သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုင် ၁၅၀၀ ငြိမ်းချမ်းရေး ဆိုင်ကယ်ခရီးစဉ်


မိုင် ၁၅၀၀ ငြိမ်းချမ်းရေး ဆိုင်ကယ်ခရီးစဉ် (Peace Bike Tour)
မိုင် ၁၅၀၀ ငြိမ်းချမ်းရေး ဆိုင်ကယ်ခရီးစဉ် (Peace Bike Tour)

ပြည်တွင်းငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ အများပြည်သူ စိတ်ဝင်စားမှုရလာဖို့ လှုပ်ရှားမှုတရပ်အနေနဲ့ ငြိမ်းချမ်းရေးလှုပ်ရှားသူတွေဦးဆောင်တဲ့ ငြိမ်းချမ်းရေးဆိုင်ကယ်အဖွဲ့ဟာ မြန်မာပြည်အနှံ့ ငြိမ်းချမ်းရေးခရီးအဖြစ် အစုလိုက် လှည့်လည်ခဲ့ကြပါတယ်။ ရန်ကုန်ကနေ လွိုင်ကော် တောင်ကြီးအထိ မိုင် ၁၅၀၀ ခရီးမှာ ငြိမ်းချမ်းရေးတက်ကြွလှုပ်ရှားသူ ၆၀ ကျော်ပါဝင်ပြီး ဆိုင်ကယ်အစီးပေါင်း ၂၆ စင်းနဲ့ လှည့်လည်ခဲ့တာပါ။ တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်ခတ်ရပ်စဲဖို့ အပါအဝင် ငြိမ်းချမ်းရေးအတွက် အစိုးရ၊ တပ်မတော်နဲ့ သက်ဆိုင်ရာ လက်နက်ကိုင်တပ်ဖွဲ့တွေ မျက်နှာခြင်းဆိုင် တွေ့ဆုံဆွေးနွေး အဖြေရှာကြရေး နဲ့ တိုက်ပွဲဖြစ်ပွားရာ တိုင်းရင်းဒေသတွေက စစ်ပြေးစစ်ရှောင်ဒုက္ခသည်တွေရဲ့ အရေး ကမ္ဘာနဲ့ မြန်မာပြည်သူတွေ ပိုသိရှိလာစေဖို့ ရည်ရွယ်တယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

ငြိမ်းချမ်းရေးအတွက် မိုင်၁၅၀၀ ဆိုင်ကယ်ခရီး စတင်ဖြစ်ခဲ့ပုံကို ဆိုင်ကယ်ခရီးကို ဦးဆောင်ခဲ့တဲ့ ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ ကိုသက်ဆွေဝင်းကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန် ဆက်သွယ်မေးမြန်းတဲ့အခါ သူက အခုလိုစရှင်းပြပါတယ်။

ကိုသက်ဆွေဝင်း။ ။ ကျနော်တို့တွေ စဉ်းစားတာပေါ့နော် ငါတို့ ၄ လ အပစ်ရပ်တယ်လို့သာပြောတာ တိုက်ပွဲတွေလည်း ဆက်ဖြစ်တာတွေရှိတယ်။ နောက်ပြီးတော့ တိုင်းရင်းသားအချင်းချင်း တိုက်နေတာလည်းရှိတယ်။ ရခိုင်မှာဆိုရင်လည်း စစ်ရေးအခြေအနေက ပိုပြီးတော့ ဆိုးလာတယ်ပေါ့နော်။ ဆိုတော့ ငါတို့တွေ ဘာများလုပ်လို့ရမလဲဆိုတာ ကျနော်တို့ စဉ်းစားကြတယ်။ ဆိုလို့ရှိရင်တော့ တိုင်းရင်းသားဒေသတွေဘက်ကို ပတ်ပြီးတော့ ငြိမ်းချမ်းရေး ဆိုင်ကယ်ခရီးဆိုတာမျိုး လုပ်ကြရင်ကောင်းမယ်ဆိုတဲ့ဟာနဲ့ စပြီးတော့ ကျနော်တို့ လုပ်ဖြစ်ကြတယ်။ အဓိက ရည်ရွကချက် ၃ ချက်ပေါ့ ။ တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်ခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေး အဖြေရှာကြရေး နဲ့ နောက်တခုက ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပြည်သူတွေရဲ့ ပါဝင်မှု မြှင့်တင်ရေးဆိုတဲ့အချက်တွေနဲ့ ကျနော်တို့ ဆိုင်ကယ်စီးကြမယ်ဆိုပြီး လုပ်တာကနေပြီးတော့ မိုင်၁၅၀၀ ငြိမ်းချမ်းရေး ဆိုင်ကယ်စီးခရီးစဉ် ဖြစ်ခဲ့တာဖြစ်ပါတယ်။

မဆုမွန်။ ။ အဲဒီတော့ ဒီခရီးစဉ်မှာ အစဦးဆုံးပေါ့နော် ဘယ်မြို့ကနေ စထွက်ဖြစ်သလဲ နောက်ပြီး ပါဝင်ပူးပေါင်းတဲ့ ဆိုင်ကယ်စီးယာဉ်နဲ့ သွားတဲ့ လမ်းတလျောက်မှာ ဘာတွေများ ဆောင်ရွက်ဖြစ်ပါသလဲ အဲဒါလေးနည်းနည်းပြောပြပေးပါရှင့်။

ကိုသက်ဆွေဝင်း။ ။ ကျနော်တို့ ၂၇ ရက်နေ့ အစာကြီးကို ရန်ကုန်-မန္တလေး အမြန်လမ်းဆုံက ဇီးရိုးမိုင်မှာ ဆုံကြတယ်။ ၂၇ ရက်နေ့က တော်လှန်ရေးနေ့လည်း ကျတယ်ပေါ့နော် အဲဒီနေ့မှာ ကျနော်တို့စပြီးတော့ ထွက်တယ်။ ရန်ကုန်ကနေပြီးတော့ တောင်ငူ၊ တောင်ငူကနေ လွိုင်ကော် ၊ လွိုင်ကော်ကနေ တောင်ကြီး-မိုင်းရှူး- လားရှိုး- ပြင်ဦးလွင်- မန္တလေး- ကျောက်ပန်းတောင်း-ပုဂံ- မကွေး- ပြည်- ရန်ကုန်ဆိုပြီးတော့ သွားတယ်ပေါ့နော်။ လမ်းမှာ မြို့ပေါင်း ၅၀ ကျော် ဖြတ်ခဲ့ပါတယ်။ ပြည်နယ်နဲ့တိုင်း ၇ ခုလောက်ကို ဖြတ်ခဲ့ပါတယ်။ ဆိုင်ကယ်အစီးရေကတော့ ၂၅ စီးပါပါတယ်။ လူ အယောက် ၆၂ ယောက်ပါပါတယ် စုစုပေါင်း။ ကျနော်တို့သွားတဲ့မြို့တွေမှာတော့ အာဏာပိုင်တွေဘက်က ကျနော်တို့ကို ပိတ်တာတွေ ဖိအားပေးတာတွေ မရှိဘူး။ တချို့မြို့တွေမှာဆိုရင် ရဲဆိုင်ကယ်တွေ ယာဉ်ထိန်းရဲတွေကနေပြီးတော့ လမ်းကူရှင်းပေးတာရှိပါတယ်။ အထူးသဖြင့် တိုင်းရင်းသားဒေသတွေ ရောက်တဲ့အခါမှာ ဒေသခံတွေက ကျနော်တို့ကို လိုက်လိုက်လဲလဲကြိုဆိုတယ်။ ပန်းတွေပေးကြတယ် အလံထောင်ကြိုကြတယ်ဆိုတာမျိုးရှိပါတယ်။ လမ်းတောက်လျောက်မှာတော့ ကျနော်တို့ တိုင်းရင်းသားခေါင်းဆောင်တော်တော်များများနဲ့ တွေ့ဖြစ်တယ်။ ပြီးတော့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ မြို့တိုင်းလိုလိုမှာ တွေ့ဖြစ်တယ်။ ပြီးတော့ တခြားမြို့တွေ ဝင်တဲ့အခါ မြို့တိုင်းလိုလိုမှာရှိတဲ့ ဆိုင်ကယ်စီးအဖွဲ့တွေကလည်း မြို့အဝင်မှာ လာကြိုပြီးတော့ ထွက်တဲ့အထိ ပြန်လိုက်ပို့တာတွေ လုပ်ပါတယ်။ နောက်ပြီးတော့ စစ်ဖြစ်တဲ့ ဒေသတွေကိုလည်း ကျနော်တို့ဖြတ်ပြီးသွားခဲ့ကြသေးတယ်။ လားရှိုးကနေပြီးတော့ တောင်ကြီးကိုသွားတဲ့ကြားမှာဆိုရင် တဖက်မှာ တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းချနေကြတယ်။ တဖက်မှာက မြန်မာစစ်တပ်ကနေပြီးတော့ အသင့်အနေအထားနဲ့ စောင့်နေတဲ့အနေအထားမျိုးရှိတယ် အဲဒီနေရာကိုလည်း မိုင် ၅၀ -၆၀ လောက် ရှိတဲ့ လမ်းကိုလည်း ကျနော်တို့ ဖြတ်ပြီးတော့ သွားခဲ့ကြသေးတယ်ပေါ့နော် စစ်ပွဲဖြစ်နေတဲ့နေရာကို ဖြတ်ပြီးတော့ ငြိမ်းချမ်းရေးအလံလွှင့်ပြီးသွားခဲ့ပါတယ်။

မဆုမွန်။ ။ စစ်ဖြစ်တဲ့နေရာတွေအထိပါ ဆိုင်ကယ်စီးသွားခဲ့တယ်ဆိုတော့ ငြိမ်းချမ်းရေးခရီးစဉ်နဲ့ ပတ်သက်ပြီးတော့ လမ်းတလျောက်မှာရှိတဲ့ ပြည်သူလူထုဘက်ကရော ဒီငြိမ်းချမ်းရေးအတွက် ဆိုင်ကယ်စီးတယ်ဆိုတဲ့ အဓိပ္ပါယ်နဲ့ လုပ်ရတဲ့ ရည်ရွယ်ချက်ကိုရော သူတို့နားလည်လား ။ အဲဒီကနေတဆင့် ဘယ်လို သတင်းစကားပေးချင်တာ ရှိပါသလဲရှင့်

ကိုသက်ဆွေဝင်း။ ။ သူတို့တွေ သိကြပါတယ်။ ကျနော်တို့က လမ်းမှာ ဖြတ်သွားတာမျိုးမဟုတ်ပဲနဲ့ ဝင်တဲ့နေရာတွေရှိတယ် ၊ ဥပမာ ပင်လုံနေရာမှာဆိုရင် ပင်လုံကျောက်တိုင်ကိုပတ်ပြီးတော့ ငြိမ်းချမ်းရေးသီချင်းတွေဆိုတာမျိုးရှိတယ်။ ပြီးတော့ ကျောက်မဲမှာဆိုရင်လည်း စစ်ဘေးရှောင်စခန်းက ကလေးတွေ ပညာရေးအတွက်ကို ကျနော်တို့ အလှူငွေတွေပေးတာမျိုးလည်းရှိတယ်။ လမ်းမှာ ဝင်ပြီးတော့ ကလေးတွေကို ရွာတွေမှာ မုန့်တွေကျွေးတာရှိတယ်။ ဒီငြိမ်းချမ်းရေး ဆိုင်ကယ်စီးတဲ့အကြောင်းကို အကုန်လုံးသိကြတယ်။ ငြိမ်းချမ်းရေး ဆိုင်ကယ်စီးတာနဲ့ ပတ်သက်ပြီးတေ့ာ ပြောကြတာတွေလည်း ကျနော်တို့ အများကြီးကြုံခဲ့ပါတယ်။ လူတွေကတော့ ကျနော်တို့ ဆိုင်ကယ်စီးလမ်းကြောင်းမှာတော့ သိနေကြပါတယ်။

မဆုမွန်။ ။ ဒီခရီးစဉ်ကနေပြီးတော့ အခုလက်ရှိလည်း မြန်မာပြည်မှာပေါ့နော် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်မှာဆိုရင်လည်း ပလက်ဝဘက်ပေါ့နော် ၊ အခုရခိုင်မှာဆိုရင်လည်း တော်တော်လေး အခြေအနေစိုးဝါးနေတယ်။ တိုင်းပြည်ထဲမှာ မတည်မငြိမ် စစ်ပဋိပက္ခတွေ ဖြစ်နေတဲ့ အနေအထားပေါ်မှာ ဆိုင်ကယ်စီးသွားကြတဲ့ ခရီးသွားတွေအနေနဲ့ သက်ဆိုင်တဲ့ ပြည်ထောင်စု အစိုးရ၊ ပြည်နယ်အစိုးရနဲ့ သက်ဆိုင်တဲ့ လွှတ်တော်အပါအဝင်ပေါ့နော် ၊ တိုင်းရင်းသား လက်နက်ကိုင်တွေ ကိုရော ဘာများ သတင်းစကားပါးချင်တာရှိပါသလဲရှင့်။

ကိုသက်ဆွေဝင်း။ ။ ကျနော်တို့ ဖြတ်သွားတဲ့ မြို့ပေါင်း ၅၀ ကျော်ပေါ့နော် ပြည်သူတွေအများကြီးနဲ့ ကျနော်တို့ တွေ့ခဲ့တယ်၊ ကြားခဲ့ရတဲ့ တူညီတဲ့အသံကတော့ ပြည်သူတွေက ငြိမ်းငြိမ်းချမ်းချမ်းဖြစ်ချင်တယ်၊ ငြိမ်းချမ်းရေးကို လိုလားတယ်ဆိုတာက တောင်ပေါ်မြေပြန့်အားလုံးအတူတူပါပဲ ။ အားလုံးက ငြိမ်းချမ်းရေးကို လိုလားတယ်ဆိုတဲ့အသံတွေ ကျနော်တို့ကနေ တဆင့် ကျယ်ကျယ်လောင်လောင်ပြန်ပြီးတော့ ဆိုင်ကယ်အိတ်ဇောအသံတွေလို ကြားအောင်လုပ်လိုက်တဲ့ သဘောပါပဲ။ ဒီနိုင်ငံရေးခေါင်းဆောင်တွေရော စစ်ရေးခေါင်းဆောင်တွေရော ၊ တိုင်းရင်းသားခေါင်းဆောင်တွေ၊လက်နက်ကိုင် ခေါင်းဆောင်တွေ အားလုံးကို ပြောချင်တာကတော့ ပြည်သူတွေရဲ့ လိုအပ်ချက်ကို ကြည့်ပါ။ ပြည်သူတွေရဲ့ လိုလားချက်ကို ကြည့်ပါ။ ပြည်သူတွေကို မျက်နှာမူပါလို့ ပြောခဲ့ပါတယ်။ အဲဒီအခါကျမှသာလျင် ပြည်သူတွေလိုချင်တာ ဖြစ်မှာပါ။ ကိုယ်အကျိုးစီးပွားအတွက်၊ ကိုယ်ဘက်ကိုပဲ မကြည့်ပဲနဲ့ ဘယ်ဘက်ကပဲ တိုက်တိုက် ပြည်သူတွေခံရတာပါပဲ ဆိုတော့ ပြည်သူတွေကို မျက်နှာမူလိုက်ရင်တော့ အကောင်းဆုံးပါပဲ။ ကျနော်တို့လည်း နောင်နှစ်တွေမှာ ပဋိပက္ခတွေဖြစ်နေတဲ့ ကချင် ၊ ရခိုင်ဘက်ကို ဆိုင်ကယ်စီးသွားဖို့ တိုင်ပင်ထားတာမျိုးတွေရှိပါတယ်။ ကျနော်တို့ သွားကြမှာပါ ဆက်ပြီးတော့။

ဆိုင်ကယ်ခရီးကို ဦးဆောင်ခဲ့တဲ့ ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ ကိုသက်ဆွေဝင်းကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန် ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG