သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တနိုင်ငံလုံးအပစ်ရပ်ရေး သဘောတူနိုင်ဖို့ အကြို ညှိနှိုင်း


ဖားအံဆွေးနွေးပွဲမတိုင်မီ မြန်မာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ရဲ့ ကြိုတင်ညှိနှိုင်းအစည်းအဝေး၊ (ဓာတ်ပုံ- ဦးလှမောင်ရွှေ ရဲ့ facebook) ၀၃၊ ၀၉-၂၀၁၄
ဖားအံဆွေးနွေးပွဲမတိုင်မီ မြန်မာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ရဲ့ ကြိုတင်ညှိနှိုင်းအစည်းအဝေး၊ (ဓာတ်ပုံ- ဦးလှမောင်ရွှေ ရဲ့ facebook) ၀၃၊ ၀၉-၂၀၁၄
မြန်မာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲနိုင်ရေးမှာ ကြန့်ကြာနေရတဲ့ အချက်တွေကို ဒီကနေ့ ရန်ကုန်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

အစိုးရပြည်ထောင်စုဝန်ကြီးတွေ၊ ဒုတိယ ရှေ့နေချုပ်၊ စစ်ဘက်ဆိုင်ရာ အရာရှိတွေနဲ့ လွှတ်တော် တာဝန်ရှိသူတွေပါ တက်ရောက်ခဲ့ကြတဲ့ ဒီဆွေးနွေးပွဲဟာ နေပြည်တော်မှာကျင်းပမယ့် တနိုင်ငံလုံး အပစ်အခတ်ရေးဆိုင်ရာ လက်မှတ်ရေးထိုးပွဲအဆင့်ကို ရောက်ဖို့အတွက် ပြင်ဆင်တဲ့ အကြို ညှိနှိုင်းဆွေးနွေးပွဲဖြစ်တာကြောင့် အရေးပါတယ်လို့ ပြောပါတယ်။ အပြည့်အစုံကိုတော့ မနန္ဒာချမ်း က တင်ပြပေးထားပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းဦးဆောင်တဲ့ UPWC နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT တို့ဟာ ရန်ကုန်မှာရှိတဲ့ MPC မြန်မာငြိမ်းချမ်းရေး စင်တာရုံးမှာ မတ်လ ၉ ရက် တနင်္ဂနွေနေ့မှာ တွေ့ဆုံခဲ့ကြပြီး နှစ်ဘက် ရေးဆွဲထားတဲ့ မူကြမ်းတွေနဲ့ ပတ်သက်ပြီး ဆက်လက် ဆွေးနွေးခဲ့ကြတာပါ။ အထူးသဖြင့် တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေးမှာ ကြန့်ကြာနေရတဲ့ မူကြမ်းတွေထဲက တချို့ကိစ္စတွေကို အမြန်ဆုံး ညှိနှိုင်းပြီးစီးနိုင်အောင်လို့ အဖွဲ့တခု ဖွဲ့စည်းဖို့ သဘောတူ ဆုံးဖြတ်ခဲ့ကြတာဖြစ်တယ်လို့ MPC တာဝန်ရှိသူတဦးဖြစ်တဲ့ ဦးလှမောင်ရွှေက ပြောပါတယ်။

“တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲမှု သဘောတူစာချုပ် Nationwide Ceasefire Accord ကိုရောက်ဖို့၊ အဲဒီအတွက်ကို စာချုပ်အတွက် မူကြမ်းတွေကို နှစ်ဘက်လုံးက လုပ်ထားတာရှိတယ်။ အဲဒီတော့ သူ့မူ၊ ကိုယ့်မူ ကျနော်တို့ကိုင်ပြီးတော့ ဆွေးနွေးနေရတဲ့အနေအထားကတော့ နည်းနည်းတော့ ပိုပြီးတော့ ကြာသွားတာမျိုး နှစ်ဘက်ကလည်း သတိပြုမိတယ်။ ဒါကြောင့်မို့လို့ နှစ်ဘက်ကနေ ကိုးဦးစီပါတဲ့ အလုပ်အဖွဲ့လေးတဖွဲ့ ဖွဲ့ပြီးတော့ ဒီဟာကို --- ဖြစ်အောင်လို့ လုပ်ဖို့ဆိုပြီးတော့သဘောတူခဲ့ကြတယ်ဗျ။ ဒါကတော့ ဒီနေ့ ဆွေးနွေးပွဲရဲ့ သဘောတူညီချက်ပါပဲ။ မနက်ဖြန်ကိုတော့ ကျနော်တို့ ဆက်ဆွေးနွေးပါမယ်။”

ဒီကနေ့ဆွေးနွေးပွဲမှာ ထူးခြားချက်က ဒုတိယရှေ့နေချုပ်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက အဆင့်မြင့်အရာရှိကြီးတွေနဲ့ လွှတ်တော်တွေက လွှတ်တော်အမတ်တွေပါ ပါဝင်လာခဲ့တာပါ။ တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ်အတွက် ပြင်ဆင်နေချိန်မှာ အခုလို ပါသင့်ပါထိုက်တဲ့ အဖွဲ့တွေက ကိုယ်စားလှယ်တွေ ပါဝင်တက်ရောက်တဲ့အပေါ် NCCT အနေနဲ့ တိုးတက်တဲ့လက္ခဏာတစ်ခုအဖြစ် ကြိုဆိုခဲ့ပါတယ်။ ဒါ့အပြင် အခု တွေ့ဆုံမှု ဟာ ဖားအံမှာကျင်းပမယ့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ဒုတိယအကြိမ်ညီလာခံနဲ့ ဒီညီလာခံအပြီး နေပြည်တော်မှာ လက်မှတ်ရေးထိုးမယ့် ပွဲတွေအတွက် အရေးကြီးတဲ့ခြေလှမ်းဖြစ်တယ်လို့ နှစ်ဘက်လုံးက ပြောကြပါတယ်။

တကယ်တော့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အစိုးရကြား ပြီးခဲ့တဲ့နှစ်က ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ကျင်းပခဲ့တဲ့ ပထမအကြိမ် ညီလာခံနောက်ပိုင်း ကရင်ပြည်နယ်မှာ ဒုတိယအကြိမ် ညီလာခံ ကျင်းပနိုင်ဖို့ကို အကြိမ်ကြိမ်ရွှေ့ဆိုင်းနေရတဲ့အပေါ် တော်တော်များများက မေးခွန်းထုတ် ဝေဖန်မှုတွေလည်း ထွက်ပေါ်နေခဲ့တာပါ။ ဒါနဲ့ပတ်သက်လို့ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးလှမောင်ရွှေက အခုလို ကြန့်ကြာမှုဖြစ်နေရတာဟာ နိုင်ငံရေးဆွေးနွေးပွဲတွေကြားမှာ ဆွေးနွေးသင့်တဲ့ တချို့ကိစ္စတွေကို အပစ်အခတ်ရပ်စဲဖို့အတွက် ရေးဆွဲထားတဲ့ မူကြမ်းတွေထဲမှာ ထည့်သွင်းထားတာကြောင့် ဒါတွေကို ညှိနှိုင်းနေရတာဖြစ်တယ်လို့ အခုလို ရှင်းပြပါတယ်။

“ဥပမာ- နိုင်ငံတော်သမ္မတက ကတိပေးထားတာက နိုင်ငံတော်က ခွဲထွက်ခြင်းနဲ့ အချုပ်အခြာအာဏာကို ထိပါးမယ့်ကိစ္စကလွဲရင် ကျန်တဲ့အချက်တွေကို Political Dialogue ကျရင် ဆွေးနွေးကြပါလို့ လမ်းဖွင့်ပေးတာဖြစ်တဲ့အတွက် တချို့အချက်တွေကို ဒီစာချုပ်ထဲမှာ ထည့်နေမယ်ဆိုရင် ငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုလုပ်ငန်းကော်မတီနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ချည့်ပဲ သဘောတူတဲ့သဘောမျိုး ဆောင်သွားနိုင်တယ်လေ၊ ဥပမာ- လုံခြုံရေးနဲ့ဆိုင်တဲ့ ဖက်ဒရယ် army ကိစ္စလို ဟာမျိုးတွေ၊ တချို့အချက်တွေကိုတော့ ကျနော်တို့ ဒီမှာ လက်မှတ်ထိုးဖို့ခက်မယ်ဆိုတာပါပဲ။ ဒါမျိုးတွေကိုတော့ ဆက်သွယ်ညှိနှိုင်းရမယ်။ ဒါတွေကိုတော့ Political Dialogue ကျမှ ထည့်ပါဆိုတာမျိုးလည်း လက်ခံဖို့လည်း ညှိရမယ့်သဘောရှိတာပေါ့။”

ဒါပေမယ့်လည်း တိုင်းရင်းသားလက်နက်ကိုင်တွေဘက်ကတော့ အပစ်အခတ်ရပ်စဲရေး တစ်ဖွဲ့ချင်းအလိုက် လက်မှတ်ရေးထိုးပြီးတဲ့နောက်ပိုင်း တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပေါ်နေတဲ့တိုက်ပွဲတွေ၊ စစ်တပ်ရဲ့အင်အားတိုးချဲ့မှုတွေနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေ ရှိနေတယ်လို့ NCCT အဖွဲ့ဝင်တစ်ဦးလည်းဖြစ်၊ KNU ကရင်အမျိုးသားအစည်းအရုံးရဲ့ ဗဟိုကော်မတီဝင်တစ်ဦးလည်းဖြစ်တဲ့ ဖဒို စောတာတိုမူးက ပြောပါတယ်။

“ကျနော်တို့မှာက ရှင်းရှင်းပြောရရင် concern တွေရှိတာက ပြီးခဲ့တဲ့အတွေ့အကြုံအရ တချို့အဖွဲ့အစည်းတွေက လက်မှတ်တွေ ရေးထိုးကြပြီးတော့ နိုင်ငံရေးအရ မတက်လှမ်းနိုင်တဲ့အခြေအနေပေါ် မူတည်ပြီးတော့ နိုင်ငံရေးအရ တက်လှမ်းနိုင်လောက်တဲ့ ခံဝန်ချက်တွေ၊ ကတိတွေကို ဒီအပစ်အခတ်ရပ်စဲရေး စာချုပ်ထဲမှာ ထည့်ထားကြတာပေါ့နော်။

"အပစ်အခတ်ရပ်စဲရေးနဲ့ တိုက်ရိုက်ပတ်သက်တာရှိသလို တခါတလေကျတော့လည်း တဘက်က နိုင်ငံရေးဆွေးနွေးပွဲကို သွားနိုင်လောက်တဲ့ အာမခံချက်တွေပါအောင် ထည့်ထားရတာလည်း ရှိတော့ ဆွေးနွေးရတဲ့အပိုင်းတွေကတော့ နည်းနည်းလေး ကြာသွားတာပေါ့။ တဘက်ကလည်း ကျနော်တို့ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ခိုင်မာအောင် အထောက်အကူပေးတဲ့ဟာ ဖြစ်သလို တဘက်မှာ နိုင်ငံရေးဆွေးနွေးပွဲတွေအတွက်လည်း ပါဝင်ပတ်သက်နေတဲ့အခါကျတော့ အဲဒါမျိုး အကြာကြီး ဆက်ညှိနှိုင်းမယ်ဆိုရင် ဒါတွေက Political Dialouge လိုင်းပေါ်မှာပဲ သွားညှိရင် ကောင်းမလားဆိုတဲ့ အဲဒီလို အခြေခံအချက်လေးတွေ ဆွေးနွေးကြမှာပါ။”

မနက်ဖြန်တနင်္လာနေ့ကျရင်တော့ ဒီကနေ့ သဘောတူခဲ့ကြတဲ့အချက်တွေကို ဆက်လက် အကောင်အထည်ဖော် ဆွေးနွေးသွားကြမယ်လို့ ဆိုပါတယ်။
XS
SM
MD
LG