သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၁ ပင်လုံညီလာခံ တတိယစည်းဝေးပွဲအပေါ် ပြည်ပတိုင်းရင်းသားတွေအမြင်


ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ စတင်တဲ့ တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံ နဲ့ ပတ်သက်ပြီး ပြည်ပရောက် တိုင်းရင်းသားတွေ ရဲ့ အမြင်တွေကို ဒေါ်ခင်မျိုးသက်က စုစည်း တင်ပြပေးမှာပါ။

ဒီကနေ့ ဇူလိုင်လ ၁၁ ရက်နေ့မှာ စတင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစု ပင်လုံ တတိယ အစည်းအဝေးကို ဇူလိုင်လ ၁၆ ရက်နေ့အထိ နေပြည်တော်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဒီတခါ အစည်းအဝေးရဲ့ ထူးခြားချက်က NCA အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေရော လက်မှတ်ထိုးမထားတဲ့ အဖွဲ့တွေကိုပါ တက်ရောက်ဖို့ ဖိတ်ကြားထားတာ ဖြစ်ပြီး အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီနဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေ အပါအဝင် နယ်ပယ်စုံက ကိုယ်စားလှယ်တွေ တက်ရောက်ကြမှာ ဖြစ်ပါတယ်။

ဒီလို လက်နက်ကိုင်အဖွဲ့တွေ စုံစုံညီညီ တက်ရောက်မယ့် ဆွေးနွေးပွဲမှာ တက်ရောက်လာ သူတွေ ကိုယ်တိုင် ပါဝင်ဆွေးနွေးခွင့် ရရေးဟာ အရေးပါတယ်လို့ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်က ရှမ်းစာပေနဲ့ ယဉ်ကျေးမှု ဥက္ကဌ ဒေါက်တာစိုင်းထွေးမောင်က ခုလို ပြောပါတယ်။

"ဒီ ၂၁ ရာစု ငြိမ်းချမ်းရေးပင်လုံညီလာခံပေါ့ အဲဒါမလုပ်နိုင်တာ ၁ နှစ်ရှိသွားပြီ အခုပြန်ပြီးတော့မှ ဖြစ်မြောက်အောင်လုပ်တယ်ဆိုတာက ညီလာခံဖြစ်မြောက်ရေးအနေနဲ့ ကြည့်ရင်တော့ အောင်မြင်တယ်လို့ ကျနော်တို့ ပြောရလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုလုပ်တဲ့ ညီလာခံမှာ ဆွေးနွေးပွဲမှာ မြောက်ပိုင်း အဖွဲ့လည်း အားလုံးပါဝင်တက်ရောက်လာတာတွေ့တယ်။ ဒါပေမယ့် အရေးကြီးတာက ဒီမြောက်ပိုင်း လက်နက်ကိုင် ၇ ဖွဲ့ တက်ရောက်လာတာ သူတို့ ဘယ်လောက်အတိုင်းအတာ အထိ ပါဝင်နိုင်သလဲ ၊ တကယ်ဆွေးနွေးပိုင်ခွင့်တွေပေးမလား၊ ဒါမှမဟုတ်ရင် သူတို့ကိုပဲ ဖိတ်ကြားပြီးတော့ လေ့လာသူအဖြစ် ထိုင်နားထောင်ပြီး အိမ်ပြန်ခိုင်းမလား။ အဲဒါက အဓိကကျတယ်။ ဒီမြောက်ပိုင်း၇ ဖွဲ့ကိုဖိတ်ခေါ်ပြီးတော့ ပါဝင်ခိုင်းတယ်။ သူတို့ကိုလည်း ပါဝင်ဆွေးနွေးခွင့်ပေးတယ်ဆိုရင် ဒါကျနော်တို့ နောင်လာမယ့် ငြိမ်းချမ်းရေးအတွက်တော့ အလားအလာရှိတယ်လို့ ကျနော်မြင်တယ်။"

တနင်္လာနေ့မှာပဲ လွိင်လင်ခရိုင် မိုင်းကိုင်မြို့နယ်တွင်း NCA အပစ်ရပ်လက်မှတ်ထိုးထားတဲ့ တောင်ပိုင်းရှမ်းတပ်မတော် RCSS/SSA နဲ့ မြန်မာတပ်မတော်တို့ကြား တိုက်ပွဲတွေဖြစ်ပွါးခဲ့တာမို့ ဒီလိုမျိုးမဖြစ်သင့်ဘူးလို့လည်း ပြောပါတယ်။

"အခုကျနော်တို့ ရှမ်းပြည်မှာဆိုရင် တိုက်ပွဲတွေဖြစ်နေတာ ရာချီထောင်ချီရှိခဲ့ပြီး ၊ နှစ်ပေါင်းလည်း ၅၀ ကျော်ရှိခဲ့ပြီ။ ပညာရေး၊ စီးပွားရေး ၊ လူမှုရေး၊ အစစအရာရာ အားလုံး ဆုံးရှုံးနှစ်နာခံရတယ်။ ဆိုတော့ ကျနော်တို့က အထူးသဖြင့်သိပ်ပြီးတော့ ငြိမ်းချမ်းရေးလိုချင်တယ်။ ငြိမ်းချမ်းရေးရဖို့ အဓိကတော့ မြန်မာ့တပ်မတော်က ျနော်တို့ ရှမ်းပြည်နယ်ထဲဝင်ပြီးတော့ မတိုက်ဖို့အရေးကြီးတယ်။ ဒါပေမယ့် ခက်တာကလည်း NCA ထိုးပြီးတော့ ပြန်တိုက်နေတာအများကြီးရှိတယ် ။ ဒီ ၁ ရက် ၂ ရက်အတွင်းမှာတောင်မှ တိုက်နေတယ်ဆိုတော့ ငြိမ်းချမ်းရေးရဖို့ဆွေးနွေးမယ်။ ၂၁ ပင်လုံမှာလာဆွေးနွေးဖို့ဖိတ်ခေါ်တယ်။ ပြီးတော့မှလည်း တိုက်နေသေးတယ်၊ ဒါက တော်တော်ကို စဉ်းစားရခက်တဲ့ ပုံစံမျိုးဖြစ်တယ်။"

အခုလို တိုက်ပွဲတွေ ဖြစ်နေတဲ့ ကြားကပဲ ငြိမ်းချမ်းရေး ညီလာခံ ခေါ်ယူတာကြောင့် ညီလာခံအတွက် မျှော်လင့်ချက် သိပ်မထားနိုင်သူက ကချင်မဟာမိတ်အဖွဲ့ ဥက္ကဌ ကို Gum San ပါ။

"ပထမအကြိမ်စတဲ့အချိန်မှာ မျှော်လင့်ချက် ကြီးကြီးမားမားနဲ့ ကျနော်တို့ ကြည့်ခဲ့တာပေါ့နော်။ အခုက မျှော်လင့်ချက် သိပ်မရှိတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ တိုင်းရင်းသားအဖွဲ့အစည်းတွေက အစည်းအဝေးတိုင်းလောက်တက်ခဲ့တယ်။ တိုက်ပွဲဆိုတာ အရှိန်လောျ့တာတို့ ဒီလိုမလျော့ကျလာခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ တပ်မတော်ထိုးစစ်တွေက အချိန်ပြည့်ရှိခဲ့တာကို"

ဒါ့ကြောင့် တပ်မတော်က ထိုးစစ်တွေ ရပ်ပစ်မယ်လို့ ကြေညာသင့်တယ်လို့ လည်း ပြောပါတယ်။

"တနိုင်ငံလုံး လွှမ်းခြုံနိုင်တဲ့ အပစ်အခတ်ရပ်စဲမှု Cease Fire ဆိုတာက ထိုးစစ်တွေရပ်တန့်ဖို့ ကြေညာရင်တော့ တကယ့်ကိုထူးခြားမှု ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ကျနော်တို့ အစည်းအဝေးပွဲ လုပ်နေပြီးတော့ တနိုင်ငံလုံး လွှမ်းခြုံနိုင်တဲ့ အပစ်အခတ်ရပ်စဲတာတွေမရပ်ဘူးဆိုတာကတော့ ဘာမှထူးခြားမှုရှိမှာမဟုတ်ပါဘူး။ ဒီလိုကျနော်တို့တွေ တယောက်နဲ့ တယောက်တွေ့တာကတော့ ကောင်းပါတယ်။ ဒါပေမယ့် တရားမျှတမှုကတော့ အရေးကြီးဆုံးပါပဲလို့ ကျနော်တို့က ကွဲပြားတဲ့ လူတွေအကုန်စုထားတဲ့ ပြည်ထောင်စုဆိုတော့ ဒီတဖက်နဲ့ တဖက် ယုံကြည်မှု တည်ဆောက်တဲ့အချိန်မှာ အဓိက တရားမျှတမှုက အဓိက အကျဆုံးဖြစ်ပါလိမ့်မယ်လို့ ကျနေ်ာတို့ ယုံကြည်ပါတယ်။"

NCA စာချုပ်အရ ငြိမ်းချမ်းရေးညီလာခံကို တနှစ် ၂ ကြိမ်ကျင်းပဖို့ သဘောတူထားပေမယ့် ပြည်ထောင်စုက ခွဲမထွက်ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် အရေးလို နိုင်ငံရေးကဏ္ဍတွေနဲ့ တပ်တွေ ပြန်လည် ပေါင်းစည်းရေးလို လုံခြုံရေးကဏ္ဍ တွေမှာ ညှိနှိုင်းမရတာတွေကြောင်း ညီလာခံကို တနှစ်ကျော် ရပ်ဆိုင်းခဲ့ရတာပါ။

တတိယအကြိမ် ၂၁ ရာစု ပင်လုံ အစည်းအဝေးပြီးရင် ဒီ ၂၀၁၈ ခုနှစ်ထဲမှာ နောက်ထပ် ညီလာခံ တကြိမ် နဲ့ လာမယ့် ၂၀၁၉ မှာ ၂ ကြိမ်ကျင်းပပြီး ဒီ ၃ ကြိမ်အတွင်း အရေးပါတဲ့ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေး ဆိုင်ရာ အခြေခံမူတွေ ချမှတ်ဖို့ ဆွေးနွေးမှာ ဖြစ်ကြောင်း မကြာသေးခင်က ကျင်းပတဲ့ UPDJC ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူူးတွဲကော်မတီအစည်းအဝေး က သဘောတူထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG