သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်


တကောင်းသုတေသနအဖွဲ့က ပြုစုထားတဲ့ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်အတွင်းမှ လုံခြုံရေးကဏ္ဍဆွေးနွေးချက်များ ဆိုတဲ့စာအုပ် ရှင်းလင်းပွဲ

လက်ရှိ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ နောက်ကွယ်ကကိစ္စတွေ၊ နိုင်ငံရေးသဘောထားကွဲပြားနေတာတွေကို မရှင်းနိုင်ဘူးဆိုရင် တခုတည်းသော တပ်မတော်ဆိုတဲ့ကိစ္စကို ဖြေရှင်းနိုင်လည်း နောက်ပြဿနာတခု ထပ်ထွက်လာမယ်လို့ နိုင်ငံ ရေးသုတေသနအဖွဲ့တဖွဲ့ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။ ငြိမ်းချမ်းရေးကိစ္စကို နိုင်ငံရေးပြဿနာတရပ်အဖြစ် တိတိကျကျ လက်ခံထားတာမျိုး မရှိသေးဘူးဆိုတဲ့ သုံးသပ်ချက်မျိုးလည်းရှိသလို လုံခြုံရေးပိုင်း ဆွေးနွေးချက်တွေက လူထုရဲ့လက်တွေ့ဘဝနဲ့ ကွာဟနေတယ်ဆိုတဲ့ အမြင်မျိုးလည်းရှိပါတယ်။ ဒီအကြောင်း ကိုကျော်ကျော်သိန်းက ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါ တယ်။

လက်ရှိ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အဓိက အတားအဆီးတခုအဖြစ် မြင်ကြပြီး ဒါကို မဖြေရှင်းနိုင်ရင် ငြိမ်းချမ်းရေးလုပ်ငန်း စဉ် ရှေ့ဆက်နိုင်မှာမဟုတ်ဘူးလို့ ပြောနေကြတဲ့ တခုတည်းသောတပ်မတော် ထားရှိရေးဆိုတဲ့ကိစ္စဟာ တကယ့်ရောဂါတခု မဟုတ်ဘဲ ရောဂါလက္ခဏာတခုသာဖြစ်တယ်လို့ တကောင်း နိုင်ငံရေးလေ့လာမှုအဖွဲ့က အမှုဆောင်ဒါရိုက်တာ ဦးရဲမျိုးဟိန်းက ဗွီအိုအေကိုပြောပါတယ်။

"တကယ့်ရောဂါက အနောက်မှာကျနော်တို့ နိုင်ငံရေးသဘောတူညီချက်တွေမရတာ နိုင်ငံရေး အထိုင်တွေမတူကြတာ ၊ ဆိုတော့ နိုင်ငံရေး မျှော်မြင်ချက်တွေကွဲကြတယ်လို့ ကျနော်မြင်တယ် ဆိုတော့ အဲဒီအပေါ်မှာ အခြေခံပြီးတော့ ဒီရောဂါလက္ခဏာပေါ်လာတာပေါ့။ တချို့ကတော့ ဒါလေးဖြေရှင်းလိုက်ရင်အောင်မြင်မယ်လို့ ထင်ကြတယ်။ ကျနော်တော့ နောက်ကွယ်က နိုင်ငံရေးကိစ္စတွေ၊ နိုင်ငံရေးသဘောတူညီချက်တွေ ကွဲပြားနေမှုတွေကို မရှင်းနိုင်ဘူးဆိုရင် ဒီဟာဖြေရှင်းလည်း နောက်ပြဿနာတခု ထပ်ထွက်လာမယ်လို့ ကျနော်တော့မြင်တယ်ပေါ့နော် အဲဒီတော့ ကျနော်ကတော့ ဒါကို ရောဂါလက္ခဏာလို့ပဲမြင်တယ် ၊ ရောဂါလို့ မမြင်ဘူး။"

တကောင်းသုတေသနအဖွဲ့က ပြုစုထားတဲ့ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်အတွင်းမှ လုံခြုံရေးကဏ္ဍဆွေးနွေးချက်များ ဆိုတဲ့စာအုပ်နဲ့ ပတ်သက်ပြီး သတင်းမီဒီယာတွေကို ကြာသပတေးနေ့က ရန်ကုန်မြို့မှာ တွေ့ဆုံရှင်းလင်းတဲ့ပွဲအတွင်း ဦးရဲမျိုးဟိန်းက အဲဒီလို ပြောတာပါ။

လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်မှာ လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးဟာ အတားအဆီးတခုလို ဖြစ်နေတယ်ဆိုတာကိုတော့ သူက အသိအမှတ်ပြု ပြောဆိုပါတယ်။

ဒါ့အပြင် လုံခြုံရေးပိုင်းဆွေးနွေးချက်တွေက ပြည်သူ့ဘဝ လုံခြုံရေးအနေအထားနဲ့ ကွာဟမှုရှိနေတာကိုတွေ့ရပြီး ဒါဟာ ပြည်သူ့ ထောက်ခံမှုရဖို့ အလားအလာမကောင်းတဲ့သဘောမျိုး ဦးရဲမျိုးဟိန်းက ထောက်ပြပါတယ်။

"အဲဒီတော့ ဆိုချင်တဲ့သဘောက ပြည်သူတွေက တကယ်မလုံမခြုံခံစားနေရတယ်ဆိုရင် အဲဒီဆွေးနွေးပွဲတွေမှာ ဆွေးနွေးနေချက်တွေ၊ ဆွေးနွေးနေတာတွေက ပြည်သူတွေရဲ့ လုံခြုံရေးကို တကယ်မထင်ဟပ်နိုင်ဘူးဆိုရင် ဒီလုံခြုံရေးဆွေးနွေးပွဲတွေကို ပြည်သူက ဘယ်လိုမှ ထောက်ခံမှာမဟုတ်ဘူး။ ဒီဆွေးနွေးပွဲတွေကို ပြည်သူတွေက ထောက်ခံမှုလျော့လာမှာပဲ။ ကျနော်ကတော့ အဲလို လေ့လာသုံးသပ် တွေ့ရှိမိပါတယ်။"

ရှင်းလင်းပွဲကို တက်ရောက်လာသူတွေထဲက တဦးဖြစ်တဲ့ မြန်မာ့နိုင်ငံရေးစောင့်ကြည့်လေ့လာသူ ဒေါက်တာရန်မျိုးသိန်းကတော့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးကိစ္စဟာ နိုင်ငံရေးပြဿနာဆိုတာကို တကယ်အရေးပါတဲ့ သက်ဆိုင်သူတွေက တိတိကျကျ လက်မခံ ဘူးလို့ နားလည်ထားတဲ့အကြောင်း ပြောပါတယ်။

"အဲဒီတော့ အဲဒီလို လက်မခံသေးတဲ့အတွက်ကြောင့်လည်း ဒီပြဿနာက ဒီလိုပဲ လုံးလည်ချာလည်လိုက်နေတယ်လို့ပဲ ကျနော်မြင်တယ်။ အဲဒီတော့ ဒီပြဿနာကို နိုင်ငံရေးပြဿနာလို့ လက်ခံရင် နိုင်ငံရေးအရ သဘောတူညီချက် ပြန်ပြီးတော့မှ ကျနော်တို့ ကျန်တဲ့ကိစ္စတွေ စဉ်းစားမယ်လို့ ကျနော်တို့ နားလည်တယ် ဆိုတော့ လက်ရှိအခြေအနေမှာ ကျနော်တို့နိုင်ငံရေးအရ သဘောတူညီချက်ကို တိတိကျကျ မရသေးဘူးလို့ ကျနော်တို့မြင်တယ်။"

ဒီအခြေအနေကို ကျော်လွန်နိုင်ဖို့ရာမှာ ပထမဆုံးလုပ်ဖို့လိုအပ်တာကတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အမြန်ဆုံးပြန်စနိုင်ဖို့ ဖြစ်တယ်လို့ ဦးရဲမျိုးဟိန်းက အကြံပြုသွားပါတယ်။

ဒါ့အပြင် ခေါင်းဆောင်တွေအနေနဲ့ ချမှတ်ထားတဲ့ မျှော်ရည်ချက်ကို ဦးထိပ်ထား ဆောင်ရွက်ဖို့၊ လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲ ရေး SSR ဆိုတာ ဘာကိုဆိုလိုတယ်၊ လက်နက်ဖြုတ်သိမ်း အဖွဲ့အစည်းဖျက်သိမ်း ပြန်လည်ပေါင်းစည်းဆိုတဲ့ DDR ဆိုတာ ဘာကို ဆိုလိုတယ် ဆိုတဲ့အဓိပ္ပါယ်တွေကို အတိအကျပြန်ဖွင့်ဆိုဖို့၊ ဆွေးနွေးမယ့်ခေါင်းစဉ်ခွဲတွေကို သတ်မှတ်ဖို့၊ လုံခြုံရေးကဏ္ဍ ပူးတွဲ လေ့လာရေးအစီအစဉ်တွေ ဖော်ဆောင်ဖို့ စတဲ့အချက်တွေကိုလည်း တကောင်း နိုင်ငံရေးလေ့လာမှုအဖွဲ့က အကြံပြုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG