့ဒီကဒ်ရဖို့ကို။”
ပြည်ပကိုထွက်မယ့် အလုပ်သမားတွေကို တရားမဝင်ပုဂ္ဂိုလ် အဖွဲ့အစည်းတွေက တရားမဝင် ပို့ဆောင်တာတွေ မဖြစ်စေဖို့အတွက် နိုင်ငံတွင်းက မထွက်ခွာမီ အပြည်ပြည်ဆိုင်ရာ လေဆိပ်တွေမှာ အလုပ်သမား ဝန်ကြီးဌာနက ထုတ်ပေးထားတဲ့ သက်တမ်းရှိတဲ့ ပြည်ပ အလုပ်အကိုင် အလုပ် သမားသက်သေခံ ကဒ်ပြား OWIC ပါမပါ စိစစ်ရမယ်၊ မပါရင် ထွက်ခွာခွင့်မပေးဖို့ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနကအောက်တိုဘာ ၁၅ ရက်နေ့က ထုတ်ပြန်တဲ့ ညွန်ကြားချက်မှာ ရေးသားထားပါတယ်။ အဲဒီညွန်ကြားချက်ကို မသိသူတော်တော်များများ ရှိနေကြတာဖြစ်ပါတယ်။
----------------
{{Unicode}}
=======